နိုင်ငံတော်ကို စဉ်ဆက်မပြတ် ကာကွယ်စောင့်ရှောက်ရေး

နိုင်ငံတော်ကို စဉ်ဆက်မပြတ် ကာကွယ်စောင့်ရှောက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကိုဦးဆောင်လျက်ရှိရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရန် လက်တွေ့ကျကျ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် လူငယ်တို့၏ အရည်အချင်းပေါ်တွင် မူတည်သည့်အတွက် လူငယ်များကို အထူးပြုစု ပျိုးထောင်ပေးလျက်ရှိပါသည်။ အတိတ်ကာလကဖြစ်ရပ်များကိုသင်ခန်းစာယူကာ လူငယ်များကို ပြုစုပေးနေခြင်းလည်းဖြစ်သည်။ မြန်မာ့သမိုင်းတွင် စွမ်းရည်ထက်မြက်မြင့်မားသော နိုင်ငံ့ခေါင်းဆောင်များ လက်ထက်၌ နိုင်ငံတော်သည် ဘက်ပေါင်းစုံတိုးတက်ခဲ့သလို စွမ်းရည်နိမ့်ပါးသူများ ခေါင်းဆောင် ဖြစ်သည့်အခါ နိုင်ငံတော်၏အရည်အချင်းများ ကျဆင်းခဲ့သည်။

ထင်သာမြင်သာသော ဥပမာများကိုဖော်ပြရလျှင် ဘုရင့်နောင်မင်းတရားကြီးက အလွန်ကြီးမား ကျယ်ပြန့်သော အင်ပါယာနိုင်ငံကို ထူထောင်နိုင်ခဲ့သည်။ ဘုရင့်နောင်၏ အမွေကိုဆက်ခံသော သားတော်နန္ဒဘုရင် လက်ထက်တွင် ထိုအင်ပါယာကိုထိန်းသိမ်းနိုင်မှု စွမ်းရည်နည်းပါးခဲ့သည့်အတွက် နောက်ဆုံးတွင် ဟံသာဝတီနန်းတော်ကြီးကိုပင် မီးရှို့ဖျက်ဆီးခြင်း ခံလိုက်ရသည်။  အလားတူ ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီးသည် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ခဲ့သော်လည်း ၎င်းင်း၏သားတော်သီပေါမင်းလက်ထက်တွင်  နိုင်ငံလည်းဆုံး၊ မင်းလည်းသုဉ်းခဲ့ရသည်။ ဤဥပမာများကို ကြည့်ခြင်းဖြင့် အနာဂတ်တွင် နိုင်ငံ့တာဝန် ယူကြရမည့် လူငယ်များမှာ အရည်အချင်း ပြည့်ဝနေသူများဖြစ်ရန် လိုအပ်ကြောင်း သမိုင်းကပြဆိုနေခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြမည့် လူငယ်လူရွယ်များကို အရည်အချင်းပြည့်ဝသူများ ဖြစ်လာအောင် စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ တပ်မတော်ကို စွမ်းရည်ရှိသောတပ်မတော်၊ စွမ်းအားရှိသော တပ်မတော်ဖြစ်စေရေးအတွက် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးလျက် ရှိသကဲ့သို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရည်အချင်း ပြည့်ဝစေရေးအတွက်လည်း သင်တန်းကျောင်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်လျက်ရှိသည်။

စစ်ဦးစီးတက္ကသိုလ်သည် လက်ရုံးရည်၊ နှလုံးရည်ဖြင့် ပြည့်ဝသည့် အရာရှိကြီးများကို မွေးထုတ်ပေးလျက်ရှိသည့် တက္ကသိုလ်ဖြစ်သည်။ သင်တန်းသား အရာရှိကြီးများအနေဖြင့် သင်တန်းအစကာလမှ သင်တန်းပြီးဆုံးသည်အထိ စဉ်ဆက်မပြတ်သော ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်ကြရန် ဖြစ်သည်။ လူသားတိုင်းသည် ငယ်စဉ်ကတည်းကပင် တစ်ဦးချင်းစီအလိုက် ရည်ရွယ်ချက်များနှင့် မျှော်မှန်းချက်များ ကိုယ်စီရှိကြသည်။ မိမိတို့၏ ရည်ရွယ်ချက်၊  မျှော်မှန်းချက်များ မပျောက်ပျက်စေရေး စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ကြမှသာ အရည်အချင်းပြည့်ဝသူတစ်ဦးဖြစ်လာပြီး နိုင်ငံအတွက် အားကိုးထိုက်သူများဖြစ်လာပေမည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၃၀ ရက်က ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား အဆိုပါသင်တန်းကျောင်းခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားရာတွင်  သင်တန်းသားအရာရှိကြီးများ အားလုံးသည် တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်နိုင်သည့် အရာရှိကြီးများ ဖြစ်ကြပြီး ကြီးလေးသည့်တာဝန်များကို ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှားအယွင်း အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊   တပ်ရင်းတစ်ရင်းကို စီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျလေ့လာ၍ ဆောင်ရွက်ပါက တန်ဖိုးမဖြတ်နိုင်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံကောင်းများကို   ရရှိနိုင်မည်ဖြစ်ပြီး အခြားနယ်ပယ်များတွင်လည်း အသုံးချနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သားအားလုံးသည်  မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ မိမိတို့တစ်ဦး တစ်ယောက်ချင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းကြသူများဖြစ်သည်။ တပ်မတော်အတွင်း၌ မှန်မှန်ကန်ကန်ဖြင့် ထိန်းထိန်းသိမ်းသိမ်းနေထိုင် ဆောင်ရွက်မည်ဆိုပါက မိမိတို့ဘဝအတွက်တိုးတက်မှုများကိုရရှိမည်ဖြစ်သည်။  ထိုကဲ့သို့ဆောင်ရွက်ခြင်းမှာ တပ်မတော်ကိုကောင်းအောင်နှင့် မိမိကိုယ်ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေခြင်းပင် ဖြစ်သည်။ တပ်မတော်သားအားလုံး အရည်အချင်း ပြည့်ဝနေမှသာ တပ်မတော်သည်လည်း အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် ထာဝစဉ် ရပ်တည်နိုင်မည်ဖြစ်သည်။  နိုင်ငံတော်တွင် အခက်အခဲနှင့်ကြုံလေတိုင်း တပ်မတော်က ဦးဆောင်နိုင်ခဲ့သည်မှာ တပ်မတော်သားများကို အရည်အချင်း ပြည့်ဝသူများဖြစ်အောင် အမြဲတမ်းသင်ကြား လေ့ကျင့်ပေးထားခြင်းကြောင့်ဖြစ်သည်။ မိမိတို့နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးမှာ စဉ်ဆက်မပြတ် ကာကွယ်စောင့်ရှောက်နေရမည်သာ ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်ကို စဉ်ဆက်မပြတ် အရည်အချင်းပြည့်စွာ ကာကွယ်စောင့်ရှောက်နိုင်သူများ ဖြစ်စေရေးအတွက် နိုင်ငံတော် အကြီးအကဲက စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသား တင်ပြလိုက်ရပေသည်။    ။