များလှပြည်သူ ကုသိုလ်ယူ

များလှပြည်သူ ကုသိုလ်ယူ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့်  ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သြဂုတ် ၈ ရက် နံနက် ၆ နာရီမှစတင်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူပြည်သူများဖြင့် အထူးစည်ကားလျက် ရှိသည်။ ဘုရားဖူးလာပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်ချမ်းမြေ့စွာဘုရားဖူးမြော်နိုင်ရေး အတွက် ဘုရားကြီး၏မုခ်ဦးများရှေ့တွင် လုံခြုံရေးအရလိုအပ်သည့်စစ်ဆေးမှုများနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် သံဃာတော်များ၊ မသန်စွမ်းသူများနှင့်သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့သွားလာရေး လွယ်ကူစေရန်အတွက် မော်တော်ယာဉ်ငယ်များဖြင့် စနစ်တကျပို့ဆောင်ပေးလျက်ရှိသည်။ ဘုရားဖူးလာ ပြည်သူများအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး စိတ်အေးချမ်းသာစွာ တရားဘာဝနာပွားများခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားသည့် ဘုရားရင်ပြင်တော်ပေါ်သို့ အလွယ်တကူ တက်ရောက်ဖူးမြော် ကြည်ညိုနိုင်ရေးအတွက် စက်လှေကားကိုလည်း ထည့်သွင်းတည်ဆောက်ထားရှိရာ မသန်စွမ်းသူနှင့် သက်ကြီးရွယ်အိုများအတွက် များစွာအဆင်ပြေလှသည်။

ဘုရားကြီး၏ရင်ပြင်တော်ပတ်လည်၌ ဂန္ဓကုဋိတိုက် ၂၄ ဆောင်ကို စကျင်ကျောက်များဖြင့် တည်ဆောက်ထားရှိသည့်အတွက် ဘုရားဖူးလာပြည်သူများ အနေဖြင့် စိတ်အေးချမ်းသာစွာ ဂန္ဓကုဋိတိုက်တော်များ အတွင်းမှ ဘုရားကြီးအားဖူးမြော်ကြည်ညိုနိုင်ကြသည်။ ထို့ပြင် ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ပိဋကသုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်း လေ့လာဖတ်ရှုကြည်ညို နိုင်စေရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ပါဠိအက္ခရာ၊  Romanize  Language တို့ကို  ခေတ်မီစက် ကိရိယာများဖြင့် ရေးထိုးထားသည်။ ကျောက်စာရုံစေတီတော် အဆူ ၇၂၀ ကို ရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာမူရာ တည့်တည့်၌ တည်ဆောက်ပူဇော်ထားရှိရာသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာပြည်သူများက စိတ်ဝင်စားစွာ ဖူးမြော် လေ့လာကြည်ညိုကြသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားရှိရာ ဗုဒ္ဓဥယျာဉ်အတွင်း၌ နိုင်ငံတော်သြဝါဒါ စရိယဆရာတော်များ၏ သြဝါဒခံယူလျက် ပိဋကတ်တော်လာအဆိုများ၊ မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့် အညီ ပြည့်စုံစွာတည်ထားကိုးကွယ်သည့် မုစလိန္ဒအိုင်နှင့် နဂါးရုံဘုရားတို့ကိုလည်း ဘုရားဖူးလာပြည်သူများ ကြည်ညိုစွာဖူးမြော်ကြသည်။ ဗုဒ္ဓဥယျာဉ်တော်ကြီးမှာ ၂၅၅ ဧက ကျယ်ဝန်းပြီး ထိုဥယျာဉ်ကြီးအတွင်းအလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးသည် ဝိသုံဂါမသိမ်တော်ကြီးလည်းဖြစ်ပြီး သံဃာတော်အပါး ၉၀၀၊ လူပုဂ္ဂိုလ် ၁၂၀၀ ဦးဝင်ဆံ့သည်။ နိုင်ငံတော်အဆင့် သာသနာရေးဆိုင်ရာ အခမ်းအနားများကျင်းပနိုင်ရန် ရည်ရွယ် တည်ဆောက်ထားခြင်း ဖြစ်သည်။ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (၂၀၂၃ ခုနှစ်၊ သြဂုတ် ၁ ရက်) နံနက်ပိုင်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  ဗုဒ္ဓါဘိသေကအနေကဇာတင်၍     ဗုဒ္ဓါဘိသိက်သွန်းလောင်း ပူဇော်ခြင်း၊    ကျောက်စာရုံစေတီတော်များအား    ရွှေထီးတော်တင်လှူပူဇော်ခြင်းများဆောင်ရွက်ပြီး  ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားကို အဆိုပါသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်ကို မြင်တွေ့ကြရပြီးဖြစ်သည်။

