နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးရှေးရှု

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားများ ငြိမ်းချမ်းသာယာဝပြော၍ လွတ်လပ်စွာနေထိုင်နိုင်ရန် ထိုနိုင်ငံ၏ အချုပ်အခြာအာဏာကို ပြည်သူတို့ ကိုယ်စားတာဝန်ယူ ကျင့်သုံးဆောင်ရွက်ပေးရသူများ ရှိရပေမည်။ ထိုလူများကို ပြည်သူများက ရွေးချယ်တင်မြှောက်ပေးရသည်။ ရွေးကောက်ပွဲဟူသည် ပြည်သူလူထုက မိမိတို့ကိုယ်စားလွှတ်တော်၌ အချုပ်အခြာအာဏာကိုကျင့်သုံးပြီး နိုင်ငံနှင့်နိုင်ငံသားတို့ ကောင်းကျိုးဖော်ဆောင်ပေးမည့် ကိုယ်စားလှယ်များကို ရွေးချယ်ပေးခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရက ပြည်သူများ ရွေးချယ်တင်မြှောက်လိုက်သည့် ဒီမိုကရေစီ အစိုးရထံသို့ နိုင်ငံတော်အာဏာလွှဲပြောင်းပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပခဲ့ပြီး  ယခု ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်  ကျင်းပမည်ဖြစ်ပေသည်။ ဤရွေးကောက်ပွဲမှ ထွက်ပေါ်လာသူတို့သည် နိုင်ငံတော်တာဝန်အရပ်ရပ်ကို တတိယအကြိမ်အဖြစ် ထမ်းဆောင်ကြမည့် ပြည်သူ့ကိုယ်စားလှယ် ဖြစ်လာပေလိမ့်မည်။

ရွေးကောက်ပွဲဝင်သူများသည် ပါတီကိုယ်စားပြုဝင် ရွေးချယ်ခံသူများ ရှိသကဲ့သို့ တစ်သီးပုဂ္ဂလ ဝင်ရောက်အရွေးချယ် ခံသူများလည်း ရှိသည်။ အားလုံးသည် ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များ ဖြစ်လာပေမည်။ ထိုသူအားလုံး၏ ဦးတည်ချက်မှာ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ကောင်းကျိုးစီးပွားတိုးပွားရန်အတွက်သာ ဖြစ်ပေသည်။ ပါတီအဖွဲ့ အစည်းအကျိုးနှင့် နိုင်ငံတော်အကျိုးယှဉ်လာလျှင် နိုင်ငံတော်အကျိုးကို ရှေးရှုဆောင်ရွက်ကြရပေမည်။ သတိပြုသင့်သော စကားတစ်ရပ်ကို ဖော်ပြလိုသည်။ ယင်းမှာကမ္ဘာကျော်ပြဇာတ်ရေး ဆရာကြီးဘားနဒ်ရှောက သူတို့အနောက်တိုင်းမှ ဟန်ဆောင်ဒီမိုကရေစီသမားများကို “ဒီမိုကရေစီဆိုတာ ဘာမှမစဉ်းစား မသိတတ်တဲ့လူတွေက အကျင့်ပျက်ကိုယ်ကျိုးရှာ လူနည်းစုကို မဲပေးတဲ့ ရွေးကောက်ပွဲမျှသာဖြစ်သည်” ဟု သရော်ခဲ့သည်။

ဒီမိုကရေစီဆိုသည်မှာ လူထုကိုယ်တိုင်က လူထုအကျိုးအတွက် ဖော်ဆောင်ခြင်းဖြစ်ပေသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁၀) ပုဒ်မ ၄၀၄။ နိုင်ငံရေး ပါတီတစ်ရပ်သည် (က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ဦးတည်ချက်ထားရှိရမည်။ (ခ) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်...ဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြည်သူတို့ထံမှသာ ဆင်းသက်အပ်သော အချုပ်အခြာအာဏာကို ပြည်သူ့ကိုယ်စား ဆောင်ရွက်မည့်သူများ တိတိကျကျ၊ မဖောက်မပြန် လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်း နည်းလမ်းများ ဖော်ပြရမြဲဖြစ်ပေသည်။ နိုင်ငံတော်ကြီးတစ်ခုလုံး၊ နိုင်ငံသားပြည်သူတစ်ရပ်လုံးနှင့် နိုင်ငံတော်ပိုင် ရေမြေသဘာဝ သယံဇာတများသည် ဟင်းရွက်ကန်စွန်းရွက်မဟုတ်ပေ။ တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်သည့် နိုင်ငံတော်ကို တာဝန်ခံ တည်ဆောက်မြှင့်တင်ပေးမည့် ပြည်သူ့ကိုယ်စားလှယ်များသည် နိုင်ငံနှင့်ပြည်သူအပေါ် သစ္စာစောင့်သိသူများ၊ နိုင်ငံနှင့်ပြည်သူအပေါ် ကိုယ်ကျိုးစွန့် အနစ်နာခံစွန့်လွှတ်စွန့်စား စေတနာအပြည့်အဝဖြင့် ဆောင်ရွက်ပေးနိုင်သူများ၊ အရည်အချင်း ကောင်းပြည့်ဝ၍ ပြည်သူက ယုံကြည်အားထားရမည့်သူများ ဖြစ်အပ်ပေသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် Asian Fame Media ၏ CEO ဒေါ်နန်းကလျာဝင်းအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံ၍ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ သိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြားခဲ့ပြီး နိဂုံးချုပ်အမှတ်တရ ပြောကြားရာတွင် “ကျွန်တော်တို့ မကြာခင်ရွေးကောက်ပွဲ လုပ်တော့မည့်ကာလ ဖြစ်တယ်။ ရွေးကောက်ပွဲမှာလည်း အားလုံးကနေပြီး တက်ညီလက်ညီနဲ့ အားလုံးမဲပေးစေချင်တယ်။ တိုင်းပြည်အတွက်၊ ဒေသအတွက်လုပ်ပေးနိုင်မည့်လူကောင်းတွေ စဉ်းစားရွေးချယ် ပေးစေလိုတယ်။ လူအားလုံး ၁၈ နှစ်ပြည့်ပြီးတဲ့လူတွေ ဖြစ်ကြတယ်။ မဲပေးတဲ့လူပြောတာပေါ့၊  မဲပေးတဲ့လူတွေ စဉ်းစားဉာဏ်အကုန်ရှိကြပါတယ်။ ဆင်ခြင်တုံတရားတွေနဲ့သုံးသပ်ပြီးတော့မှလုပ်ကြပါလို့  ကျွန်တော်ပြောလိုပါတယ်။ ထို့အတူပဲ ဒီအပေါ်မှာကြည့်ရှုသူပရိသတ်တွေ အားလုံးကလည်း  တိုင်းပြည်၏ကောင်းရာကောင်းကျိုးအားလုံးကို စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ လုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ်လည်းတိုးတက်အောင်မြင်အောင်လုပ်စေချင်ပါတယ်။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးတွေရဲ့ ဂုဏ်ကိုလည်း မြှင့်တင်စေချင်ပါတယ်လို့ ကျွန်တော်ဆုတောင်း စကားပြောချင်ပါတယ်” ဟူ၍ ပြောကြားခဲ့သည့်အတိုင်း နိုင်ငံတော်နှင့်နိုင်ငံသားများ ကောင်းကျိုးရှေးရှု ဆောင်ရွက်နိုင်ကြစေရန် ရေးသားလိုက်ရပေသည်။   ။