ကြီးမားသော မေတ္တာထားရှိကာဖြင့် . . .

ကြီးမားသော မေတ္တာထားရှိကာဖြင့် . . .

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ သြဂုတ် ၉ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် မိမိနိုင်ငံသူ၊ နိုင်ငံသားများ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေးကို ရှေးရှုဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်တွင် မည်သည့် အခက်အခဲများနှင့်ကြုံသည်ဖြစ်စေ စိတ်ကောင်း၊ စေတနာကောင်းဖြင့် ရည်မှန်းချက် ပန်းတိုင်ရောက်အောင် လျှောက်လှမ်းလျက်ရှိသည်။

ပြည်သူတို့၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံး  တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်လျက်ရှိသည်။

ထို့အတူ တပ်မတော်သည် မည်သည့်ခေတ် မည်သည့် အစိုးရပင်ဖြစ်စေ “ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဟူသောခံယူချက်ဖြင့် ဒို့တာဝန်အရေးသုံးပါးကို အမြဲဦးထိပ်ပန်ဆင်လျက် နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ ပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်နေသူ  Guardian အဖြစ် အစဉ်အမြဲတည်ရှိနေပါသည်။ ပြည်သူလူထု၏ သားသမီးများဖြစ်ကြသော   ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ် များကိုလည်း မိမိတို့၏ ဆွေမျိုးရင်းချာ ညီရင်းအစ်ကိုပမာ စိတ်ဖြင့်ပြုမူ ဆက်ဆံလျက်ရှိသည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ဖြစ်ရပ်မှန်များကို ထဲထဲဝင်ဝင်မသိရှိကြဘဲ အဖျက်သမားတို့၏ သွေးထိုးလှုံ့ဆော်မှုတွင် မှားယွင်းစွာ လိုက်ပါသွားကြသူများကိုလည်း ကြီးမားသောမေတ္တာ စိတ်ထား၍ ပြန်လည်ခေါ်ယူပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်  PDF  အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး   ဥပဒေဘောင်အတွင်းသို့  ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်၊ ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ဖိတ်ခေါ်လျက် ရှိသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ နယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိသည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏ ကြီးမားသောမေတ္တာ၊ မှန်ကန်သော စေတနာတို့ကြောင့် လမ်းမှားသို့ ရောက်သွားသော လူငယ်များသည် ဥပဒေဘောင်အတွင်းသို့  စဉ်ဆက်မပြတ် ပြန်လည်ဝင်ရောက်လျက် ရှိသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများတွင် လက်နက်၊ ခဲယမ်းများ ပါရှိလာပါက သတ်မှတ်ထားသည့် ဆုကြေးငွေများကို အပြည့်အဝ ထုတ်ပေးလျက်ရှိပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည် အပ်နှံပေးခြင်းကို သြဂုတ် ၂ ရက်နေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တမူး၊ ကလေး၊ ကန့်ဘလူနှင့် ဂန့်ဂေါတပ်နယ်တို့ရှိ ခန်းမများ၌ပြုလုပ်ခဲ့သည်။ PDF အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် မောင်းပြန်သေနတ်လေးလက်၊ ပစ္စတိုသေနတ်တစ်လက်၊  လက်ပစ်ဗုံးနှစ်လုံးနှင့် စကားပြောစက် နှစ်လုံးတို့ကို အပ်နှံခဲ့ကြသည်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀ စီနှင့် မောင်းပြန်သေနတ်ပါရှိသူ လေးဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ် သိန်း ၅၀၊ ပစ္စတိုသေနတ်ပါရှိသူ တစ်ဦးအား ဆုကြေးငွေကျပ်သိန်း ၂၀၊ လက်ပစ်ဗုံးနှစ်လုံးနှင့် စကားပြောစက်နှစ်လုံး ပါရှိသူ တစ်ဦးအား ငွေကျပ်ခုနစ်သိန်းတို့ ပေးအပ်ခဲ့ရာ စုစုပေါင်း ငွေကျပ် ၅၆၇ သိန်း ချီးမြှင့်ခဲ့သည့်အပြင် ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများက လက်ခံရယူကြသည်။ ထို့နောက် မိဘအုပ်ထိန်းသူများထံ ကောင်းမွန်စွာ လွှဲပြောင်းပေးခဲ့သည်။

ထို့အတူ သြဂုတ် ၄ ရက်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေ၌ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၁၄ ဦးတို့အား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းတို့နှင့်အတူ ၉ မမ ပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ၉ မမ ကျည် ၂၀ တောင့်၊  RPG တစ်လက်၊ ဒုံးသီးတစ်လုံးနှင့် ပို့ကျည်တစ်တောင့် ပါရှိလာခဲ့သည်။

၉ မမ ပစ္စတိုဖြင့် အလင်းဝင်ရောက်လာသူ တစ်ဦးအား ဆုကြေးငွေကျပ်သိန်း ၂၀၊ RPG တစ်လက်အတွက် ငွေကျပ် ၇၅ သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၁၄ ဦးတို့အတွက် ငွေကျပ် ၁၅ သိန်းပေးအပ်ခဲ့ရာ စုစုပေါင်းငွေကျပ်သိန်း ၁၁၀ ချီးမြှင့်ခဲ့သည့်အပြင် ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ၎င်းတို့၏ မိဘများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အထက်တွင်ဖော်ပြခဲ့သည်မှာ သြဂုတ် ၂ ရက်နှင့် ၄ ရက်နေ့တို့တွင် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် သတင်းမျှသာဖြစ်သည်။ ယခင်ကလည်း အကြိမ်ကြိမ် လက်ခံခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကြီးမားသော မေတ္တာများဖြင့်ဖိတ်ခေါ်လျက်ရှိပေရာ ဥပဒေဘောင်အတွင်း နေထိုင်ခြင်းမှာ ဘေးကင်းရန်ကွာ စိတ်ချမ်းသာဖွယ် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။