ဖွံ့ဖြိုးမှုဗဟိုချက် အာဆီယံကအလေးထားဆောင်ရွက်

ဖွံ့ဖြိုးမှုဗဟိုချက် အာဆီယံကအလေးထားဆောင်ရွက်

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် စတင်ထူထောင်ခဲ့ရာ ၂၀၂၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် (၅၆) နှစ်ပြည့်မြောက်ပြီဖြစ်သည်။ အာဆီယံဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များမှာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များမှတစ်ဆင့် ဒေသအတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု တိုးတက်ဖြစ်ပေါ်မှုကိုမြှင့်တင်ရန်၊ အင်အားကြီးနိုင်ငံများ၏ပြိုင်ဆိုင်မှု၊ ကြီးစိုးမှုများ ဒေသအတွင်း စိမ့်ဝင်ပျံ့နှံ့လာခြင်းမရှိစေရန်အတွက် ဒေသတွင်းနိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကိုကာကွယ်ရန် ဒေသအတွင်းရှိ နိုင်ငံများအချင်းချင်း သဘောထားကွဲလွဲမှုဖြစ်လာပါက ထိန်းသိမ်းဖြေရှင်းပေးရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အာဆီယံအသိုက်အဝန်းတစ်ခုကို ၂၀၁၅ ခုနှစ်တွင် ထူထောင်နိုင်ခဲ့သည်။ ကွဲပြားခြားနားသော သွင်ပြင်လက္ခဏာများရှိသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်ရင်း တစ်ချိန်တည်းတွင် အဖွဲ့ဝင်နိုင်ငံများကြားတွင်လည်းကောင်း၊ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများ၊ အခြားနိုင်ငံများ၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တည်ငြိမ်၊ အေးချမ်း၊ သာယာဝပြောသော လူထုဗဟိုပြုဒေသတစ်ရပ်ဖန်တီးရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံဒေသချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) ကို ၁၉၇၆ ခုနှစ်ဖေဖော်ဝါရီလတွင် အာဆီယံမူလအဖွဲ့ဝင် (၅) နိုင်ငံပါဝင်ချုပ်ဆိုခဲ့သည်။  မြန်မာနိုင်ငံသည် ၁၉၉၅ ခုနှစ်တွင် TAC စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ွှဗဃ စာချုပ်တွင်  အာဆီယံနိုင်ငံများသာမက  တရုတ်၊ ရုရှားဖက်ဒရေးရှင်း၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ ကိုရီးယားစသည်ဖြင့် နိုင်ငံပေါင်း (၅၁) နိုင်ငံပါဝင်လက်မှတ်ရေးထိုးပြီးဖြစ်သည်။

စင်ကာပူနိုင်ငံ၌  ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင်ကျင်းပသည့် (၁၃)ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပါအဝင် အခြားအာဆီယံခေါင်းဆောင်များမှ အာဆီယံ ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံသည် သတ္တမနိုင်ငံအဖြစ် ၂၀၀၈ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် အာဆီယံပဋိညာဉ်စာတမ်းကို အတည်ပြုခဲ့သည်။ အာဆီယံပဋိညာဉ်စာတမ်းသည် အာဆီယံ (၁၀) နိုင်ငံအတည်ပြုပြီးနောက် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့သည်။ ဤသို့ဖြင့် အာဆီယံသည် စည်းမျဉ်းစည်းကမ်းများကို အခြေခံသော အဖွဲ့အစည်းတစ်ရပ်ဖြစ်လာပါသည်။ အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ   အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း၊   အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းတို့ကို ထူထောင်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အာဆီယံအသင်းဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီးနောက်တွင် နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုနယ်ပယ်ဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်မှုကဏ္ဍအသီးသီးတွင် တက်<ကစွာပါဝင်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်းအရ တာဝန်ရှိအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်း  အခြေပြမြေပုံအကောင်အထည်ဖော်ဆောင်မှု၊ ဒေသဆိုင်ရာပေါင်းစည်းရေးနှင့် အသိုက်အဝန်း တည်ဆောက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင်အာဆီယံမဏ္ဍိုင်(၃)ရပ်နှင့် ၎င်းအောက်ရှိနယ်ပယ် ကဏ္ဍများတွင် အသိုက်အဝန်းထူထောင်ရေးကြိုးပမ်းမှုများတွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူ ကိုဆက်လက်လိုက်နာကျင့်သုံးလျက်ရှိသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို အခြေခံလျက် နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသည်။ ကမ္ဘာ့အသိုက်အဝန်းအတွင်း တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်မာစွာ ရပ်တည်လျက်ရှိသလို အာဆီယံအပါအဝင် ဒေသတွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။        

