မြေဆီစိုခိုက် သစ်ပင်စိုက်ကြစို့

မြေဆီစိုခိုက် သစ်ပင်စိုက်ကြစို့

ကမ္ဘာမြေကြီးပေါ်တွင် သစ်ပင်၊ လူသား၊ တိရစ္ဆာန်  စသည့်သက်ရှိများသည် ရေ၊ မြေ၊ တောတောင် သဘာဝပတ်ဝန်းကျင်နှင့်အတူ မှီတင်းနေထိုင်လျက်ရှိသည်။ လူသားများသည် မိမိတို့ပတ်ဝန်းကျင်တွင် သက်ရှိသက်မဲ့များနှင့် အပြန်အလှန်အမှီသဟဲပြုနေကြသည်။ သစ်ပင်များသည် လူသားတို့အတွက် အသက်ရှင်သန်ရန် အဓိကကျသည်။ သစ်ပင်များဟုဆိုရာတွင် သစ်တောထဲရှိသစ်ပင်များ၊ မြို့ရွာများရှိသစ်ပင်များ၊ လယ်ကန်သင်း၊ ရေကန်ရှိသစ်ပင်များ၊ မိမိတို့အိမ်ခြံဝင်း အတွင်းရှိ သစ်ပင်များ  ပါဝင်ပါသည်။ သစ်ပင်မှန်သမျှသည် လူသားတို့ကို တစ်နည်းနည်းဖြင့် အကျိုးပြုလျက်ရှိသည်။

သစ်ပင်များသည် လူသားတို့လိုအပ်သော အောက်ဆီဂျင်ဓာတ်ငွေ့ထုတ်ပေးသည်။ အဆိပ်အတောက် ဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ဖယ်ရှားပေးသည်။ သစ်ပင်များရှိခြင်းဖြင့် လူတို့၏စားဝတ်နေရေးကို ဖြည့်ဆည်းပေးပါသည်။ ရာသီဥတုမျှတစေပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းညှိပေးပါသည်။

သစ်၊ ထင်း၊ တိုင်၊ မျော စသည့်အခြေခံလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးပါသည်။ သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းတို့သည် မြန်မာလူမျိုးတို့၏ လေးစားစရာကောင်းသည့် မိရိုးဖလာ အစဉ်အလာဖြစ်သည်။

ရှေးကဘိုးဘွားတို့အစဉ်အဆက် စိုက်ပျိုးခဲ့သော သစ်ပင်များမှာ လက်ရှိလူသားတို့ကို အကျိုးပြုလျက်ရှိနေ သကဲ့သို့ လက်ရှိလူသားတို့ကလည်း နောင်လာမည့်မျိုးဆက်များအတွက် သစ်ပင်စိုက်ပျိုးခြင်းကို ပြုကြရမည်ဖြစ်သည်။ စဉ်ဆက်မပြတ်သစ်ပင်စိုက်ပျိုးခြင်းဖြင့် အမြဲစိမ်းလန်းသာယာသောနိုင်ငံတော်အဖြစ် တည်ရှိနေမည် ဖြစ်သည်။ သစ်ပင်စိုက်ပျိုးရာတွင် မိမိ၏လက်ရှိ သက်တမ်းအတွင်း စားသုံးနိုင်သော စားပင်၊ သီးပင်၊ နှစ်တိုနှစ်လတ်အပင်များသာမက လက်ဆင့်ကမ်းအမွေပေးနိုင်သည့်နှစ်ရှည်ပင်များကိုလည်း စိုက်ပျိုးကြရမည်ဖြစ်သည်။

