သစ်ပင်စိုက်ပျိုး ကောင်းကျိုးဖြာဝေ မြန်မာ့မြေ

သစ်ပင်စိုက်ပျိုး ကောင်းကျိုးဖြာဝေ မြန်မာ့မြေ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၉ ရက်)

ယနေ့ကမ္ဘာနှင့် အဝှမ်းရင်ဆိုင်တွေ့ကြုံနေရသော ပြဿနာများမှာ ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးခြင်း တို့ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ ဘေးရောဂါ အမျိုးမျိုးတို့ ရင်ဆိုင်ကြုံတွေ့လျက်ရှိနေသည်။ ထိုဘေးအန္တရာယ် အမျိုးမျိုးမဖြစ်ရေးအတွက် ဖြေရှင်းရန် အကောင်း ဆုံးနည်းမှာ သစ်ပင်များစိုက်ပျိုးခြင်းနှင့် သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း ဖြစ်သည်။ သဘာဝတောများ နှင့်သစ်တောစိုက်ခင်းများသည် လူသားတို့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ရေးအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများ တိုးပွားစေရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အရေးပါနေပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်  ဇွန် ၈ ရက် နံနက်ပိုင်း တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ၂၀၂၃ ခုနှစ် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး ရတနာတန်းဝင်ကျွန်းပင်ကို စိုက်ပျိုးပေးခဲ့ သည်။ ထို့အတူ တပ်မတော်တစ်ရပ်လုံး၊  တိုင်းစစ်ဌာနချုပ်နယ်မြေများတွင်လည်း သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားများ ကျင်းပပြီး သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။ သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေသည်။ သစ်တောသစ်ပင်များနှင့် သစ်တောဂေဟစနစ်သည်  လူသန်းပေါင်းများစွာ၏ လိုအပ်ချက်ဖြစ်သည့် အစားအစာ၊ သစ်၊ ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်အပင်အစရှိသည့် သစ်တောထွက်ပစ္စည်း အမျိုးမျိုးကို ထောက်ပံ့ပေးနေသကဲ့သို့ ရာသီဥတုပြောင်းလဲမှုကိုလည်း ထိန်းညှိ ပေးလျက်ရှိသည်။

မြန်မာနိုင်ငံသည်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အထူးအလေးအနက်ထားသောနိုင်ငံဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅ ၌ “နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမည်” ဟူ၍ပြဋ္ဌာန်းထားသည်။ ထို့အတူ နိုင်ငံသား၊ နိုင်ငံသားများ၏မူလအခွင့် အရေးနှင့်တာဝန်များ၊ ပုဒ်မ ၃၉၀ တွင် “နိုင်ငံသားတိုင်းသည် အောက်ဖော်ပြပါကိစ္စရပ်များတွင် နိုင်ငံတော် အားကူညီရန်တာဝန်ရှိသည်-(ခ)သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း” ဟူ၍ ပြဋ္ဌာန်းထားခြင်းတို့ကို လေ့လာကြည့်ခြင်းဖြင့် ထင်ရှားစွာသိနိုင်သည်။

ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရာတွင်  သစ်တောများ၏ အရေးပါသောအခန်းကဏ္ဍကို ပိုမိုအသိအမှတ်ပြု လာကြရပြီ ဖြစ်သည်။ သစ်တောများမှ အထောက်အပံ့ပြုနေသော ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများနှင့် တန်ဖိုးများကို ရေရှည်တည်တံ့စေရန် ကြိုးပမ်းဆောင်ရွက်လာကြပြီ ဖြစ်သည်။ သစ်တောများသည်  ကမ္ဘာ့ကုန်းနေ ဇီဝမျိုးစုံမျိုးကွဲ ၈၀ ရာခိုင်နှုန်း၏ ခိုလှုံရာဖြစ်ပြီး သစ်ပင်မျိုးစိတ်ပေါင်း ခြောက်သောင်း ကျော် ပါဝင်လျက်ရှိကြောင်း လေ့လာသိရှိရသည်။ သစ်တောများသည် ရာသီဥတုပြောင်းလဲမှု လျှော့ချ ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ၊ မြေဆီလွှာနှင့် မြစ်ချောင်းများကို ကာကွယ်ပေးခြင်းတို့ကြောင့် ကမ္ဘာမြေကြီး၏ ကျန်းမာရေး၊ ဂေဟစနစ် တည်ငြိမ်ရေးနှင့် လူသားများ၏ ကောင်းကျိုးအတွက် မရှိမဖြစ်လိုအပ် လျက်ရှိ သည်။

ဥတုရာသီတောကိုမှီ၏ ဆိုသည့်အတိုင်း ရာသီဥတုကောင်းမွန်ရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းကို နှစ်စဉ် မိုးရာသီတိုင်းတွင် စိုက်ပျိုးလျက်ရှိသည်။ သစ်ပင်များ စိုက်ပျိုးနေခြင်းသည် လက်ရှိလူသားများအတွက် သာမက အနာဂတ်မျိုးဆက်သစ်များအတွက် ဖြစ်သည်။

သစ်ပင်သစ်တောများနှင့် ပိုမိုစိမ်းလန်းစိုပြည်သည့် ကျန်းမာသော၊ ပျော်ရွှင်ဖွယ်ကောင်းသော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော၊ သန့်ရှင်းကောင်းမွန်သော မြို့ပြများကို ထာဝရကောင်းမွန်သော အမွေအဖြစ်ပေးနိုင်ရန် ကြိုးစားလုပ်ဆောင်နေခြင်းပင် ဖြစ်သည်။ ကမ္ဘာပေါ်တွင်ရှိသော လူဦးရေ ၁ ဒသမ ၆ ဘီလီယံခန့်သည် အစားအစာ၊ ခိုလှုံစရာ၊ စွမ်းအင်၊ ဆေးဝါးများနှင့် ဝင်ငွေအတွက် သစ်တောများ အပေါ်တိုက်ရိုက်မှီခိုလျက်ရှိသည်။ လူပေါင်း ၃၃ သန်းအတွက် အလုပ်အကိုင် ဖန်တီးပေးနေသည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာသူများက ပြောကြားထားသည်။

ထိုသို့တန်ဖိုးဖြတ်၍မရသော  စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဂေဟဗေဒဆိုင်ရာ အကျိုးကျေးဇူး များရှိနေသော်လည်း သစ်တောများကို ရှင်းလင်းပစ်ခြင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ အမြဲတမ်း စိုက်ပျိုးမြေအဖြစ် ပြောင်းလဲခြင်း၊ အလွန်အကျွံ သစ်ထုတ်လုပ်ခြင်းများကြောင့် ကမ္ဘာ့နိုင်ငံအများအပြား တွင် သစ်တောများ ပြုန်းတီးလျက်ရှိသည်။ ထို့ပြင် တောမီးအကြီးအကျယ် လောင်ကျွမ်းခြင်းကြောင့် လည်း သစ်တောများ ဆုံးရှုံးလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့်မူ သစ်တောများ ဆုံးရှုံးခြင်းကို ကာကွယ်လျက်ရှိပြီး သစ်တောများတိုးပွားရေးအတွက် သစ်ပင်များကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပါကြောင်း  ရေးသားလိုက်ရပေသည်။    ။