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူထားစဉ် မူဝါဒပိုင်းဆိုင်ရာဦးဆောင် ဦးရွက်ပြုခြင်း၊ ပူးပေါင်းညှိနှိုင်းခြင်း၊ တူညီဆန္ဒရယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့်  အာဆီယံ အသိုက်အဝန်းတစ်ရပ်တည်ထောင်ရေးကြိုးပမ်းမှုများအပါအဝင် အာဆီယံ၏အကျိုးစီးပွားနှင့်ကောင်းကျိုး ချမ်းသာကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ပြင်ပမိတ်ဆွေနိုင်ငံများနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးကို ခိုင်မာတိုးတက်စေရန် ဆောင်ရွက်ရာတွင် အာဆီယံကိုကိုယ်စားပြုဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် အာဆီယံနိုင်ငံများ အချင်းချင်းကောင်းကျိုးကိုသာရှေးရှုဆောင်ရွက်ခဲ့ပြီး နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမျိုး ကင်းရှင်းခဲ့သည်။ အနှစ်ချုပ်ဆိုရသော် (၅၆) နှစ်မြောက်အာဆီယံ နှစ်ပတ်လည်နေ့မှ နှစ်ပေါင်းကြာရှည်စွာ တည်တံ့ခိုင်မြဲ၍ ဖွံ့ဖြိုးမှုဗဟိုချက် အာဆီယံကအလေးထား ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။

 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများ လည်ပတ်နေမှုအခြေအနေ ကြည့်ရှု

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများ မြှင့်တင်ခြင်းဆောင်ရွက်လျက်ရှိရာ အဆိုပါရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်  ဆင်ရွာကျေးရွာရှိ  ဆီစက်နှစ်လုံး၏ လုပ်ငန်းလည်ပတ်မှုအခြေအနေများကို သြဂုတ် ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့စစ်ဆေးရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများသည် ဆင်ရွာကျေးရွာရှိ ဆီစက်ပိုင်ရှင်ဦးမျိုးကြည်နှင့် ဦးတိုးနိုင်တို့ပိုင်ဆိုင်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုရာသက်ဆိုင်ရာ ဆီစက်လုပ်ငန်းရှင် များက မိုးရာသီကာလဖြစ်၍ လုပ်ငန်းရပ်ထားမှုအခြေအနေ၊ ပွင့်လင်းရာသီတွင် စက်ကိရိယာများ တိုးချဲ့ပြင်ဆင် ဆောင်ရွက်ထားရှိမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ ထို့နောက်တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးကြောင်း သိရသည်။ 

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၅၆) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ

(၂၀၂၃ ခုနှစ် သြဂုတ်လ ၈ ရက်)

လေးစားအပ်ပါသော မြန်မာပြည်သူပြည်သားများနှင့် အာဆီယံ ပြည်သူများခင်ဗျား-

ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ (၅၆) နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ ဤနေ့ထူး နေ့မြတ်အခါသမယတွင် မြန်မာနိုင်ငံနှင့် အာဆီယံဒေသအတွင်းရှိ ပြည်သူပြည်သား များအားလုံး   ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ယနေ့ကြုံတွေ့နေရသည့် ကမ္ဘာ့ရေးရာအပြောင်းအလဲများအကြားတွင် အာဆီယံ ပြည်သူများ၏ကောင်းကျိုးချမ်းသာအတွက် ဆောင်ရွက်ရာ၌ အာဆီယံအသင်းကြီးအနေဖြင့် အောင်မြင်မှုများ တိုးတက်ရရှိပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အာဆီယံအသင်းကြီးကို လွန်ခဲ့သည့် (၅၆) နှစ်၊ စစ်အေးကာလ အပြင်းထန်ဆုံးအချိန်ဖြစ်သော ၁၉၆၇ ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံခေါင်းဆောင်များက အမြော်အမြင်ကြီးမားစွာဖြင့် စတင်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပါသည်။

ယင်းနေ့မှာပင် အာဆီယံကြေညာစာတမ်းဟုလူသိများသည့် ဘန်ကောက်ကြေညာစာတမ်းကို ခေါင်းဆောင်ငါးဦးတို့က လက်မှတ်ရေးထိုးပြီး အာဆီယံအသင်းကြီးကို စတင်ဖွဲ့စည်းခဲ့ပါသည်။

