သာသနာ့အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့်ဆရာတော်

သာသနာ့အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့်ဆရာတော်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်)

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓသာသနာတော် အထွန်းကားဆုံးနိုင်ငံဖြစ်ပေရာ   ဗုဒ္ဓသာသနာတော် တည်တံ့ထွန်းကားပြန့်ပွားရေးမှာ ဗုဒ္ဓဘာသာဝင်တို့၏ အဓိကတာဝန်ဖြစ်သည်။ သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် ဘာသာသာသနာတော်ကို စောင့်ရှောက်ပေးမည့်  နိုင်ငံ့ ခေါင်းဆောင်ရှိနေခြင်း၊ သာသနာတော်သုံးရပ်ကို ကျင့်ကြံပွားများ အားထုတ်ကြမည့် သံဃာတော်များ လည်းရှိနေခြင်း၊ ထို့အတူသာသနာတော်ကိုထောက်ပံ့ပေးမည့် သာသနာ့ဒါယကာ၊ ဒါယိကာမများလည်း ရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော်တည်တံ့ခိုင်မြဲလျက်ရှိနေခြင်းဖြစ်သည်။

လောကတွင် ကောင်းကျိုးတရားကို လိုလားသူတို့၏ ပူဇော်မှုကိုခံယူထိုက်သော သူတို့ကား ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓါ၊ အရိယသာဝက၊ ဆရာ၊ ဥပဇ္ဈာယ်ဆရာ၊ အမိ၊ အဖ စသည်တို့ဖြစ်သည်။ ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဖော်ပြပါပုဂ္ဂိုလ်ခုနစ်ပါးတို့အား ထာဝရရိုသေမြတ်နိုး ဆည်းကပ်ရှိခိုးပူဇော်ကြ ရမည်ဖြစ်သည်။ မြတ်ဗုဒ္ဓသည်သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ပရမတ္တသဘာဝ၊ အဘိဓမ္မာသဘာဝ၊ နိယာမသဘာဝတို့ကို ထုတ်ဖော်၍ လူ၊နတ်၊ ဗြဟ္မာတို့အား သိမြင်စေသောအားဖြင့် လောက၏ မျက်လုံးကို ဖွင့်ပေးတော်မူသောကြောင့် အတုလံအတုမရှိ ကျေးဇူးတရားအလွန်ကြီးမားသဖြင့် ပူဇော်အထူးကို ခံယူတော်မူထိုက်ပါသည်။ ပစ္စေကဗုဒ္ဓါသည် ပါရမီဖြည့်ကျင့်မှု၊ ကျင့်ကြံအားထုတ်မှု တို့ဖြင့် ဆရာမရှိ မိမိအလိုလိုသစ္စာလေးပါးမြတ်တရားကို သိမြင်တော်မူ၍ ကိလေသာတို့မှ ကင်းစင် တော်မူသောကြောင့် ပူဇော်အထူးကို ခံယူတော်မူထိုက်ပါသည်။ အရိယသာဝကသည်လည်း သမ္မာ သမ္ဗုဒ္ဓထံတွင် နည်းနာခံ၍ သစ္စာလေးပါးတရားသိကာ ကိလေသာတို့မှဝေးကွာသောကြောင့် ပူဇော်မှုကို ခံယူထိုက်ပါသည်။

သက်ရှိထင်ရှားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဆိုပါမြတ်ဗုဒ္ဓမှအစခုနစ်ပါးတို့အား ရိုသေမြတ်နိုး ရှိခိုးပူဇော်ခြင်းဖြင့် ရရှိသည့်အကျိုးများကို မည်သည့်ပညာရှင်မျှ ပိုင်းခြား၍မပြနိုင်ပါ။ များသော အကျိုးရှိပါသည်။ ရှိခိုးခြင်းသည် ဂုဏ်တော်ကိုထုတ်ဖော်မြွက်ဆိုခြင်း၊  စိတ်ဖြင့်အောက်မေ့ ဆင်ခြင်ခြင်း တို့ပါဝင်သည်။ ဤသို့ဆိုလျှင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသမဟာထေရ်မြတ်ကြီးသည် သာသနာ့ အကျိုးကို    စွမ်းစွမ်းတမံ သယ်ပိုးထမ်းဆောင်ခဲ့၍လည်းကောင်း၊ လိုက်နာအပ်သော အဆုံးအမတို့ဖြင့် လောက၏ မျက်လုံးကို ဖွင့်ပေးသောကြောင့်လည်းကောင်း ပူဇော်မှုကိုခံယူထိုက်သော ပုဂ္ဂိုလ်မြတ် တစ်ပါးဖြစ်သည်။

ဆရာတော်ကြီးသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ စသည့်သံဃာ့အဖွဲ့အစည်း ဖွဲ့စည်းနိုင်ရန် မူလသံဃာ့ဝန်ဆောင် ၆၆ ပါးအဖွဲ့၌ပါဝင်၍   မန္တလေးတိုင်းဒေသကြီးအတွင်း  လှည့်လည်ဟောပြောပြီး သာသနာပြုတာဝန်များကို  ထမ်းဆောင်ခဲ့ခြင်း၊  ပထမအကြိမ်မှဆဋ္ဌအကြိမ် ၂၀၁၀ ပြည့်နှစ် မတ်လအထိ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် မတ်လမှ ဇူလိုင်လအထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လမှ ယနေ့အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့်  နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏ အဓိပတိအဖြစ်လည်းကောင်း သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ပါသည်။

ထိုသို့ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသန ဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတလဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ်၊ ပရဟိတာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူသောကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၀၉ ခုနှစ်တွင် “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်နှင့် ၂၀၁၁ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆရာတော်ကြီးသည် သာသနာတော် အကျိုးသယ်ပိုး ထမ်းရွက်တော်မူလျက်ရှိစဉ် သက်တော် ၉၄ နှစ်သိက္ခာတော် ၇၄ ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက်(ကြာသပတေးနေ့) ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

ဗန်းမော်ဆရာတော်ဘုရားကြီးသည် သက်တော်ရှည်ဆရာတော်ကြီးဖြစ်သည့်အပြင် ၂၀၁၀ ပြည့်နှစ်မှစ၍ ပျံလွန်တော်မူသည့်တိုင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် ၁၃ နှစ်နီးပါး တာဝန် ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် ယခုကဲ့သို့ နှစ်ရှည်လများ တာဝန် ထမ်းဆောင်ခြင်းသည် ပထမဦးဆုံးအကြိမ် ဖြစ်ပါသည်။ ထိုသို့ တာဝန်ထမ်းဆောင်ချိန်တွင်လည်း သာသနာ့ အကျိုးကို စွမ်းစွမ်းတမံဖြင့် ထမ်းဆောင်ခဲ့ပါသည်။ ထို့ကြောင့်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်နှင့် သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှော ပူဇော်သဘင်အခမ်းအနားကို နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ခမ်းခမ်းနားနား ကျင်းပပြုလုပ် ပူဇော်သွားနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ သာသနာ့ ဦးသျှောင် တာဝန်များကို ထမ်းဆောင်ခဲ့သည့် ဗန်းမော်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခဲ့ခြင်းသည်   သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် များစွာကြေကွဲဝမ်းနည်းမိ ပါကြောင်း။   ။