အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်

အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၁၂ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံသူနိုင်ငံသားများ အစစအရာရာ အဆင်ပြေချောမွေ့ စေရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိရာတွင် ယခုအခါ အွန်လိုင်းသိန်းဆုထီစနစ်ကို အကောင် အထည် ဖော်ပေးလျက်ရှိသည်။ အွန်လိုင်းသိန်းဆုထီစနစ် အကောင်အထည်ဖော်ရခြင်းမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက လက်ရှိကျင့်သုံး ဆောင်ရွက်နေသည့် အောင်ဘာလေသိန်းဆု ထီလက်မှတ်များကို ပုံနှိပ်ပြီးရောင်းချသည့် စနစ်အပြင် ပြောင်းလဲတိုးတက် လာသည့်ခေတ်စနစ်နှင့် လိုက်လျောညီထွေမှုရှိစေပြီး ထီကံစမ်းလိုသူ မိဘပြည်သူများအနေဖြင့်   သတ်မှတ်ဈေးနှုန်းများအတိုင်း အွန်လိုင်းမှလွယ်ကူစွာ ထီကံစမ်းနိုင်ရန်အတွက် ဖြစ်သည်။

အောင်ဘာလေဆိုသော စကားရပ်သည် အလွန်မင်္ဂလာရှိလှသည်။ ရှေးရှေးမြန်မာများသည် ဆောင်ရွက် ရန် အလွန်ခက်ခဲသည့်  ကုသိုလ်ကောင်းမှုကိစ္စရပ်တစ်ခုခုကို  အောင်မြင်စွာ ဆောင်ရွက်နိုင် သည့်အခါ “အောင်ဘာလေ” ဟုကျူးရင့်သည့် အလေ့အထစွဲမြဲလာခဲ့သည်။ အလားတူရပ်ထဲရွာထဲတွင် မဟာဒုက်မဲ၊ စာရေးတံမဲ၊ ကံစမ်းမဲပေါက်ကြသူများ၏ နာမည်နှင့်တွဲပြီး “အောင်ဘာလေ” ဟုကြေညာလေ့ရှိသည်။ ခက်ခဲသည့် အလုပ်တစ်ခုခု ပြီးဆုံးသည်ဖြစ်စေ၊ ကုသိုလ်ကောင်းမှု တစ်ခုခုအောင်မြင်သည်ဖြစ်စေ အောင်အတိတ် အောင်နိမိတ်ဆောင်သည့် တေးသီချင်းတစ်ပုဒ်ကို ပျော်ရွှင်ဝမ်းမြောက်စွာ ကျူးရင့် ဟစ်ကြွေးလေ့ရှိသည်။ အဆိုပါသီချင်းမှာ “အောင်ဘာလေ သပြေပန်းနှင့် ရေချမ်းလောင်း” ဟူ၍ ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်ကို စတင်ထမ်းဆောင်စဉ် ကတည်း က ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို နိုင်ငံတော်နှင့်ပြည်သူလူထု၏ အကျိုးကိုရှေးရှုပြီး ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ “ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အောင်မြင်စေရေး စနစ်တကျ စီမံဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်သူတို့ကျန်းမာပျော်ရွှင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ပြည်သူလူထု ဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာတွင် အောင်ဘာလေအွန်လိုင်းထီစနစ်  အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှာလည်း ပြည်သူများ အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းပင် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇွန် ၈ ရက်နံနက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌  ကျင်းပသည့် အောင်ဘာလေ အွန်လိုင်းသိန်းဆု ထီစနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားရာတွင် “နိုင်ငံတကာတွင်ခေတ်မီဆန်းသစ်သည့် Digital နည်းပညာများဖြင့် လုပ်ကိုင်လာ သည့်အချိန်တွင် မိမိတို့နိုင်ငံ၌လည်း အွန်လိုင်းထီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့်  ထီကံစမ်းသူများ  အလွယ်တကူ စိတ်ကြိုက်နံပါတ်များ  ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး  မြို့ပြနှင့် ကျေးလက်နေ ပြည်သူများအားလုံး အဆင်ပြေလွယ်ကူစွာ ထီကံစမ်းနိုင်ကြတော့မည်ဖြစ်ပါကြောင်း”  ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်စေရေး၊ တရားမဝင်လောင်းကစား လုပ်ငန်းများကို လျှော့ချတားဆီး ကာကွယ်ပေးနိုင်ရေးအတွက် အောင်ဘာလေသိန်းဆုထီကို စနစ်တကျဖြင့် စဉ်ဆက်မပြတ် ပုံမှန်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိနိုင်ငံတော် အစိုးရ လက်ထက်တွင် ထီဆုငွေကိုလည်း ပြည်သူပြည်သားများ၏ အကျိုးကိုရှေးရှုပြီး ယခင်ကထီလက်မှတ် ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်း ခွဲဝေထုတ်ပေးနေရာမှ ၇၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပြီး ဆုမဲခွဲဝေချီးမြှင့် လျက်ရှိသည်။

ပြည်သူများအနေဖြင့် အောင်ဘာလေအွန်လိုင်းသိန်းဆု ထီအက်ပလီကေးရှင်းကို အသုံးပြုပြီး ထီလက်မှတ် ဝယ်ယူခြင်း၊  ထီဖိုးငွေပေးချေခြင်းမှစပြီး ဆုငွေရယူခြင်းအဆင့်အထိ ရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထီဖွင့်ပွဲကျင်းပချိန်တွင်လည်း  ထီတိုက်ရန်မလိုဘဲ  ကံထူးသူများ၏ မိုဘိုင်း တယ်လီဖုန်းများကို  SMS  ပေးပို့ အကြောင်းကြားလာမည် ဖြစ်သည်။  ထီဆုငွေထုတ်ယူရာတွင် လည်း မှန်ကန်လွယ်ကူစေရေးအတွက်  ပမာဏနည်းသည့် ဆုကြေးငွေများကို  အွန်လိုင်းမှ လွှဲပြောင်း ပေးခြင်း၊ ထီကံထူးသူများ၏ ဘဏ်ငွေစာရင်းအကောင့်သို့ ပေးပို့ခြင်းများကို အီလက်ထရွန်နစ် နည်းလမ်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ အောင်ဘာလေအွန်လိုင်းသိန်းဆု ထီအက်ပလီကေးရှင်းကို စတင်နိုင်ခြင်းဖြင့်  ဒစ်ဂျစ်တယ် နည်းပညာနှင့် မိုဘိုင်းငွေပေးချေမှုစနစ်များ အသုံးပြုပြီး လွယ်ကူစွာထီကံစမ်းနိုင်မည် ဖြစ်သည်။ ထို့ပြင် အနာဂတ်တွင် နိုင်ငံတော်အခွန်ဘဏ္ဍာရရှိမှုတိုးတက်စေရေး၊ နိုင်ငံတော်၏ ဒစ်ဂျစ်တယ် စီးပွားရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချစေရေး (Cashless Society) အစရှိသည့် ကောင်းကျိုးများစွာတို့အတွက် အထောက်အပံ့ဖြစ်စေနိုင်မည် ဖြစ်သည်။     အနှစ်ချုပ် ဆိုရသော် နိုင်ငံတော်အတွက် အသစ်စတင်မိတ်ဆက်နိုင်ခဲ့သည့် ပြည်သူ့အကျိုးပြု လုပ်ငန်း တစ်ရပ်ဖြစ်သည့် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်ကို တစ်ဆင့်ပြီး တစ်ဆင့်တိုးတက် အောင်မြင်အောင် အားလုံးကဝိုင်းဝန်း ကြိုးပမ်းပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။