အောင်မြင်မှုသည် ဝမ်းသာစရာ

အောင်မြင်မှုသည် ဝမ်းသာစရာ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၁၁ ရက်)

၂၀၂၃  ခုနှစ်  တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ဇွန်လ  ၉  ရက်နေ့တွင်  ထုတ်ပြန် ကြေညာ ပေးထားသည်။ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် နံနက် ၆ နာရီမှစ၍ ကပ်ထားပေးသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ် ဌာနများ၏ အောင်စာရင်းများကို ဇွန် ၉ ရက် နံနက် ၆ နာရီတွင် မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသား အစီအစဉ်များမှ စတင်ထုတ်လွှင့် ကြေညာပေးလျက်ရှိသည်။ ထုတ်လွှင့်ပေးမည့် စာစစ်ဌာနများအလိုက် အသေးစိတ်စာရင်းများကိုလည်း ဇွန် ၈ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြပေးထားပြီး ဖြစ်သည်။

လူတိုင်းသည်ရည်မှန်းချက် ကိုယ်စီဖြင့်ဘဝကို ရှင်သန်နေခြင်းဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ ၏ ရည်မှန်းချက်သည် စာမေးပွဲအောင်မြင်ရေးဖြစ်သည်။ စာမေးပွဲအောင်မြင်သောနေ့သည်ကျောင်းသား၊ ကျောင်းသူတို့အတွက် အပျော်ရွှင်ဆုံးနေ့ဖြစ်ပေသည်။ အခြေခံပညာတွင် အဆင့်မြင့်ဆုံးဖြစ်သော တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခြင်းသည်ကား ပြောစရာမရှိလောက်အောင် ပျော်ရွှင်ကြပေလိမ့်မည်။ တက္ကသိုလ်ဝင် တန်းသည် ကျောင်းသား၊ ကျောင်းသူတို့အတွက် မီးပွိုင့်လမ်းဆုံတစ်ခုသို့ ရောက်သည်နှင့် တူလှသည်။ လမ်းဆုံ မှနေ၍ မိမိတို့ဝါသနာပါရာ တက္ကသိုလ်တစ်ခုခုသို့ ဆက်လက်တက်ရောက် ခွင့်ရပြီဖြစ်သည်။ ဝါသနာလည်းပါ၊ အရည်အချင်းဖြစ်သော အောင်မှတ်ကလည်း ပြည့်မီဆိုပါက အတိုင်းထက်အလွန် ပျော်ရွှင်ဖွယ်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲသည် တောင်တက်သမားတစ်ဦးအတွက် အခက်ခဲဆုံးသောတောင်တစ်တောင်ကို ကျော်ဖြတ်လိုက်ရသကဲ့သို့လည်း ဖြစ်သည်။ အမြင့်ဆုံးတောင်ဖြစ်သော ဘွဲ့တစ်ခုရရှိအောင် အဆင့်မြင့် ပညာများကို ဆက်လက်သင်ကြားရပေဦးမည်။ နိုင်ငံတစ်နိုင်ငံအတွက် ပညာတတ်များပေါကြွယ်ရန်မှာ အထူးလိုအပ်ချက်ဖြစ်သည်။ ပညာကိုဆုံးခန်းတိုင်အောင် သင်ယူကြပြီး အသိပညာ၊ အတတ်ပညာ  မြင့်မားသော အတွေးအခေါ်များနှင့်အတူ နိုင်ငံတော်အတွက် သားကောင်း၊ သမီးကောင်းဖြစ်အောင် ကြိုးစားရပေဦးမည်။ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူများ၊ ဂုဏ်ထူးဖြင့် အောင်မြင်သူများ အားလုံးကို ချီးကျူးပါသည်။ ဂုဏ်ယူဖွယ်လည်းဖြစ်ပါသည်။ မိဘများအနေဖြင့်လည်း မည်ရွေ့မည်မျှ ဝမ်းသာနေကြမည်ဆိုသည်မှာ တွက်ဆမရနိုင်အောင်ပင်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူအဖို့မူကား တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခြင်းအတွက် ဝမ်းသာကြည်နူး ပျော်ရွှင်ကြမည် အမှန်ပင်ဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူတိုင်းသည် ကျန်းမာရေးကိုလည်း ဂရုစိုက်ခဲ့ကြရသည်။ အချိန်ကိုလည်း အကျိုးရှိစွာ အသုံးပြုရသည်။ တစ်နေ့သင်ပေးလိုက်သော သင်ခန်းစာများကို တစ်နေ့ချင်း ကျေညက်အောင် လေ့လာမှတ်သား ကြရသည်။ အခြားသောအပျော်အပါး၊ လောင်းကစားဆိုသည်များကို ဝေးဝေးက ရှောင်ခဲ့ကြရသည်။ အထူးသဖြင့် လူငယ်တို့ကိုဖျက်ဆီးနေသော၊ လမ်းမှားသို့ ရောက်အောင် တွန်းပို့နေ သော အဖျက်သမားတို့၏ ရန်စွယ်ကိုလည်း ရှောင်ခဲ့ကြသည်။ ဆိုလိုသည်မှာ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူတစ်ဦးမှာ အခက်အခဲမျိုးစုံကို ရင်ဆိုင်ကျော်လွှားပြီးမှ ပန်းတိုင်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

