အားကစားအောင်မြင်မှုများဂုဏ်ပြုခြင်း

အားကစားအောင်မြင်မှုများဂုဏ်ပြုခြင်း

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၃ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ကျင်းပရာသို့  တက်ရောက် အမှာစကား ပြောကြားကာ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

  နိုင်ငံတော်အကြီးအကဲက အဆိုပါ ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားတွင် “   နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာ ရောက်သည့်အပြင် နိုင်ငံတကာ အလယ်တွင်  အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး  နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများ ဖြစ်သည့်အတွက် အုပ်ချုပ်သူနည်းပြများ အပါအဝင် နိုင်ငံ့ဂုဏ်ဆောင်အားကစား မောင်မယ်များအား ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုရခြင်းပင်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်အား ဘက်စုံထောင့်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင် မြန်မာ့အားကစား အဆင့်အတန်းမြင့်မား တိုးတက်ရေးလည်း ပါဝင်သည်။  နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ပံ့ပိုးဖြည့်ဆည်းမှုများနှင့်အညီ ပြည်သူတစ်ရပ်လုံးကလည်း အားပေးလျက်ရှိသည်။

မြန်မာနိုင်ငံအိုလံပစ် ကော်မတီ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ၊ အားကစားဌာနမှ တာဝန်ရှိသူများ၏ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းမှုများကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်  အောင်မြင်မှုများ ရရှိခဲ့ကြောင်း တွေ့ရှိရသည်။

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့   အာဆီယံအဖွဲ့ဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမားအင်အား ၆၂၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၁၉ နည်း၊ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/နည်းပြ ၁၀၄ ဦး စုစုပေါင်း ၄၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။  ဆုရရှိမှုအနေဖြင့် ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု၊ ကြေးတံဆိပ်  ၆၈ ခု စုစုပေါင်း အောင်မြင်မှု ဆုတံဆိပ်ပေါင်း ၁၁၄ ခုရှိခဲ့သည့်အတွက် ပျမ်းမျှအားဖြင့် ပြိုင်ပွဲဝင် အားကစားသမားသုံးဦးလျှင် တစ်ဦးမှာ  နိုင်ငံတော်အတွက် ဆုတံဆိပ်တစ်ခု ရယူပေးနိုင်ခဲ့ကြောင်း  တွေ့ရှိရသည်။ ၁၉၈၁ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့်(ရွှေ၊ ငွေ၊ ကြေး)ဆုတံဆိပ်ပေါင်း ၁၀၉ ခုရရှိခဲ့သော်လည်း ရွှေတံဆိပ်မှာ ၁၆ ခုသာရရှိခဲ့သည့်အတွက် ယခုပြိုင်ပွဲတွင် အောင်မြင်မှုအမြင့်မားဆုံးဟု ညွှန်းဆိုခြင်းဖြစ်သည်။

ယခုနှစ်ပြိုင်ပွဲတွင်    မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်း နှစ်သင်းလုံးမှာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရသည်အထိ ကြိုးစားနိုင်ခဲ့ကြသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည် အုပ်စုအဆင့်တွင် ပြိုင်ဘက်ကောင်းအသင်းများနှင့် ယှဉ်ပြိုင်ခဲ့ရပြီး ဆီမီးဖိုင်နယ်တွင် အာဆီယံ၌အင်အားကြီး ထိုင်းနိုင်ငံအသင်းကို ဂုဏ်သိက္ခာရှိစွာ အနိုင်ရရှိခဲ့သည်။ ထိုပြိုင်ပွဲကို ကြည့်ရှုနေကြသော မြန်မာနိုင်ငံသား အားလုံးက မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ စိတ်ဓာတ်ကောင်းမွန်မှုကို ချီးကျူးမဆုံးဖြစ်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ၂ ဂိုး၊ ဂိုးမရှိရှုံးနေသည်ကို စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် အနိုင်ရရှိအောင် ကစားနိုင်ခြင်းကြောင့် မိဘပြည်သူများအား ကျေနပ်မှုပေးစွမ်း နိုင်ခဲ့သည်ဟ ဆိုရမည်ဖြစ်သည်။

ထို့ကြောင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အထူးဆုအဖြစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အမျိုးသမီး ဘောလုံးအသင်းအား  အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကိုလည်းကောင်း၊ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အမျိုးသားဘောလုံး အသင်းအား အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။ အားကစားပြိုင်ပွဲများ၌ အောင်မြင်မှုရခြင်းအတွက် ဝမ်းသာဂုဏ်ယူမိသကဲ့သို့ မြန်မာနိုင်ငံသား အားလုံးက လိုလားတောင့်တနေသည့် ဘောလုံးပြိုင်ပွဲ ရွှေတံဆိပ်ရရှိရေးကိုလည်း အမျိုးသားရေး အဖြစ် ဦးတည်ကြိုးပမ်းကြရန်ဖြစ်ပါသည်။

နိုင်ငံတော်အနေဖြင့် ဆုတံဆိပ် ရရှိခဲ့ကြသူများကို  ထိုက်တန်စွာဖြင့်   ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ တစ်ဦးချင်းပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း ၁၀၀၊ အသင်းလိုက်ပြိုင်ပွဲများ၌ ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသား တစ်ဦးလျှင် ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ရရှိခဲ့ကြသည့် အသင်းသား တစ်ဦးလျှင် ကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးလျှင် ကျပ် ၃၅ သိန်းနှင့်အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြများနှင့် အုပ်ချုပ်သူများအား မိမိတို့အားကစားနည်းမှ ရွှေတံဆိပ်ရရှိခဲ့ပါက တစ်ဦးလျှင်ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း ၃၀ စီပေးအပ်ချီးမြှင့်ခဲ့သည်။ စုစုပေါင်းချီးမြှင့်ငွေ အနေဖြင့် ငွေကျပ်စုစုပေါင်း ၃၃၃၃ သန်းနှင့် အမေရိကန် ဒေါ်လာ ၇ သောင်းဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။   ။