တရားမဝင်ကုန်သွယ်မှု လျော့နည်း ပပျောက်ရေး

တရားမဝင်ကုန်သွယ်မှု လျော့နည်း ပပျောက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ သြဂုတ် ၅ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေး ဦးတည်ချက်(၄)ရပ်အနက် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက် ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်း(MSME)များကို ရေရှည်အာမခံချက် ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး”ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အဓိက အတားအဆီးမှာ တရားမဝင် ကုန်သွယ်မှုများဖြစ်သည်။ ပြည်ပမှ တရားမဝင် တင်သွင်းမှုများကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု မရှိတော့သည့်အပြင် ပြည်တွင်းအသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်း(MSME)များ၏ တိုးတက်မှုကို များစွာအဟန့်အတား ဖြစ်စေသည်။

ထို့ကြောင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီသည် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကျင်းပကာ တရားမဝင် ကုန်သွယ်မှုပပျောက်ရေးကို  အလေးထား ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၇ ရက်နေ့က  ကျင်းပသော အစည်းအဝေးမှာ  (၁၀)ကြိမ်မြောက် အစည်းအဝေးဖြစ်သည်။

ယခင်အစည်းအဝေး ကိုးကြိမ်၌ ဆုံးဖြတ်ချက် ၃၁၁ ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖမ်းဆီးရမိမှု အနေဖြင့်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ အမှုတွဲ ၇၀၁၁ မှုနှင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇ ဒသမ ၀၅၄ ဘီလီယံဖြစ်သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက များစွာတိုးတက် ဖမ်းဆီးနိုင်ခဲ့သည်။

မြန်မာ-ထိုင်းနှစ်နိုင်င ံကုန်သွယ်မှု ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဧပြီလအထိစာရင်းတွင် ထိုင်းနိုင်ငံစာရင်းအရ ထိုင်းပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၃၂ ဘီလီယံဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ စာရင်းအရ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉၃ ဘီလီယံဖြစ်၍ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃၉ ဘီလီယံ ကွာခြားနေသည့်အတွက် ၎င်းမှာတစ်နှစ်အတွင်း တရားမဝင် ကုန်သွယ်မှုဖြစ်သည်ဟု သုံးသပ်ရသည်။ တရားမဝင် ကုန်သွယ်မှုဖြစ်ပေါ်ရခြင်း အဓိက အကြောင်းရင်းများမှာ “အစိုးရ၏မူဝါဒ၊ ရောင်းလိုအားနှင့် ဝယ်လိုအား ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု၊ အကောက်ခွန်လုပ်ငန်း ဝန်းကျင်”စသော အခြေခံကျသည့်အချက်များအပြင် နယ်စပ်ဒေသများ ရှိနေခြင်း၊နယ်စပ်ဒေသများသည် ရှည်လျားပြီး နှစ်နိုင်ငံချင်း လွယ်ကူစွာဖြတ်သန်းနိုင်သည့် နေရာများရှိနေခြင်းကြောင့်တရားမဝင်ကုန်သွယ်မှု လျော့နည်းပပျောက်ရေး ဆောင်ရွက်ရေးတွင် စိန်ခေါ်မှုများဖြစ်ကြောင်း သိရှိရသည်။

ပြည်တွင်းရှိအသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်စည်များကို သွင်းကုန်အစားထိုး အသုံးပြုနိုင်ရန် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မရှိအောင် အဓိကထိုးနှက် ဟန့်တားနှောင့်ယှက်နေမှုမှာ အခွန်မဆောင်ဘဲ ပြည်ပကတရားမဝင် တင်သွင်းလာသည့် ကုန်စည်များဖြစ်သည်။ အကောက်ခွန်မဲ့ တင်သွင်းလာသည့် ကုန်စည်များကို တားဆီးစစ်ဆေး၊ အရေးယူနိုင်မှု မရှိလျှင် ပြည်တွင်း (MSME)များ ဖွံ့ဖြိုးတိုးတက်လာမှု ဦးမော့လာရန် ခက်ခဲနေမည်ဖြစ်သည်။ ထို့ကြောင့် တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူလျက်ရှိခြင်း ဖြစ်သည်။

“တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် မည်သို့သော စိန်ခေါ်မှုများ ရှိနေပါစေ အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားမဝင် ကုန်ပစ္စည်းများကို နယ်စပ်ဒေသနှင့် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ တားဆီးစစ်ဆေးမှုအပြင် သိုလှောင်ရုံများနှင့် ဈေးကွက်များအထိ ဝင်ရောက်စစ်ဆေး အရေးယူနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းက သယံဇာတပစ္စည်းများ တရားမဝင် ထုတ်လုပ်နေမှုကိုလည်း ထိထိရောက်ရောက် တားဆီးစစ်ဆေး အရေးယူကြရန်လိုကြောင်း၊ ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်တွင်ရှိသည့် ဂိတ်များတွင် မလိုလားအပ်သည့် ကုန်ကျစရိတ်များနှင့် အချိန်ကြန့်ကြာမှုများ မရှိစေရေး အထူးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အလေးထားကြပ်မတ် ဆောင်ရွက်ကြရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၃)သို့ တက်ရောက် အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံတိုင်းလိုလို ရင်ဆိုင်နေကြရသည့် ကိစ္စရပ်ဖြစ်သည်။  တရားမဝင် ကုန်သွယ်မှုကို တားဆီးအရေးယူ ဆောင်ရွက်ရာတွင် နယ်စပ်ဖြတ်ကျော် တရားမဝင်ပို့ကုန်များ တစ်ဖက်နိုင်ငံသို့ မရောက်ရှိစေရေးနှင့် မိမိနိုင်ငံဘက်သို့ မဝင်ရောက်လာစေရေးကို အိမ်နီးချင်းနိုင်ငံများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုများနှင့် သယံဇာတပစ္စည်းများ တရားမဝင် ထုတ်လုပ်ခြင်း များသည် မိမိတို့နိုင်ငံ့ စီးပွားရေးအပေါ် ထိုးနှက်ချက်များပင်ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇွန်လအတွင်း ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် သယံဇာတများကို တရားမဝင်တူးဖော်သည့် ဘက်ဟိုးယန္တရား ၅၇ စီး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄ ဒသမ ၅၃၁ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ တရားမဝင် သစ်မျိုးစုံအမှုတွဲ ၁၄၆၂ မှု၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၄ ဒသမ ၄၂၁ ဘီလီယံ ဖမ်းဆီးရမိခဲ့သည်။ အနှစ်ချုပ်ဆိုရသော် တရားမဝင် ကုန်သွယ်မှု လျော့နည်းပပျောက်ရေးအတွက်  ထိထိရောက်ရောက်  တားဆီးစစ်ဆေး အရေးယူကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။