ထို့ပြင် ရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ်တကျ တည်ဆောက် ထားရှိသည့် ရေပန်းရင်ပြင်နှင့်ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများမှာလည်း ဘုရားဖူး ပြည်သူများအနေဖြင့် မိသားစုအလိုက်၊ မိတ်ဆွေသူငယ်ချင်းများအစုအဖွဲ့အလိုက်ပျော်ရွှင်စွာဘုရားဖူးရင်း စိတ်အပန်းဖြေရာနေရာဖြစ်ပြီး အမှတ်တရဓာတ်ပုံရိုက်နေကြသည်များကို တွေ့မြင်ရသည်။

ဘုရားဖူးပြည်သူများ ခေတ္တအနားယူနိုင်စေရေးအတွက် ကျွန်းတိုင်များအသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူမပျက်ဆောက်လုပ်ထားသည့် ရတနာပုံခေတ်သုဓမ္မာဇရပ်ခြောက်ဆောင်ကို တည်ဆောက်ထားရှိသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏    အခြံအရံမဟာဒါနပါရမီကုသိုလ်တော်များအဖြစ် မော်ကွန်းပြတိုက်၊ ဂေါပကရုံးအဆောက်အအုံ၊ မဟာဗောဓိပင်နှင့် ဂြိုဟ်ပြေနံပြေဘုရားများ၊ မန္တလေးရတနာပုံနန်းမြို့အဝင် မင်္ဂလာတံတားနှင့််ပုံစံတူတံတား၊ အဝင်မုခ်ဦးနှစ်ဆောင်၊ ဗုဒ္ဓဥယျာဉ်တော်မဟာရံတံတိုင်း၊ ရုပ်ပွားတော် တက်မင်္ဂလာမုခ်ဦးကြီးလေးစင်း၊ ရွေ့လျားစက်လှေကားတစ်စင်း၊ ယာဉ်ရပ်နားကွင်းနှင့် ၄၂ မီတာအမြင့်ရှိသော မိုးကြိုးလွှဲတိုင်နှစ်တိုင် အစရှိသည့် သာသနိကအဆောက်အအုံမျိုးစုံတို့ကို တည်ဆောက်ပူဇော်ထားသည်။ ဘုရားဖူးလာရဟန်းရှင်လူပြည်သူများအနေဖြင့် အလှူငွေများ ပေးအပ်လှူဒါန်းမှု ပြုနေကြသလို ခုနစ်ရက်သားသမီး အလှူရှင်များအနေဖြင့်လည်း ဘုရားဖူးလာပြည်သူများ သက်သတ်လွတ် သီးစုံဒံပေါက်များကို အာဟာရဒါနစတုဒိသာအဖြစ် လှူဒါန်းမှုပြုလျက်ရှိကြသည်။ ဤမျှကြီးကျယ်ခမ်းနား သပ္ပာယ်လှသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  ရဟန်းရှင်လူအများပြည်သူများအနေဖြင့်  သြဂုတ်  ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့လာရောက် ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားပါကြောင်း ရေးသား တင်ပြလိုက်ရပေသည်။   ။