ဆန်စပါးကဏ္ဍမြှင့်တင်နိုင်ရေး

ဆန်စပါးကဏ္ဍမြှင့်တင်နိုင်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပို့ကုန် မြှင့်တင်ရေးကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် နိုင်ငံ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး ပြည်ပဈေးကွက်ကို ပိုမိုတင်ပို့နိုင်မည့် အလားအလာများရှိသည့် ပို့ကုန်များကို ပိုမိုတိုးချဲ့ထုတ်လုပ်တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိရာတွင် ဆန်စပါးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ခြင်းသည် အချိန်တိုအတွင်း ရလဒ်ကောင်းများရစေနိုင်သည့် (Quick Win) အစီအစဉ် တစ်ခုလည်း ဖြစ်ပါသည်။

မြန်မာ့ဆန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ကြိတ်ခွဲပြုပြင်ခြင်း လုပ်ငန်းမှသည် ဖြန့်ဖြူးရောင်းချသည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ဟန်ချက်ညီညီ ဆောင်ရွက်နေကြရမည်ဖြစ်သည်။ အစားအစာဘေးကင်းလုံခြုံရေးနှင့် အရည်အသွေး ကောင်းမွန်သည့် ဆန်များ ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီသိုလှောင်ရုံများ၊ အခြောက်ခံစက်များ၊ ခေတ်မီ ဆန်စက်များစသည့် အခြေခံအဆောက်အဦများ   ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့   စပါး အခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ပြည်ပတင်ပို့ခြင်း စသည့် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချရန်လည်း လိုအပ်လျက်ရှိသည်။

ဆန်စပါးကဏ္ဍ ကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်မည့်သူများ၊ အထူးသဖြင့် ဆန်စက်အင်ဂျင် နီယာများ၊ ဆန်စက်ကိုင်တွယ် မောင်းနှင်သူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စက် အခြေခံနည်းပညာများနှင့်  ခေတ်မီဆန်စက်နည်းပညာများအား လက်ဆင့်ကမ်းမျှဝေနိုင်စေရေး၊ ရိတ်သိမ်း ချိန်လွန်ကဏ္ဍမှာ ဆန်အရည်အသွေးနှင့်ပတ်သက်ပြီး   ကြုံတွေ့နေရသည့်ပြဿနာများကိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်း စေနိုင်ရေး တို့အတွက် ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများကို ဖွင့်လှစ်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့ဆန်များ ကမ္ဘာ့ဈေးကွက်ဝေစု ပိုမိုရရှိစေရေး အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။  ဆန်စပါးအရည်အသွေး မြှင့်တင်ရေးနှင့်  မျိုးကောင်းမျိုးသန့် စပါးများ  တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသော စပါးများကို  ခေတ်မီနည်းပညာများဖြင့်  ကြိတ်ခွဲ ထုတ်လုပ်နိုင်ရေး တို့အတွက်  အချိတ်အဆက်မိမိ  ဆောင်ရွက်သွားရမည်ဖြစ်သည်။ ဆန်စက်များ ကိုင်တွယ်မောင်းနှင်ရာတွင်   ကျွမ်းကျင်ပိုင်နိုင်စေရေးအတွက် စက်မှုဝန်ကြီးဌာနအောက်ရှိ  ဆင်တဲစက်မှု သင်တန်းကျောင်းတွင် သင်တန်းများပူးပေါင်း သင်ကြားပေးလျက်ရှိသည်။

 

ဆန်စပါးသည် မြန်မာနိုင်ငံ၏ အဓိကစားသုံးသီးနှံဖြစ်သည့်အပြင် ပြည်ပပို့ကုန်ဝင်ငွေရှာဖွေပေး လျက်ရှိသည့် ကဏ္ဍတစ်ခုဖြစ်သည်။ စပါးကောင်းမှဆန်ကောင်းမည်ဖြစ်သကဲ့သို့ ဆန်စက်ကောင်းမှ ဆန် အရည်အသွေး ကောင်းမွန်မည်ဖြစ်သည်။ ဆန်အထွက်နှုန်းကောင်းမွန်မှသာ စိုက်ပျိုးသည့်တောင်သူများ ဝင်ငွေများ ပိုမိုရရှိလာနိုင်မည် ဖြစ်သည်။ ဆန်စပါးကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၊ တောင်သူများက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်သည်။

ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ရေးဆွဲအကောင်အထည်ဖော် လျက်ရှိသည့် အမျိုးသား ပို့ကုန်မဟာဗျူဟာ၏ ဦးစားပေးပို့ကုန်အမယ်ထဲတွင် ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍသည် ဦးစားပေးကဏ္ဍ တစ်ရပ်အဖြစ်ပါဝင်သည်။ ဆန်စပါးတင်ပို့မှုမြှင့်တင်ရေးမဟာဗျူဟာ၏ မျှော်မှန်းချက်သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝင်ငွေတိုးပွားလာစေရေးအတွက် အရည်အသွေး မြင့်မားပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်မည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ဆန်စပါးထုတ်လုပ်ရေးနှင့်တင်ပို့ရေးပင်ဖြစ်သည်။

ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စားနပ်ရိက္ခာဖူလုံမှုအပေါ်တွင် စိန်ခေါ်မှုများစွာ ပေါ်ပေါက်လျက်ရှိနေသည်။

နိုင်ငံတိုင်းက   ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် ဦးတည်ပြီး မူဝါဒမျိုးစုံ ချမှတ်ကျင့်သုံးနေကြ သော်လည်း  အချို့သောနိုင်ငံများမှာ လူဦးရေကများပြားပြီး စားနပ်ရိက္ခာ မလုံလောက်မှုနှင့်ကြုံတွေ့ နေကြရသည်။ အထူးသဖြင့် စားနပ်ရိက္ခာအတွက် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု မရှိသည့်နိုင်ငံ၊ ထုတ်လုပ်မှု နည်းပါးလှသည့် နိုင်ငံတိုင်းတွင် စားနပ်ရိက္ခာဖူလုံရေးမှာ အလှမ်းဝေးလျက်ရှိသည်။ မြန်မာနိုင်ငံသည် ရေမြေ တောတောင် သဘာဝက ဖန်တီးပေးထားသည့် စိုက်ပျိုးမြေများ ပိုင်ဆိုင်ထားသည်။ မြေကြီးကရွှေသီးသည်ဟု ဆိုရလောက်အောင်  စပါးစိုက်ပျိုးဖြစ်ထွန်းအောင်မြင်သည်။ စပါးနည်းတူ အခြားသော သီးနှံများလည်း ဖြစ်ထွန်းလျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အခွင့်အလမ်းကောင်းများ များစွာပိုင်ဆိုင်သောနိုင်ငံ ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဆန်စပါးကဏ္ဍသည်  ယခင်ကထက် ပိုမိုဦးစားပေး ဆောင်ရွက်ရန် လိုအပ်သည်။  ခေတ်နှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် အရည်အသွေးနှင့်အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ အမျိုးသားပို့ကုန်မဟာဗျူဟာ ရည်မှန်းချက်အရ မြန်မာ့ဆန်စပါးတိုးတက်ထုတ်လုပ်ပြီး  ပို့ကုန်တိုးမြှင့်ရန်နှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။