အမျိုးသားမြေအသုံးချမှုမူဝါဒ

အမျိုးသားမြေအသုံးချမှုမူဝါဒ

မြေယာသိမ်းဆည်းမှုများ၊ အငြင်းပွားမှုများ၊ တိုင်တန်းမှုများ များပြားလာခဲ့ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ဖြေရှင်းရမည့် နည်းလမ်းများလည်း ရှုပ်ထွေးများပြားသည့်အတွက် မြေယာစီမံအုပ်ချုပ်မှုတွင်အခက် အခဲဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံတွင် အမျိုးသားမြေအသုံးချမှု မူဝါဒတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ၂၀၁၂ ခုနှစ်မှစတင်ကာ  အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပပညာရှင်များနှင့်ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး အစည်းအဝေး(၃၉)ကြိမ်၊ နည်းပညာသင်တန်း(၂)ကြိမ်၊ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ (၅)ကြိမ်ကျင်းပကာ အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲများမှ ရလဒ်များနှင့် အကြံပြုဆွေးနွေးချက်များကို အခြေခံပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် အမျိုးသားမြေအသုံးချမှု မူဝါဒကို အတည်ပြုထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကို  အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် မြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သည့် ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀  ရက်နှင့် ၂၀၂၂ ခုနှစ် ဇွန် ၁၉ ရက်တို့တွင် ဖွဲ့စည်းခဲ့သည့်   အမျိုးသားမြေအသုံးချမှုကောင်စီကို  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဇွန် ၂၃ ရက်ကကျင်းပခဲ့သည့် အမျိုးသားမြေအသုံးချမှုကောင်စီအစည်းအဝေးမှာ ပြင်ဆင်ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ်ကျင်းပသည့် အစည်းအဝေးဖြစ်ပြီး အမျိုးသားမြေအသုံးချမှုကောင်စီ၏ စတုတ္ထအကြိမ် အစည်းအဝေးလည်းဖြစ်သည်။

အမျိုးသားမြေအသုံးချမှုမူဝါဒသည်  မြေယာနှင့်အရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူအများမြေယာ လုပ်ပိုင်ခွင့်ခိုင်မာရေး၊   တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်း မြေယာလုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများကို အသိအမှတ်ပြု အကာအကွယ်ပေးရေး၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ ငွေကြေးအကုန်အကျသက်သာမှုနှင့် လွတ်လပ်မှုရှိသော မြေယာအမှုအခင်းများ ဖြေရှင်းဆုံး ဖြတ်သည့် လုပ်ငန်းစဉ်များထူထောင်ရေး၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့်မြေအသုံးချမှု စီမံခန့်ခွဲမှုတို့ ဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသားမြေဥပဒေရေးဆွဲပြီး တည်ဆဲမြေယာဥပဒေများကို သဟဇာတ ဖြစ်အောင်ဆောင်ရွက်ရေးတို့ကို ရည်ရွယ်ထားပြီး မူဝါဒလမ်းညွှန်ချက် အသေးစိတ်များပြဋ္ဌာန်းသည်။

၂၀၁၆  ခုနှစ်  အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊  လမ်းညွှန်မှုများနှင့် အခြေခံမူများကို အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် မြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သည့် ဥပဒေများကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီကို ဖွဲ့စည်းရခြင်းဖြစ်သည်။

အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် မြေယာအသုံးချမှုနှင့်စပ်လျဉ်းပြီး တည်ဆဲဥပဒေများနှင့် သဟဇာတဖြစ်သည့် အမျိုးသားမြေစီမံခန့်ခွဲမှုဥပဒေရေး ဆွဲပြုစုရေး၊ မြေအသုံးချမှု စီမံအုပ်ချုပ်ရေးကိစ္စများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေနှင့်ပညာရပ်ဆိုင်ရာများ အကြံဉာဏ်များပေးနိုင်ရေး၊ စိုက်ပျိုးရေးမူဝါဒနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာတို့တွင် ပင်မလုပ်ငန်းစဉ်များချမှတ်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ မြေအသုံးချမှုစီမံကိန်းများ၊ မြေအသုံးချမှုဇုန်များ စနစ်တကျရေး ဆွဲပြုစုနိုင်ရေး၊ မြေအရင်းအမြစ် သတင်း အချက်အလက်နှင့်မြေပုံများ မှန်ကန်စေရေး၊ မြေအရင်းအမြစ်များ စီမံခန့်ခွဲရာတွင် စနစ်တကျဖြစ်စေရေးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြေသယံဇာတအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးတို့ကို ဆောင်ရွက်ပေးရန် ဖြစ်သည်။

ထို့ပြင် ပြည်သူများမြေယာလုပ်ပိုင်ခွင့် ခိုင်မာရေးတို့အတွက် မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ်ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာအကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ၊ မြေအသုံးချမှုစီမံကိန်းရေးဆွဲရေးနှင့်ပေါင်းစပ် ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၊ မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၊ အမျိုးသားမြေဥပဒေရေးဆွဲ ပြုစုရေးနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မြေအသုံးချမှု ကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်သည်။

ယခုအခါ အမျိုးသားမြေအသုံးချမှုမူဝါဒ (၂၀၁၆)ခုနှစ်ကို အခြေခံပြီး    မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ Focal ဝန်ကြီးဌာနဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အမျိုးသားမြေဥပဒေတွင်ပါဝင်သင့်သောအခန်းများ(ပထမမူကြမ်း) ၂၀၂၂  ကို တင်ပြဆွေးနွေးခဲ့ပြီး အဆိုပါမူကြမ်းအပေါ်သက်ဆိုင်ရာ ဝန်ကြီးဌာနတချို့ကလည်း သဘောထားမှတ်ချက် ပြန်လည်ပေးပို့ထားပြီး ဖြစ်ကြောင်း သိရှိရသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီမှပေးပို့လာသည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)နှင့် (၂)တို့တွင် ပါရှိသော မြေယာနှင့်သဘာဝပတ်ဝန်းကျင် ကဏ္ဍမူဝါဒ သဘောတူညီချက်များအား အမျိုးသား မြေအသုံးချမှု မူဝါဒနှင့်အညီ   အမျိုးသားမြေဥပဒေ(မူကြမ်း)ရေး ဆွဲပြုစုရာတွင်    ထည့်သွင်းရေး ဆွဲနိုင်ရေး အလေးထား ဆောင်ရွက်မည်ဖြစ်သည်။ လယ်ယာမြေကို အခြားနည်းဖြင့်   အသုံးပြုခွင့်ပေးခြင်းများနှင့် စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်အား မူဝါဒအဖြစ်  လိုက်နာဆောင်ရွက်ကာ  အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် လျက်ရှိပါကြောင်း  ရေးသားလိုက်ရပေသည်။  ။