ပူးပေါင်းပါဝင် အောင်အောင်မြင်မြင်

ပူးပေါင်းပါဝင် အောင်အောင်မြင်မြင်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၁၅ ရက်)

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးသည်လည်း အဓိကနေရာမှ ပါဝင်လျက် ရှိသည်။ ပြည်တွင်းစီးပွားရေးကို မြှင့်တင်ရန်၊  သွင်းကုန်အစားထိုးနိုင်ရန်၊   ပို့ကုန်တိုးမြှင့်နိုင်ရန်အတွက် တိုင်းဒေသ ကြီးနှင့်ပြည်နယ်များတွင် အသေးစား၊ အငယ်စား၊ အလတ်စား(MSME) စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ထိုစီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက်   နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှလည်း မတည်ထုတ်ပေးငွေများ ပေးအပ်ထားပြီးဖြစ်သည်။ အဆိုပါ  MSME လုပ်ငန်းများမှာ အများစုလုပ်ကိုင်နေသော လုပ်ငန်းများဖြစ်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာနေပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် MSME လုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်ပြီး အားပေးခြင်း၊ အကြံပေးခြင်း၊    ညှိနှိုင်း ဆွေးနွေးခြင်းတို့အပြင် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။  MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်များတွင် လမ်းညွှန်ခဲ့သည့် ညွှန်ကြား ချက်များမှာ ၁၉၀ ကျော်ရှိခဲ့ပြီး  လုပ်ငန်းရှင်များနှင့် ဒေသခံများ၏ တင်ပြချက်များမှာအချက်ပေါင်း ၂၃၀ ကျော်ရှိကြောင်း သိရှိရသည်။ လုပ်ငန်းရှင်များ၏  တင်ပြချက်များမှာနည်းပညာ၊ ငွေကြေးဈေးကွက်နှင့် မြေနေရာ၊ ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် အခြားကဏ္ဍများ ပါဝင်သည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့် MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ လမ်းညွှန်သည့် အဓိကအချက်များ မှာ  ပြည်တွင်းထုတ်ကုန်အားပေးရန်၊  သွင်းကုန်အစားထိုးရန်နှင့်   ပို့ကုန်တိုးမြှင့်ရရှိစေရန်တို့ ဖြစ်သည်။ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရာတွင် ကုန်ထုတ် လုပ်မှုကဏ္ဍကို အဓိက ဆောင်ရွက်သွားရမည်ဖြစ်ပြီး ထုတ်ကုန်နယ်ပယ်များအနေဖြင့် စားသုံးဆီ ထုတ်လုပ်မှု၊ ဆန်နှင့်ဆန်ကွဲကို အခြေခံသည့် ထုတ်လုပ်မှု၊ ပီလောပီနံကို အခြေခံသည့်ထုတ်လုပ်မှု၊ ရော်ဘာကိုအခြေခံ သည့်ထုတ်လုပ်မှု၊ ဝါကိုအခြေခံသည့် ထုတ်လုပ်မှု၊ ကော်ဖီနှင့်လက်ဖက်ကို အခြေခံသည့် ထုတ်လုပ်မှု၊ သစ်၊ ကြိမ်၊ ဝါးကိုအခြေခံသည့်ထုတ်လုပ်မှု၊ မွေးမြူရေး၊ အသားငါးကို အခြေခံသည့် ထုတ်လုပ်မှု၊ တိရစ္ဆာန် အစားအစာနှင့် ဆေးဝါးထုတ်လုပ်မှုစသည်တို့ကို မိမိတို့ဒေသ အလိုက်ရရှိနိုင်သော ကုန်ကြမ်းများ အသုံးပြုထုတ်လုပ်ကြရန် ဖြစ်သည်။

ဖော်ပြပါလုပ်ငန်းများအတွက် ကုန်ကြမ်းများသည်  ပြည်တွင်း၌ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ကုန် များ၊ သစ်တောသယံဇာတများဖြစ်ပြီး   သေချာသော ကုန်ကြမ်းများ ဖြစ်သည်။ ကုန်ကြမ်းတစ်မယ်ကို အခြေခံ၍ စားသောက်ကုန်၊  လူသုံးကုန်စသည့် ကုန်ချောအမယ်ပေါင်းများစွာကို တီထွင်နိုင်စွမ်း ရှိသလောက် ထုတ်လုပ်နိုင်သည်။ အရည်အသွေးမြင့်မားစွာထုတ်လုပ်ပြီး အဆင့်မြင့်ထုပ်ပိုး၍ ပြည်ပ ဈေးကွက်များသို့ တင်ပို့နိုင်သည်။ ဒေသတစ်ခုထွက်ကုန် တစ်မျိုးထုတ်လုပ်နိုင်အောင်လည်း ဆောင်ရွက် သွားကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇွန် ၈ ရက်က ကျင်းပခဲ့သည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီအစည်းအဝေး (၁/၂၀၂၃)တွင် အမှာစကားပြောကြားရာ၌ “လုပ်ငန်း ကော်မတီအနေဖြင့် MSME လုပ်ငန်းရှင်များ၏ ထွက်ကုန်များကို ပြည်ပဈေးကွက်ရရှိရေး ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ရည်မှန်းထားသည့် နိုင်ငံ့စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကပံ့ပိုးပေးသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တက်ရောက်လာကြသူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားကို မြှင့်တင်ရန်အတွက် MSME လုပ်ငန်းများကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး   နိုင်ငံအတွက် ထုတ်ကုန်များစွာ ထုတ်လုပ်ခြင်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီသည် လုပ်ငန်းရှင်များ၏တင်ပြချက်၊ လိုအပ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ထုတ်ကုန်နယ်ပယ်များ သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း တိုင်းဒေသကြီး/ပြည်နယ် အေဂျင်စီများနှင့် ချိတ်ဆက် အကောင်အထည်ဖော်လျက်ရှိသည်။ ငွေကြေးနှင့်နည်းပညာများ ပံ့ပိုးနိုင်ရေး၊ ငွေကြေးစီးဆင်းမှု လွယ်ကူစေရေး၊ အသိပညာရရှိရေး၊ ကျွမ်းကျင်လုပ်သားနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟုလည်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်ငန်း ကဏ္ဍအတွက် အရင်းအမြစ်များစွာရှိသော်လည်း  ကုန်ထုတ်လုပ်မှု အပေါ်  အားပေးမှုနည်းပါးခဲ့သည်။ နိုင်ငံ၏အဓိကစီးပွားရေးဖြစ်သော  စိုက်ပျိုးမွေးမြူရေး ကဏ္ဍမှထွက်ရှိ လာသော ထွက်ကုန်များမှာ  ကုန်ကြမ်းများအဖြစ်ဖြင့်သာ   ပြည်ပသို့တင်ပို့ခဲ့ကြသည်။  ပြည်တွင်းမှ ကုန်ကြမ်းကို ပြည်တွင်းမှာပင် ကုန်ချောထုတ်လုပ်ခြင်းဆောင်ရွက်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ပြီး တစ်ဦးချင်း ဝင်ငွေတိုးတက်ခြင်း၊ ပြည်တွင်းစားသုံးမှုတိုးတက်ခြင်း စသည့်ရလဒ်များ ရရှိလာနိုင်မည်ဖြစ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အထူးတလည် အားပေးမြှင့်တင်မှုများ ပြုလုပ်လျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ခြင်းဖြင့် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်မှုကိုရယူနိုင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။