အာဆီယံအသင်းကြီး၏  တိုးတက်ပြောင်းလဲမှု  သမိုင်းဖြစ်စဉ် တစ်လျှောက်တွင်  စိန်ခေါ်မှုများနှင့်  ရပ်တည်အောင်မြင်မှုအတွက် သံသယများကို ရင်ဆိုင်ခဲ့ရသော်လည်း   ယခုအချိန်အခါ  ခေတ်မီ တိုးတက်နေသော ကမ္ဘာကြီးတွင်   အစိုးရများအချင်းချင်းအကြား ဖွဲ့စည်းထားသောအဖွဲ့အစည်းများအနက်  အာဆီယံသည်လည်း အောင်မြင်မှုရရှိနေသောအသင်းကြီးတစ်ခု ဖြစ်လာခဲ့ပါသည်။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေးသာမက ဒေသတွင်းပုံရိပ်ကိုပါ ထိန်းသိမ်းထားကြရန် တာဝန်ရှိပါသည်။ အာဆီယ အသင်းကြီး၏ အောင်မြင်မှုနှင့် သက်တမ်းရှည်ကြာမှုကို အဖွဲ့ဝင်(၁၀) နိုင်ငံဖြင့် တိုးချဲ့ ဖွဲ့စည်းသက်သေပြနိုင်ခဲ့သကဲ့သို့ နောက်ထပ်မိသားစုဝင်အသစ်ကိုလည်း ကြိုဆိုနိုင်ရေးအတွက် ပြင်ဆင်နေပြီဖြစ်ပါသည်။

ယနေ့အချိန်တွင် အာဆီယံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Amity and Cooperation in Southeast Asia- TAC) ကို လက်မှတ်ရေးထိုးရန် စိတ်အားထက်သန်သော နိုင်ငံ အရေအတွက် များပြားလာသကဲ့သို့ အာဆီယံပြင်ပနိုင်ငံများအနေဖြင့်လည်း အာဆီယံနှင့် မိတ်ဖက်ဆက်ဆံရေး ပုံစံအမျိုးမျိုးထူထောင်လိုမှု တိုးတက်များပြားလာသည်ကိုလည်း တွေ့ရပါသည်။ ထိုသို့ဖြစ်ပေါ်နေခြင်းမှာ အာဆီယံအသင်းကြီး၏ အခြေခံမူများသည် နိုင်ငံတကာနယ်ပယ်တွင် အရေးပါ အကျုံးဝင်နေဆဲဖြစ်ကြောင်း ထင်ဟပ်ပြသနေခြင်းပင်ဖြစ်ပါသည်။

ယနေ့အထိ အာဆီယံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) သို့ နိုင်ငံပေါင်း (၅၁) နိုင်ငံ ပါဝင်လက်မှတ်ရေးထိုး ပြီးဖြစ်သည်ကို အားတက်ဖွယ်တွေ့မြင်ရပြီး အာဆီယံနှင့် မိတ်ဖက် ဆက်ဆံမှုရှိသော (၁၁) နိုင်ငံနှင့်  မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး အဆင့်ရှိသည့် နိုင်ငံ (၉) နိုင်ငံရှိပြီး ၎င်းင်းတို့အနက် (၄) နိုင်ငံကို ဘက်စုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ပြီဖြစ်ပါသည်။

ထို့ပြင် အာဆီယံအသင်းကြီးနှင့် အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိကဒေသများမှ နိုင်ငံ (၁၀) နိုင်ငံတို့သည် ကဏ္ဍအလိုက်မိတ်ဖက်ဆက်ဆံရေး သို့မဟုတ် ဖွံ့ဖြိုးမှုမိတ်ဖက်ဆက်ဆံရေးအဆင့် ထူထောင်ထားရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် အာဆီယံအသင်းကြီးအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင်   ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝါဒ၏ အောင်မြင်မှု စံနမူနာတစ်ခုအဖြစ် သက်သေပြသနိုင်နေပြီဖြစ်ပါသည်။

သို့ရာတွင် အာဆီယံအသင်းကြီးသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ ခက်ခဲသည့်စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ အသင်းကြီးအနေဖြင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများဖြစ်သည့် သဘာဝဘေးအန္တရာယ်များ၊ ကူးစက်ရောဂါအသစ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှု၊ အစားအစာနှင့် စွမ်းအင်လုံခြုံရေးစသည့်ကိစ္စရပ်များတွင် အတူတကွ ဖြေရှင်းနိုင်ရန်အတွက် အနာဂတ်ကို ယခုထက်ပို၍ ကြိုတင်မှန်းဆပြင်ဆင်ထားရန်လိုအပ်ပါသည်။ ထိုကဲ့သို့ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းနိုင်ရန်အတွက် အာဆီယံဦးဆောင်သည့် ဆောင်ရွက်မှုပုံစံနှင့် စုစည်းမှုအားကောင်းသည့် ဒေသဆိုင်ရာ အဆင့်ချဉ်းကပ်မှုမျိုးရှိရန် အရေးကြီးပါသည်။

