နေအိမ်တိုက်ခန်းငှားရမ်းခြင်းနှင့်ပတ်သက်၍

နေအိမ်တိုက်ခန်းငှားရမ်းခြင်းနှင့်ပတ်သက်၍

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၁၆ ရက်)

အကြမ်းဖက်သမားများကို  ငှားရမ်းနေထိုင်ခွင့်ပြုပေးသူ  နေအိမ်တိုက်ခန်းပိုင်ရှင်များနှင့်စပ်လျဉ်း၍ သိရှိလိုက်နာရန် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေးထုတ်ပြန်ချက်တစ်ရပ်ကို ၂၀၂၃ ခုနှစ် ဇွန် ၁၃ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ ထိုအသိပေးထုတ်ပြန်ချက်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်ကာ ထုတ်ပြန်ပေးခဲ့သော်လည်း အချို့မှာ ကျယ်ကျယ် ပြန့်ပြန့်သိရှိမှု နည်းပါးသည့်အတွက် ယခုတစ်ဖန်အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။ ရုပ်မြင်သံကြားများ တွင်လည်း နေ့စဉ် ဖတ်ကြားအသိပေးလျက်ရှိပါသည်။ ထိုသတင်းများကို မိဘပြည်သူများ သိရှိထားသင့် ပါသည်။ ရိုးသားစွာ နေထိုင်ရှင်သန်ကာ မိမိဘဝကို ဥပဒေဘောင်အတွင်းက ရပ်တည်လိုသူများအနေဖြင့် ပိုမို၍ သိရှိထားသင့်ပါသည်။ သို့မှသာ အကြမ်းဖက်အဖျက်သမားတို့၏ လိမ်လည်လှည့်ဖြားခံရမှုမှ ကင်းဝေးမည်ဖြစ်သည်။

အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူတို့သည် ပြည်သူလူထုအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် ကြိုတင်ကြံစည်၍ နေအိမ်တိုက်ခန်းများကို ကာလတို ငှားရမ်းနေထိုင်လေ့ရှိ သည်။ ထိုနေအိမ်တိုက်ခန်းများတွင်နေထိုင်ကာ အဖျက်အမှောင့်လုပ်ငန်းများဖြစ်သည့် လူသတ်ခြင်း၊ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း၊ ဘဏ်များ၊ ရွှေဆိုင်များကို ဓားပြတိုက်ခြင်းစသည်ဖြင့် အကြမ်းဖက် လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လျက်ရှိသည်။ ပြည်သူအများစုက ငွေကြေးရလိုမှုသက်သက်ဖြင့် မိမိတို့၏ နေအိမ်တိုက်ခန်းများကို ငှားရမ်းလိုက်ခြင်းဖြစ်သော်လည်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး လူသတ် သမားတို့ကမူ ပြဿနာ တစ်ခုခုနှင့်ကြုံလာလျှင် ၎င်းတို့၏ ကိုယ်ပိုင်အိမ် မဟုတ်သည့်အတွက် ပူပန် သောကဖြစ်စရာမရှိပေ။

အမှန်တကယ်နစ်နာသည်မှာ ရိုးသားစွာငှားရမ်းနေထိုင်ခွင့်ပြုလိုက်သော အိမ်ရှင်များသာ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက အကြိမ်ကြိမ်အခါခါ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပေး နေခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ရိုးသားသော မိဘပြည်သူများ၏ စည်းစိမ်ဥစ္စာနေအိမ်တိုက်ခန်းများ ဆုံးရှုံးသွားမည်ကို မလိုလားသောကြောင့် အသိပေးနေခြင်းဖြစ်သည်။ နေအိမ်တိုက်ခန်း ငှားရမ်းသူ အိမ်ရှင်များ အနေဖြင့် ငှားရမ်းနေထိုင်သည့်သူများနှင့် ပတ်သက်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၇ အရ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများသို့ ငှားရမ်းနေထိုင်သူ၏ ကိုယ်ရေးအချက်အလက် အထောက်အထားပြည့်စုံစွာဖြင့် ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်သည်။ မိမိ ငှားရမ်းထားသောသူများသည် သံသယဖြစ်ဖွယ်ရှိကြောင်း တွေ့ရှိပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူ များကို အချိန်မီ သတင်းပေးပို့ရမည်။