သစ်တောနှင့်သစ်ပင်ချစ်ခင်သည့်လူမျိုး၊ သစ်ပင်ကိုနှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး ဟူသည့်ဆောင်ပုဒ်အတိုင်း သစ်တောများနှင့် သစ်ပင်များကို အမြတ်တနိုးတန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ထပ်မံစိုက်ပျိုးခြင်းများသည် တိုင်းပြည်တစ်ပြည်အတွက် ကောင်းကျိုးများစွာကို ဖန်တီးပေးခြင်းပင်ဖြစ်သည်။ ထို့ကြောင့်တပ်မတော်သည် ၂၀၁၁ ခုနှစ်မှစ၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုနှစ်အထိဆိုပါက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်ခဲ့ပြီဖြစ်သည်။ နိုင်ငံတော်၏သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အဖိုးတန်ဂေဟစနစ်များ မပျောက် ပျက်အောင် စောင့်ရှောက်နိုင်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ မိုးရာသီသစ်ပင်စိုက်ပွဲများ ပြုလုပ်၍ စိုက်ပျိုးခဲ့ကြရာတွင် အပင်စုစုပေါင်း ၁၈၀၀၀၀ ကျော်ကို စိုက်ပျိုးနိုင်ခဲ့ပြီး အပင်ရေတစ်သိန်းကျော် ရှင်သန်သည်ကို တွေ့ရှိရသည်။ တပ်မတော်တစ်ရပ်လုံးအနေဖြင့်ဆိုပါက ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စုစုပေါင်းသစ်ပင် ၂၁ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး အပင်ရေ ၁၅ သန်းကျော်ရှင်သန်သဖြင့် ၇၀ ရာခိုင်နှုန်းကျော်ရှင်သန်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတများစွာကို ပိုင်ဆိုင်ထားရှိပြီး စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သည့်နိုင်ငံ ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေသည် အဓိကအရေးကြီးသည်။ ဥတုရာသီ တောကိုမှီဟူသည့်အတိုင်း သစ်တောသစ်ပင်များသည် ရာသီဥတုကို ကောင်းစေပြီး ရေကိုလည်း ထိန်းပေးနိုင်သည်။ ထို့ကြောင့် သစ်ပင်များစိုက်ပျိုးရာတွင် ရှင်သန်အောင် စိုက်ပျိုးလျက်ရှိသလို ရေရှည်ကြီးထွားစေရေးအတွက် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ကြရန်မှာ အမျိုးသားရေး တာဝန်တစ်ရပ်ဟု ခံယူကြရမည်ဖြစ်ပါသည်။

သစ်ပင်စိုက်ပျိုးခြင်းသည် ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုများကို တားဆီးနိုင်ရုံမက နိုင်ငံတော်နှင့် ပြည်သူများအတွက် ကောင်းသောအကျိုးကျေးဇူးကိုဖြစ်ထွန်းစေပါသည်။ သစ်ပင်စိုက်ပျိုးရာတွင် ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ ရှင်သန်အောင်ပြုစုခြင်းဟူသည့်အချက်များမှာ လူသားတိုင်းဂရုပြုရမည့် အချက်များဖြစ်သည်။ စိမ်းလန်းစိုပြည်သောပတ်ဝန်းကျင်ကောင်းတစ်ရပ်ဖြစ်ပေါ်လာစေရန် ဖန်တီးနိုင် သူများမှာ လူသားများဖြစ်သကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်အောင် ပြုလုပ်သူများမှာလည်း လူသားများသာ ဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်းမှာ ထာဝရကုသိုလ်ကို ရယူခြင်း ဖြစ်သည်။

သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားနိုင်သည် ဆိုသည့်အတိုင်း ကျေးငှက်များသာမက လူသားတို့အတွက်လည်း အရိပ်အာဝါသကောင်းကို ဖန်တီးပေးခြင်း ဖြစ်သည်။ သစ်တောတစ်ခုကို ဖန်တီးမည်ဆိုပါက အနည်းဆုံး ၁၀ နှစ်နှင့်အထက် ကြာမြင့်မည်ဖြစ်သည်။ နှစ်ရှည်ပင်များသည် ချက်ချင်း အကျိုးမပြုနိုင်သော်လည်း နောင်မျိုးဆက်သစ်များအတွက် အရိပ်အာဝါသနှင့်လုံခြုံမှုကို ပေးစွမ်းမည် ဖြစ်သည်။ ရှေးကဘိုးဘွားဘီဘင်များ စိုက်ပျိုးခဲ့ကြသဖြင့် မိမိတို့ယခုကဲ့သို့ စိမ်းလန်း သာယာစိုပြည်သည့် ပတ်ဝန်းကျင်နှင့် ရာသီဥတုတွင် နေထိုင်နိုင်ကြခြင်း ဖြစ်သည်။ အနှစ်ချုပ် ဆိုရသော် မြေဆီစိုခိုက် သစ်ပင်စိုက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။