တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး

တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး

မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့်  ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်မှသာ    မိမိတို့၏ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပါတီများအနေဖြင့် အယူအဆများနှင့် သဘောတရားများ တူညီမှုမရှိနိုင်ဘဲ သဘောထားကွဲလွဲမှုများလည်းရှိနိုင်ကြောင်း၊ တိုင်းရင်းသား လူမျိုးစုအလိုက်လည်း မတူညီသည့်လက္ခဏာများရှိကြောင်း၊ ထို့ကြောင့် လူပုဂ္ဂိုလ်နှင့် လူမျိုးကိုအခြေခံဆောင်ရွက်၍ ရမည်မဟုတ်ဘဲ ဒေသနှင့်အများ၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လူအနည်းစု၏သဘောထားကိုလည်း အလေးထားရန်လိုကြောင်း၊ သို့မှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု၊စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များအား သြဂုတ် ၇ ရက်က တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အကြီးအကဲများကို တာဝန်ပေးအပ်ရာတွင် ဝန်ကြီးဌာနအလိုက် တာဝန်ထမ်းဆောင်လျက်ရှိသူများ၊ အတွေ့အကြုံရှိပြီးသူများနှင့် ဒေသနှင့်ကိုက်ညီသူများကို စိစစ်ရွေးချယ်၍ စစ်ဘက်၊ အရပ်ဘက် မျှတစွာတာဝန်ခွဲဝေပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခင်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့်မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်း မရှိသည့်အပြင် နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ယာယီသမ္မတ၏တာဝန်ပေးအပ်မှုအရ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်း ဖြစ်သည်။

လွှတ်တော်ကိုဖျက်သိမ်းပြီးနောက်  ၎င်းတို့အနေဖြင့် ဥပဒေနှင့်အညီ  ဖြေရှင်းဆောင်ရွက်ခြင်း မရှိဘဲ တရားမဝင် အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF အဖွဲ့များကိုဖွဲ့စည်းကာ လက်နက်ကိုင် အကြမ်းဖက် လမ်းစဉ်များကို ရွေးချယ်ခဲ့သည်။

PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် EAO အဖွဲ့အချို့၏ကူညီအားပေးမှုနှင့် အထောက်အပံ့များကို ရယူ၍ လက်နက်ကိုင် အကြမ်းဖက်မှုများကို လုပ်ဆောင်ခဲ့သည်။ တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိစေရေး ယခင်ကတည်းက ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား လုပ်ဆောင်သွားမည်။  အကြမ်းဖက် လုပ်ရပ်များကြောင့် အချို့သော ဒေသများတွင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်ကို ဦးဆောင်လျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပဉ္စမမြောက်လုပ်ငန်းစဉ်သည်  ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟူ၍ဖြစ်သည်။  အဆိုပါရှေ့လုပ်ငန်းစဉ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက်  ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်း၍  တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် သမာသမတ်ကျသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ NCA များအနေဖြင့် ပြင်ပသွေးထိုးလှုံ့ဆော်မှုများကြောင့် NCA ကို မထိခိုက်စေရန်လည်း အထူးသတိပြုသင့်ပေသည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအပေါ် နှောင့်ယှက်မှုများ ရှိနေမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်ရေး လုပ်ငန်းစဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်သည်။ ထိုသို့နှောင့်နှေးစေခြင်းသည် ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ပြန်လည်ဖော်ဆောင်ရေးအတွက် လုပ်ဆောင်ရမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် နှောင့်နှေးစေနိုင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် အကြမ်းဖက် ဖြစ်စဉ်များ အားလုံးချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် ပြည်သူတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။