လိမ်လည်လှည့်ဖြားမှုမခံရရေး

လိမ်လည်လှည့်ဖြားမှုမခံရရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၁၃ ရက်)

ဖိလစ်ပိုင်နိုင်ငံ၌ အင်တာနက်မှ ငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများကို ကယ်တင်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူခြင်းသတင်းကို မေ ၃၁ ရက်နေ့ည ရုပ်မြင်သံကြား သတင်းနှင့် ဇွန် ၁ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ ဖိလစ်ပိုင်နိုင်ငံ ပမ်ပန်ဂါပြည်နယ် မာဘလာကတ်မြို့ရှိ Clark Sun Valley Hub ၌ ပြုလုပ်ခဲ့သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ဖိလစ်ပိုင်ရဲတပ်ဖွဲ့မှ စစ်ဆင်ရေးပြုလုပ် ကယ်ထုတ်ခဲ့ရာ နိုင်ငံပေါင်းစုံမှ နိုင်ငံသား ၁၀၉၀ ဦးခန့်တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံသားလူငယ်များ ၃၉ ဦးပါဝင်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သံတမန်စာဖြင့် မြန်မာသံရုံးသို့ ၂၀၂၃ ခုနှစ် မေလ ၅ ရက်နေ့တွင် အကြောင်းကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံရှိ မြန်မာသံရုံးယာယီတာဝန်ခံနှင့် ကောင်စစ်အရာရှိတို့မှ အထက်ပါ မြန်မာနိုင်ငံသားများ ပါဝင်နေသည့် ကိစ္စနှင့်စပ်လျဉ်း၍ သွားရောက်တွေ့ဆုံခဲ့ရာ အင်တာနက်ငွေကြေးလိမ်လည်မှု (Online Scam) တွင် လူကုန်ကူးခံရ၍ ကယ်တင်ခံထားရသည့် မြန်မာနိုင်ငံသား ၃၉ ဦးနှင့် တွေ့ဆုံ စိစစ် မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၃၉ ဦးအနက် ပထမအသုတ်အဖြစ် ၂၀ ဦးသည် မြန်မာနိုင်ငံသံရုံး၏ စီစဉ်ပေးမှုဖြင့် ၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူ များက ကြိုဆို၍ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် လူကုန်ကူးမှုပပျောက်စေရေးအတွက် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅) နှစ်စီမံကိန်းကာလမှာ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိဖြစ်သည်။ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ(၅)နှစ် စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အနေဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ထိရောက်စွာ အကောင်အထည်ဖော် လျက်ရှိသည်။ လူကုန်ကူးမှု ခံရသူများတွင် သတင်းအမှားများဖြင့် လိမ်လည်လှည့်ဖြားခံရခြင်းမှာ တူညီသော အဓိကအချက်ဖြစ်သည်။