စာမေးပွဲမအောင်မြင်ခဲ့သော  လူငယ်မောင်မယ်များအနေဖြင့်လည်း  စိတ်ဓာတ်မကျလိုက်ပါနှင့်။ စိတ်ဓာတ်ကျဆင်းခြင်းသည် ဘဝကိုအရှုံးပေးရာ ရောက်ပါသည်။ စာမေးပွဲမအောင်၍ စိတ်လေကာ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတို့ကိုမသုံးလိုက်ပါနှင့်။ ဤအရာများသည်ကား သင်တို့၏ တိုးတက် လမ်းကိုဖျက်ဆီး မည့်အရာများသာဖြစ်သည်။ မည်သည့်အရာမဆို ကြိုးစားလျှင်အောင်မြင်ရမည်မှာ ပုံသေနည်းတစ်ခုဖြစ်ပါသည်။ တချို့သောကျောင်းသား၊ ကျောင်းသူများ၏ စိတ်တွင် လွဲမှားသော စိတ်ကလေး ဝင်နေတတ်သည်။ ထိုအရာမှာမိမိကိုယ်မိမိ ငါဉာဏ်မကောင်းဘူးလို့ ထင်မြင်နေတတ် သောအားငယ်စိတ်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတိုင်းတွင် ဉာဏ်ရည်ကွာခြားမှု သိသိသာသာ မရှိပါ။ ကြိုးစားမှုကွာခြားခြင်းနှင့် ဖြစ်လိုသည့် စိတ်ထက်သန်မှု ကွာခြားခြင်းသာဖြစ်သည်။ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် အချိန်မှန်မှန် ကြိုးစားမည်ဆိုပါက မည်သည့် စာမေးပွဲမဆို အောင်မြင်ပါလိမ့်မည်။ အချိန်မှန်မှန် ဟုဆိုရာတွင် ကိုယ်လက်လှုပ်ရှားအားကစားကိုလည်း အချိန်တစ်ခုပေးသင့်သည်။ ကိုယ်လက် လှုပ်ရှားအားကစားလုပ်ခြင်းသည် စိတ်ကိုလန်းဆန်းစေပါသည်။

တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူတိုင်းသည် အခြေခံပညာအဆင့်မှ အဆင့်မြင့်ပညာအဆင့်သို့ ကူးပြောင်းကြရတော့မည်။ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခြင်းမှာ ကျောင်းသား၊ ကျောင်းသူတို့ အတွက် တိုက်ပွဲတစ်ခုကို အောင်နိုင်လိုက်ခြင်း ဖြစ်သည်။ ဘဝဆိုသည်မှာ တိုက်ပွဲဟုဆိုထားသည့် အတိုင်းတိုက်ပွဲပေါင်း မြောက်မြားစွာကို ဆက်လက်တိုက်နေရဦးမည် ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတို့၏ ရည်မှန်းချက်ပန်းတိုင်သည် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရပြီး မိမိတို့ဝါသနာပါရာ လုပ်ငန်း ခွင်သို့ ဆက်လက်ဝင်ရောက်ရေး ဖြစ်သည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သွားသည်နှင့် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနေသော တက္ကသိုလ်ပေါင်းများစွာ ရှိသည်။ ကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက်သူများအား စစ်တက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်များကကြိုဆိုနေမည်ဖြစ်သည်။ ထို့အတူ အခြားသော တက္ကသိုလ်ပေါင်းများစွာသို့လည်း တက်ရောက် ပညာသင်ကြားနိုင်သည်။ အနှစ်ချုပ်ဆိုရသော် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများအား စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားပါရန်နှင့် အောင်မြင်သူအားလုံးအတွက် မြဝတီသတင်းစာက ဝမ်းသာဂုဏ်ယူပါကြောင်း ရေးသားလိုက်ရပေသည်။    ။