နိုင်ငံတော်အတွက် မရှိမဖြစ်သံနှင့်သံမဏိ

နိုင်ငံတော်အတွက် မရှိမဖြစ်သံနှင့်သံမဏိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၃၁ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး   လမ်းညွှန်စကားပြောကြားရာ၌ မိမိတို့နိုင်ငံတွင် သံနှင့်သံမဏိ လိုအပ်ချက်အနေဖြင့်  နှစ်စဉ်တန်ချိန် ၂ သန်းခန့်ရှိပြီး ပြည်ပငွေများစွာ သုံးစွဲနေရကြောင်း၊ ထို့ကြောင့် ယခင်အစိုးရလက်ထက်က ရပ်တန့်ခဲ့သည့် စက်ရုံအားပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်ရေးအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်

ဓာတ်အားလုံလောက်စွာရရှိရေး  ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့်နေရာများကို   မြေပြင်ကွင်းဆင်း သုတေသနပြု ဆောင်ရွက်သွားရန် လိုကြောင်း၊ အလားတူ နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကိုလည်း စဉ်းစားဆောင်ရွက်ထားရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆားခါးကျေးရွာအနီးတွင် တည်ရှိသည်။ ၂၀၀၄ ခုနှစ်တွင် စတင်စာချုပ်ချုပ်ဆိုအကောင်အထည်ဖော်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် Melt Shop-2 အလုပ်ရုံမှ သံမဏိပြားတန်ချိန် ၂၀၀၀ ကိုစတင်ထုတ်လုပ်နိုင်ခဲ့သည်။ သံမဏိစက်ရုံ(မြင်းခြံ)အနေဖြင့် တည်ဆောက်ဆဲ ကာလအတွင်း စက်ပစ္စည်းများ ၉၀ ရာခိုင်နှုန်းကျော်ရောက်ရှိနေပြီ ဖြစ်သည်။

နိုင်ငံတော်အတွက် သံနှင့်သံမဏိထုတ်လုပ်မှု အခြေအနေကောင်းတစ်ရပ် ပေါ်ပေါက်လာတော့မည့် အချိန်တွင် ၂၀၁၇ ခုနှစ် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့စီးပွားရေးရာ ကော်မတီ(၇/၂၀၁၇) ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက်များအရ စီမံကိန်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ရပ်တန့်ခဲ့ရသည်။ စက်မှုဝန်ကြီးဌာနကိုပင် သီးခြားဝန်ကြီးဌာန တစ်ခုအဖြစ်မှ ပယ်ဖျက်ခဲ့သည်။

၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်မှစ၍ စီမံကိန်းများ ရပ်ဆိုင်းခဲ့ရစဉ် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ်သန်းပေါင်း ၄၀၃၉၃၂ ဒသမ ၈၈၂ သန်းရှိပြီဖြစ်ပြီး စီမံကိန်းပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် ၆၆ ဒသမ ၅၂ ရာခိုင်နှုန်းရှိပြီ ဖြစ်သည်။ ထိုသို့စီမံကိန်းရပ်တန့်ခဲ့မှုကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရပြီး စီမံကိန်းချေးငွေများကိုလည်း နိုင်ငံတော်အနေဖြင့် ဆက်လက်ပေးဆပ်ခဲ့ရသည်။  နိုင်ငံတော်အတွက် သံနှင့်သံမဏိထုတ်လုပ်မှု လုပ်ငန်းသည် အရေးကြီးလိုအပ်ချက်ဖြစ်သည်။ သံနှင့်သံမဏိထုတ်လုပ်ရေး စီမံကိန်းများ အောင်မြင်ပြီးစီးပါက  ပြည်ပမှသံနှင့်သံမဏိ တင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်ပဈေးနှုန်းထက် သက်သာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

နိုင်ငံတော်အကြီးအကဲသည် သံမဏိစက်ရုံအတွင်း သံရည်ကျိုအလုပ်ရုံ၊ Melt Shop-1 သို့ ရောက်ရှိပြီး အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ) Melt Shop-1 ပြန်လည်စတင်ခြင်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် Melt Shop-1 သံရည်ကျိုခြင်းနှင့် လေးထောင့်သံမဏိတုံး Billet  ထုတ်လုပ်ခြင်းလုပ်ငန်းအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လျှပ်စစ် သံရည်ကျိုဌာနရှိ သံရည်ကျိုလုပ်ငန်းအား စက်ခလုတ်နှိပ်၍ စတင်လည်ပတ်စေသည်။ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်တွင်ထုတ်လုပ်ခဲ့သည့် သံမဏိလေးထောင့်တုံး Billet  ပေါ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး စက်ရုံဝန်ထမ်းများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူသည့်အချိန်တွင် ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက်အရ သံမဏိစက်ရုံ စီမံကိန်းများကို ပြန်လည်စိစစ်၍ လုပ်ငန်းများ ပြန်လည်စတင်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့သည်။ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် စက်ရုံ စီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက်တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန် ပြီးစီးစေရေး စနစ်တကျကြပ်မတ် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲလမ်းညွှန်မှာကြားချက်နှင့်အညီ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် သံရည်ကျိုအလုပ်ရုံ၊ Phase-1(Melt Shop-1)မှာ ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး Phase-1 အပြည့်အဝလုပ်ငန်းလည်ပတ်ချိန်တွင် Phase-2(Melt Shop-2) အား လုပ်ငန်းလည်ပတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ စီမံကိန်းတစ်ခုလုံး အပြည့်အဝ လည်ပတ်နိုင်ရေး အဆင့်အလိုက်ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။ မြန်မာ နိုင်ငံ သံနှင့်သံမဏိလုပ်ငန်းပြန်လည်နိုးကြားလာစေရေးနှင့် မြန်မာ့စက်မှုလုပ်ငန်း ယခုထက်ပိုမိုတိုးတက်လာစေရေး အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)မှ အဓိကအင်အားစုတစ်ခုအဖြစ် အားဖြည့်နေပြီ ဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံ၏ သံနှင့်သံမဏိလိုအပ်ချက်ကို အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တို့မှ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။