လိမ်လည်လှည့်ဖြားလိုသူ လူကုန်ကူးသမားများသည် ပြောင်းလဲတိုးတက်နေသော အင်တာနက် နည်းပညာများကို အသုံးပြု၍ လူသစ်စုဆောင်းမှုများ ပြုလုပ်လာကြသည်။ အလုပ်အကိုင်အခွင့်အလမ်း များ၊ မက်မောဖွယ်ငွေကြေးများဖြင့် ဆွဲဆောင်စည်းရုံးကာ လူကုန်ကူးမှုကို ကျူးလွန်နေကြသည်။ နိုင်ငံခြားသားများအနေဖြင့် ကွန်ပျူတာ၊ နည်းပညာနှင့် ဆက်စပ်သည့် အလုပ်လုပ်ကိုင်ရန် အွန်လိုင်းမှ တစ်ဆင့် လစာကောင်းသည့် အလုပ်ရမည်ဟု ပြောဆိုစည်းရုံး၍ လိမ်လည်ခေါ်ဆောင်မှုများကို ပြည်သူများအနေဖြင့် လုံး၀ ယုံကြည်မှုမရှိရန် အကြိမ်ကြိမ် သတင်းထုတ်ပြန် အသိပေးလျက်ရှိသည်။ သို့သော် အလိမ်ခံရသူ၊ လူကုန်ကူးခံရသူများက ရှိနေဆဲဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိသွားခဲ့သော မြန်မာနိုင်ငံသားများမှာ facebook တွင်ကြော်ငြာထားသည့် Leap Group Co.,Ltd.  နှင့် Colorful Group Co.,Ltd. တို့၏ Website မှတစ်လပီဆို ၃၀၀၀၀ မှ၇၀၀၀၀ အထိလည်းကောင်း၊ တရုတ်ယွမ်ငွေ ၄၀၀၀ မှ ၈၀၀၀ အထိလည်းကောင်း အရည်အချင်းပေါ်မူတည်၍ ရရှိမည်ဟု အလုပ်ခေါ်ယူသည့် ကြော်ငြာစာများ တွေ့ရှိသဖြင့် Online မှလျှောက်ထားခဲ့ကြသည်။ Online Interview ဖြင့် အင်္ဂလိပ်စာနှင့် ကွန်ပျူတာ ကျွမ်းကျင်မှုကို စစ်ဆေးခံရပြီး အောင်မြင်သဖြင့် အလုပ်ခေါ်စာ နှင့်လေယာဉ်လက်မှတ်ကို Online မှပေးပို့သဖြင့် ရရှိခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့ရာ လေဆိပ်တွင် အမည်မသိသူ များမှ လာရောက်ကြိုဆိုပြီး ခေါ်ဆောင်သွားခဲ့သည်။ ကုမ္ပဏီတွင် ၂/၃ ရက်ခန့် စမတ်ဖုန်းနှင့် ကွန်ပျူတာတို့မှ Online အသုံးပြုလိမ်လည်နည်းများကို သင်ကြားပေးသည်။ အလုပ်ချိန်မှာ နေ့စဉ်နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ၁၂ နာရီ လုပ်ကိုင် ကြရသည်။ Online မှ လိမ်လည်စည်းရုံးခေါ် ယူသူမရရှိလျှင် အချိန်ပို ၂ နာရီမှ ၃ နာရီအထိ နေ့စဉ်ထပ်မံ အလုပ်ဆင်းရသည်။

လုပ်ခလစာမှာလည်း ပထမလတွင်သာ သတ်မှတ်ထားသည့်အတိုင်း ရရှိသော်လည်း နောက်လများတွင် အကြောင်းအမျိုးမျိုးပြကာ ငွေကြေးဖြတ်တောက်သည်။ အချို့မှာ လစာလုံးဝမရသူများ ရှိသည်။ နားရက်မှာလည်း တစ်ပတ်တွင် တစ်ရက်သာအနားရရှိသည်။ လိမ်လည်သူများမှာ ကုမ္ပဏီကြီးများ ဟန်ဆောင်၍ ကြော်ငြာများဖြင့် လစာကောင်းကောင်းပေးမည်ဟု ခေါ်ယူသော်လည်း လုပ်ငန်းခွင်သို့ ရောက်ရှိသည့်အခါ တစ်ရက်လျှင် ၁၄ နာရီစေခိုင်းပြီး အကျပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်သည်။

မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များနှင့် မိဘပြည်သူများအနေဖြင့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီအားသိရှိခြင်းမရှိဘဲ ဆက်သွယ်လာမှုများကို ယုံကြည်မှုမရှိကြပါရန်နှင့် အမျိုးသမီးငယ်များအနေဖြင့် အလုပ်လျှောက်ထား ရာတွင် အလုပ်ခေါ်ယူသည့် ကုမ္ပဏီများနှင့် ပတ်သက်၍ မှန်ကန်မှု၊ ခိုင်မာမှုရှိ၊ မရှိကို နားလည် တတ်ကျွမ်းသူများ၊ အတွေ့အကြုံရှိသူများထံ မေးမြန်းစိစစ်ပြီး သေချာမှ သွားရောက်လုပ်ကိုင် သင့်ပါသည်။ ကုမ္ပဏီအတုအယောင်များဖြင့် Online လိမ်လည်သည့် လုပ်ငန်းများစွာရှိနေသဖြင့် အဆိုပါလိမ်လည်မှုများတွင် ဖမ်းဆီးခံရပါက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ ဖမ်းဆီးချုပ်နှောင်ခြင်း၊ တရားရုံးပြစ်ဒဏ် ချမှတ်ခြင်းများ ခံရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ဥပဒေနှင့်မညီသော လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်ခြင်းမရှိစေရေး အထူးသတိပြုဆောင်ရွက်ကြပါရန် အသိပေး၊ သတိပေး ရေးသားလိုက်ရပေသည်။   ။