အခြေခံစားကုန်များတိုးမြှင့်ထုတ်လုပ်ရေး

အခြေခံစားကုန်များတိုးမြှင့်ထုတ်လုပ်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇွန် ၁၇ ရက်)

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်တာဝန်ကို နိုင်ငံတော်၏ လိုအပ်ချက်အရ စတင် ထမ်းဆောင်ပြီးနောက်ပိုင်းတွင် ပြည်တွင်းမှ သဘောထားကွဲလွဲသည့် အဖွဲ့အစည်းများက စီးပွားရေး ကဏ္ဍထိခိုက်အောင် ဆောင်ရွက်ခြင်းများရှိသကဲ့သို့ ပြည်ပမှလည်း အကြောင်းအမျိုးမျိုးပြပြီး စီးပွားရေး ပိတ်ဆို့ခြင်းများ၊ ထောက်ပံ့မှုများကို ရပ်ဆိုင်းခြင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင်ကုန်သွယ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း ရရှိသည့် ငွေများကို ကန့်သတ်မှုများ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံခြားငွေများကို အသုံးပြုရာတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်လာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မှန်ကန်သော ဦးဆောင်လမ်းညွှန်မှု၊ လက်တွေ့ လုပ်ဆောင်မှု များနှင့်အတူ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟူသော ရည်မှန်းချက်နှင့် နိုင်ငံ့ကောင်းကျိုးကို ရှေးရှုလုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာတွင် ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှုနှင့် အရှေ့ဥရောပဒေသ ဖြစ်စဉ် များကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာတစ်ဝန်း ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စက်သုံးဆီ ဈေးနှုန်းများ ကြီးမြင့်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ ကြီးမြင့်လာခြင်း၊ ကုန်ထုတ်လုပ်မှု စရိတ်များ မြင့်တက်လာခြင်းနှင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတခြင်းများ ဖြစ်ပေါ်ပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်လာခဲ့ခြင်းမှာ မြန်မာနိုင်ငံအပေါ်လည်း သက်ရောက်မှုများရှိခဲ့သည်။ 

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်ကုန်ဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ကုန်ဈေးနှုန်းမဟုတ်ဘဲ ဝိသမလောဘသမားများ၏ ငွေကြေးကစားမှုနှင့် နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုများကြောင့် ဖြစ်ပေါ် နေခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းအလိုက် သွင်းအားစုများ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာသဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှု ကုန်ကျ စရိတ်များ မြင့်တက်ခြင်းများ ရှိနေသည်။ ကုန်ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သဘာဝမြေသြဇာများ အသုံးပြုရေး၊ မွေးမြူရေး လုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်၍ တိရစ္ဆာန်များမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများ ဖြင့် ဇီဝမြေသြဇာများအသုံးပြုရေးကို လမ်းညွှန်မှာကြားထားသကဲ့သို့ ဓာတ်မြေသြဇာများကို ပြည်ပမှ ဝယ်ယူရရှိရေးအတွက် အစိုးရမှ စီစဉ်ဆောင်ရွက်ပေးထားပါသည်။

ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းများတွင် ရေလိုအပ်ချက်နှင့်ပတ်သက်၍ မြစ်ရေတင်စီမံကိန်းများကို အလေး ထားဆောင်ရွက်ခြင်း၊ လျှပ်စစ်ဓာတ်အားမရရှိနိုင်သည့် ဒေသများတွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများဖြင့် ဆောင်ရွက်ခြင်းများကို နိုင်ငံတော်အစိုးရက နည်းလမ်းများ ပြသဆောင်ရွက်ပေးခဲ့သည့်အတွက် အထိုက်အလျောက် အောင်မြင်မှုများ ရှိနေပြီဖြစ်သည်။

ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရေး ဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်ရေး စရိတ်များ ကြီးမြင့်မှုလျော့နည်းစေရန် မီးရထားနှင့်ပို့ဆောင်ခြင်းနှင့် ရေကြောင်းမှ ပို့ဆောင်ခြင်းများကို ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲအနေဖြင့် အမြဲမပြတ်တိုက်တွန်းပြောကြားခဲ့ရာ အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့သည်။ မီးရထားနှင့် ပို့ဆောင်ခြင်းသည် သယ်ယူပို့ဆောင်စရိတ်ကို များစွာ သက်သာစေသည်။ အများပြည်သူသယ်ယူ ပို့ဆောင်ရေးနှင့်ပတ်သက်၍ ယခုထက်ပိုမို ဆောင်ရွက်နိုင် မည်ဆိုပါက ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ပိုမိုလျော့နည်းစေမည် ဖြစ်သည်။

ကုန်ထုတ်လုပ်မှုသည် နိုင်ငံအတွက်အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံအတွက်များစွာ အကျိုးရှိမည်ဖြစ်သည်။ ထုတ်လုပ် လိုက်သည့် ကုန်ပစ္စည်းများသည် ပြည်တွင်းဈေးကွက် လိုအပ်ချက်ကိုသာမက ပြည်ပ ဈေးကွက်များသို့ပါ တင်ပို့နိုင်သည့် အရည်အသွေးမြင့်ထုတ်ကုန်များ ဖြစ်ရပေမည်။ ကုန်ထုတ်လုပ်မှု များသည် ပြည်တွင်းမှထုတ်လုပ်သည့် ကုန်ကြမ်းများကို အဓိကထား အသုံးချရန်ဖြစ်သကဲ့သို့ အများ ပြည်သူအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးကြရန်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၁၂ ရက် မွန်းလွဲပိုင်းတွင်ကျင်းပသည့် အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ် “မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုးခိုင်မာမှု ရှိစေရေးနှင့် ငွေကြေးဖောင်းပွမှုများမရှိအောင် ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်ပြီး နိုင်ငံ့ဝင်ငွေတိုးပွားအောင် ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကုန်ထုတ် လုပ်မှုများ တိုးတက်စေရေးမဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ အများ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို တစ်ဖက်တစ်လမ်းမှ ထိန်းညှိပေးနိုင်ရန်အတွက် တပ်မတော်အနေဖြင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် အသား၊ ငါးနှင့်ဥများ၊ တပ်မတော်စက်ရုံများမှ ထွက်ရှိသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်း များကို ပြည်သူများထံ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း” ထည့်သွင်း ပြောကြားခဲ့ပါသည်။ အနှစ်ချုပ်ဆိုရသော် ဖြစ်သင့်ဖြစ်ထိုက်သည့် ကုန်ဈေးနှုန်းဖြစ်စေရေးနှင့် အခြေခံ စားကုန်များ တိုးမြှင့်ထုတ်လုပ်ရေးကို အားလုံးကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။  ။