သမိုင်းအိပ်မက်ဆိုးထပ်တိုး မဖြစ်စေချင်ပါ

အင်္ဂလိပ်-မြန်မာစစ်ပွဲများ အကြောင်းမှသည် မြန်မာတို့စစ်ရှုံးကာ သူ့ကျွန်အဖြစ် ကျရောက်ခဲ့ရသည့် အကြောင်းများကို တွေးမိတိုင်း ရင်မှာနာကြည်းမဆုံးဖြစ်ရသည်။ ကိုယ့်ထီးကိုယ့်နန်းနှင့် ခမ်းနားတင့်တယ်စွာ နေနိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရသော်လည်း လွတ်လပ်ရေးဆုံးရှုံး ရခြင်းမှာမူ အလွန်ပင်လွယ်ကူလှပေသည်။

နိုင်ငံတစ်နိုင်ငံတည်တံ့ခိုင်မြဲ အင်အားကောင်းရန်မှာ ခေါင်းဆောင်ကောင်းမရှိမဖြစ် လိုအပ်လှပေသည်။ မြန်မာတို့ လွတ်လပ်ရေး ဆုံးရှုံးမှုကို ပြန်လည်ဆန်းစစ်ကြည့်လျှင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူ၏ အရည်အသွေး ညံ့ဖျင်းခြင်းသည် အဓိကဖြစ်သည်။

ထိုမှဆက်လက်၍ ဆက်စပ်တွေးကြည့်လိုက်သော် စစ်ရေးဗျူဟာ၊ နိုင်ငံရေးဗျူဟာ၊ စီးပွားရေးဗျူဟာ၊ နိုင်ငံတကာ ဆက်ဆံရေးဗျူဟာ စသည်ဖြင့် တွေ့မြင်နိုင်သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲမှာ ရက်ပိုင်းမျှသာ ကြာခဲ့သည်။ မြန်မာတို့သတ္တိမရှိ၍ သူရဲဘောကြောင်၍ဆုံးရှုံးရခြင်းမဟုတ်ပါ။ သတင်းမှား၊ သတင်းလိမ်များကို အင်္ဂလိပ်တို့က တွင်ကျယ်စွာအသုံးပြုခဲ့သည်။ ကမ္ဘာ့အမြင်တွင် အင်္ဂလိပ်တို့သည် မြန်မာပြည်သူများအတွက် ကယ်တင်ရှင်ကြီးပမာ၊ ကျေးဇူးရှင်ကြီးပမာ ဖြစ်ခဲ့သည်။ အလွန်ဆိုးသွမ်းနေသော လူသတ်သမား၊ အရက်သမားအဖြစ် သီပေါမင်းကို ပုံဖော်ခဲ့ကြသည်။

အခြားသူများက မည်သို့ပင်ပုံဖော်နေစေကာမူ မြန်မာတို့သာ စစ်အင်အား တောင့်တင်းထားခဲ့လျှင် စစ်ရှုံးလိမ့်မည် မဟုတ်ပါ။ ခေတ်မီလက်နက် မပိုင်ဆိုင်ခြင်း၊ ၁၈၂၄ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ နှစ်ပေါင်း ၆၀ အတွင်း မြန်မာတို့သည် နိုင်ငံတကာအဆင့်မီ လက်နက်ကြီးများ ရယူပိုင်ဆိုင်ကျွမ်းကျင်နိုင်နင်းရန် လုံးဝအားမထုတ်ခဲ့ကြခြင်း၊ ကြိုးစားသော်လည်း ဖြစ်ဖြစ်မြောက်မြောက် မရှိခြင်း၊ ထို့ထက်ဆိုးသည်မှာ ကနောင်မင်းသားကြီး လုပ်ကြံခံလိုက်ရခြင်းသည် မြန်မာတို့အတွက် အလွန်နစ်နာသည့် ဆုံးရှုံးမှုကြီး ဖြစ်ခဲ့သည်။

အင်္ဂလိပ်တို့ဘက်က ၁၈၈၃ ခုနှစ်ကပင် စစ်ရေးထောက်လှမ်းမှုကို အကြိမ်ကြိမ် အသေးစိတ် လာရောက်လေ့လာ ထောက်လှမ်းခဲ့ကြသည်ကို မြန်မာတို့က သတိမူခြင်း မရှိခဲ့ပါ။ အင်္ဂလိပ်တို့ သိမ်းပိုက်ထားသည့် မြန်မာနိုင်ငံအောက်ပိုင်းရှိ ရန်သူ့စစ်အင်အား၊ နေရာဌာန၊ အချက်အချာ၊ ဆက်သွယ်ရေးလမ်းကြောင်း၊ လက်နက်ခဲယမ်း စသည်များကို မြန်မာတို့ဘက်က လုံးဝလေ့လာစိစစ်မှတ်တမ်းတင်ခြင်းမျိုးလည်း မရှိခဲ့ပေ။ စစ်ရေးအမြင်လုံးဝ မရှိသည့်အပြင် မြန်မာတို့၏ ခံတပ်စခန်းများ တည်ဆောက်ထားပုံကို ရန်သူအင်္ဂလိပ်တို့ကို ပြသသူများပင် ရှိခဲ့သည်။