မှန်ကန်တိကျခိုင်မာသော သတင်းပေးပို့နိုင်ပါက ထိုက်တန်သည့်ဆုကြေးငွေ ရရှိမည်ဖြစ်သည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုမလိုလားဘဲ နိုင်ငံတော်အား အလုံးစုံ ပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများဖြစ်သော CRPH ၊ NUG နှင့် PDF အမည်ခံအဖွဲ့အစည်း အမျိုးမျိုး၊ ယင်းတို့နှင့် ဆက်စပ်ပတ်သက်သော အဖွဲ့အစည်းတို့က နိုင်ငံတစ်ဝှမ်းဖောက်ခွဲဖျက်ဆီးခြင်း၊ နည်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း၊ ပုဂ္ဂိုလ်ရေးအငြိုးထား သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းကို   အလွယ်တကူခြေရာခံနိုင်ခြင်းမရှိစေရန်အတွက် အဆောင်များနှင့် နေအိမ်တိုက်ခန်း များတွင် ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ထုတ် ဖမ်းဆီးရမိသည့် ဖြစ်စဉ်များအရ တွေ့ရှိရသည်။

ယင်းလုပ်ဆောင်မှုများကို တားဆီးကာကွယ်ရန်အတွက် အဆောင်၊ နေအိမ်တိုက်ခန်းပိုင်ရှင်များ အနေဖြင့် ငှားရမ်းသူများ၏ ကိုယ်ရေးအချက်အလက်၊ အထောက်အထားပြည့်စုံစွာရရှိမှသာ ငှားရမ်းခြင်း နှင့် ယင်းအချက်အလက် အထောက်အထားများဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားခြင်းဖြင့် ဥပဒေနှင့်အညီ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အကြမ်းဖက်မှု ကျူးလွန်သည့် ငှားရမ်းနေထိုင်သူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့်အခါ ငှားရမ်းထားသည့် နေအိမ်တိုက်ခန်းများကို အမှုနှင့်ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည်။ တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ  နိုင်ငံတော် ဘဏ္ဍာအဖြစ်  သိမ်းဆည်းခံရမည်ဖြစ်သည်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေး ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။

ထိုသို့အသိပေး ထုတ်ပြန်ခဲ့သော်လည်း နေအိမ်တိုက်ခန်းပိုင်ရှင်အချို့သည် မသိကျိုးကျွန်ပြု၍ ဆက်လက် ငှားရမ်းပေးနေခြင်းသည် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နိုင်အောင် အားပေး ကူညီရာ ရောက်သကဲ့သို့ ဖြစ်စေသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွင် အကြမ်းဖက် သမားများနှင့် အကြမ်းဖက် အုပ်စုများကို အဆောက်အအုံနှင့် နေရာတစ်ခုခုအသုံးပြုခွင့်၊ ယာယီတည်းခို နေထိုင်ခွင့်ပြုသူများသည် အကြမ်းဖက်သမားများနည်းတူ အကြမ်းဖက်မှုကို ကျူးလွန်ရာရောက် ကြောင်း ပြဋ္ဌာန်းထားသည်။

သို့ဖြစ်ပါ၍  ဖြစ်စဉ်ပေါ်ပေါက်သည့်အခါတွင် နေအိမ်တိုက်ခန်းပိုင်ရှင်များအနေဖြင့် စနစ်တကျ စိစစ်၍ ငှားရမ်းခြင်း၊ ဧည့်စာရင်းတိုင်ကြားထားခြင်း မရှိကြောင်းတွေ့ရှိရပါက အဆိုပါငှားရမ်းထားသည့် နေအိမ် တိုက်ခန်းများကို သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည့်အပြင် အကြမ်းဖက်မှု အားပေးကူညီသူအဖြစ် အရေးယူခံရနိုင်ကြောင်း သိရှိနိုင်ရန် ရေးသားလိုက်ရပေသည်။   ။