၂၀၂၃ ခုနှစ် အာဆီယံဥက္ကဋ္ဌက ချမှတ်ထားသည့် ASEAN Matters: Epicentrum of Growth ဖွံ့ဖြိုးမှုဗဟိုချက် အာဆီယံက အလေးထားဆောင်ရွက် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ အနာဂတ်တွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ကြရန် လိုအပ်မည်ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအဖြစ် ဒေသတွင်းစွမ်းအားဖြစ်ထွန်းစေရေးကို ပေါ်လွင်အောင် ဖော်ဆောင်ပေးရန်လိုပါသည်။

အာဆီယံအသင်းကြီးက ရည်ရွယ်ချမှတ်ထားသည့် မျှော်မှန်းချက်များကို  အောင်အောင်မြင်မြင် ရရှိနိုင်ရေးအတွက် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့်အညီ အာဆီယံ၏အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို အလေးအနက်ထား ကိုင်စွဲကြရန် သတိပြုကြရမည်ဖြစ်ပါသည်။ ထို့အပြင် ပထဝီနိုင်ငံရေး အားပြိုင်မှုများမှတစ်ဆင့် ပေါ်ပေါက်လာမည့်  ဖိအားပေးမှုများနှင့်  စိန်ခေါ်မှုများကို ညီညီညွတ်ညွတ် ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်ပါသည်။  မိမိတို့အနေဖြင့်  အာဆီယံ၏ အချက်အချာကျမှုနှင့် အာဆီယံဦးဆောင်သော အခန်းကဏ္ဍများအပေါ် ခြိမ်းခြောက်လာနိုင်သည့်အခြေအနေများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှု၊  အားလုံးပါဝင်မှုရှိပြီး စည်းမျဉ်းအခြေပြုသည့် ဒေသဆိုင်ရာဖွဲ့စည်းတည်ဆောက်မှုပုံစံကို ဖော်ဆောင်ကြရန် လိုအပ်ပါသည်။

အာဆီယံအသင်းဝင်နိုင်ငံများအနေဖြင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ နှင့် ဒေသဆိုင်ရာ ကတိကဝတ်များ ပြည့်မီစေရေး ကြိုးပမ်းဖော်ဆောင်လျက်ရှိရာတွင် ပြည်သူများ၏မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အာဆီယံအသင်းကြီး၏ အနာဂတ်နှင့် ၂၀၂၅ အလွန် အာဆီယံမျှော်မှန်းချက်များကို ထိန်းသိမ်းထားနိုင်ရေး၊ ပြည်သူများ၏ လူမှုဘဝတိုးတက် ကောင်းမွန်စေရေးအတွက် ကြံ့ကြံ့ခံနိုင်မှု၊  တီထွင်စွမ်းအားရှိမှုနှင့် ပြည်သူဗဟိုပြု အာဆီယံအသင်းကြီး ဖြစ်လာစေရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်းအခြေပြမြေပုံအကောင် အထည်ဖော်ဆောင်မှု၊ ဒေသဆိုင်ရာ ပေါင်းစည်းရေးနှင့် အသိုက်အဝန်း တည်ဆောက်ရေးတို့အတွက် အာဆီယံနှင့်အတူ တာဝန်သိအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဥပဒေကြောင်း အရနှင့် ဘဏ္ဍာရေးအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများ၌ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်း ရမည့် ဝတ္တရားများကို မပျက်မကွက်ထမ်းဆောင်လျက်ရှိနေပါသည်။  အထူးသဖြင့် အာဆီယံ-တရုတ် ဆွေးနွေး ဖက်ဆက်ဆံရေး ညှိနှိုင်းရေး တာဝန်ခံနိုင်ငံအဖြစ် ဆောင်ရွက်နေပြီး အာဆီယံမဏ္ဍိုင် (၃) ရပ်နှင့် ၎င်းင်းအောက်ရှိ နယ်ပယ်ကဏ္ဍများတွင်  အသိုက်အဝန်းထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

အာဆီယံပြည်သူပြည်သားများ ဖြစ်ကြသည့်   မိမိတို့အနေဖြင့် အနာဂတ်သာယာလှပစေရန် ကြိုးပမ်း ဆောင်ရွက်ကြရာတွင် စည်းလုံး ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိရမည်ဖြစ်ပါသည်။  ယခုကဲ့သို့ မင်္ဂလာရှိသည့် (၅၆)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် အာဆီယံ ပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့်ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်း ကတိကဝတ်ပြုပါသည်။

ဒေသတွင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး အတွက် ကြိုးပမ်းဆောင်ရွက် ကြရာတွင်လည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါအချက်များကို လေးစားလိုက်နာပြီး အာဆီယံ၏ အခြေခံမူများနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း တာဝန်ရှိသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထပ်လောင်း ကတိပြုလျက် သဝဏ်လွှာပါးအပ်ပါသည်။