မြန်မာတို့သူ့ကျွန်အဖြစ် နွံနစ်ခဲ့ရသည်မှာ ပယောဂမျိုးစုံပူးကပ်ခဲ့မှုကြောင့် ဖြစ်ပေသည်။အနော်ရထာမင်းကြီး တိုင်းပြည်ထူထောင်စဉ်က ပါဝင်ခဲ့သည့် တပ်မတော်သားများသည် ဤမြန်မာအမျိုးသား တို့ပင်ဖြစ်၏။ ဘုရင့်နောင်မင်း တရားကြီး ဒုတိယအကြိမ်တိုင်းပြည် ထူထောင်စဉ်ကာလကလည်း ဤမြန်မာတပ်မတော်သားများပင်ဖြစ်၏။ အလောင်းမင်း တရားကြီး၏ တတိယမြန်မာနိုင်ငံတော် ထူထောင်နိုင်ခဲ့သည့် တပ်မတော်သားများသည်လည်း ဤမြန်မာတို့ပင်ဖြစ်၏။ ပဲခူးဥဿာသို့ စစ်သည်တော်လေးသိန်းစေလွှတ်ခြင်း၊ နတ်မြင်းစစ်သည် လေးဦးအပါအဝင် သူရဲကောင်းများဖြင့် သုဝဏ္ဏဘူမိ သထုံပြည်မှ ပိဋကတ်တော်သုံးပုံပင့်ဆောင်ခဲ့ခြင်း၊ တရုတ်ဥတည်ဘွားထံမှ ဗုဒ္ဓဘုရားရှင်၏ မြတ်စွယ်တော်ပင့်ဆောင်ခြင်း၊ အယုဒ္ဓယ၊ ဇင်းမယ်၊ လင်းဇင်းနှင့် မာလာယု၊ သီဟိုဠ်တို့သို့  အာဏာစက်ဖြန့်ခြင်း၊ အယုဒ္ဓယမြို့တော်၏ ကမ္ဘာ့အဆင့်မီခံစစ်ကြီးကို ဆင်ဖြူရှင်မင်း၏ တပ်မတော်များက နှစ်နှစ်ငါးလဖြင့် အနိုင်တိုက်ခိုက်သိမ်းပိုက်ခြင်း၊ တရုတ်တို့၏ အကြိမ်ကြိမ်ကျူးကျော်စစ်ကို  ဆင်ခေါင်းဝက်ဝံအရပ်မှ ကမ္ဘာကျော်ခံစစ်ကြောင်းဖြင့် ခုခံအနိုင်ယူခဲ့ခြင်း စသည့်သမိုင်းမော်ကွန်းထိုးအပ်သော စစ်ပွဲကြီးမျိုးစုံကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့သည်မှာလည်း ဤမြန်မာတပ်မတော်သားများပင်မဟုတ်ပါလော။

၁၈၈၅ ခုနှစ်ကျမှ လူ ၁၀၀၀၀ ပါသည့် အင်္ဂလိပ်နယ်ချဲ့တပ်ကို မြန်မာတပ်မတော်တို့ မဟန့်တားနိုင်ရခြင်းကိစ္စမှာ သွေးရိုးသားရိုးမဟုတ်ပါချေ။ ပယောဂမျိုးစုံပူးကပ်ခဲ့သည်သာဖြစ်၏ဟူ၍ နှစ် ၁၅၀ သက်တမ်း ရတနာပုံမြို့ ရွှေမန်းစာအုပ်တွင် ဖော်ပြထားသည်။

လွတ်လပ်ရေးဆုံးရှုံးခဲ့မှုသည် မြန်မာတို့အတွက်၊ မြန်မာလူငယ်များအတွက် နာကြည်းဖွယ်ရာဖြစ်ခဲ့သလို နောက်တစ်ကြိမ် လွတ်လပ်ရေး မဆုံးရှုံးစေရေးအတွက် သင်ခန်းစာလည်း ဖြစ်သည်။ ယနေ့တပ်မတော်တွင် တာဝန်ထမ်းဆောင် နေကြသော၊ တာဝန်ထမ်းဆောင်ပြီး၍ စစ်မှုထမ်းဟောင်းများ အဖြစ်ရှိနေကြသောသူများ အားလုံးသည် အမျိုးသားရေးစိတ်၊ အမျိုးသားရေး ဇာတိမာန်အပြည့်အဝဖြင့် တပ်မတော်သို့ ဝင်ရောက်ခဲ့ကြသည်မှာ ရာနှုန်းပြည့် အမှန်တရားဖြစ်သည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့ရမှုတွင် စစ်ရေးအင်အားသည် အဓိကဖြစ်သော်လည်း ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများရှိခဲ့ခြင်း၊ နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော ပြည်ပနိုင်ငံများ ရှိခဲ့ခြင်းသည်လည်း အဓိကအကြောင်းအချက်များတွင် ပါဝင်သည်။

ထို့ကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသော သမိုင်းအိပ်မက်ဆိုးထပ်တိုး မဖြစ်စေချင်ပါကြောင်း ရေးသားလိုက်ရပေသည်။