သစ်ပင်စိုက်ပျိုး ချမ်းသာတိုး

သစ်ပင်စိုက်ပျိုး ချမ်းသာတိုး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၃ ရက်)

    သစ်ပင်စိုက်ပျိုးခြင်းသည် ထာဝရ ကုသိုလ်ပြုခြင်းဖြစ်သည်။ ထိုသစ်ပင်ရှင်သန် ကြီးထွား၍ အရိပ်ရသောအခါ လူပေါင်းများစွာ နားခိုနိုင်သကဲ့သို့ ငှက်ပေါင်းများစွာလည်း နေထိုင်နိုင်ကြသည်။ သစ်ပင်ကြီးကြီး မားမားရှိနေသည့်အခါ  သဘာဝမိုးဒဏ်၊ လေဒဏ်ကို ကာကွယ်ပေးနိုင်သည့်အတွက် ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် အရေးကြီးသည့်ပြန်လည် ထူထောင်ရေး လုပ်ငန်း တစ်ခုဖြစ်သည့် အတွက် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် သစ်တောသစ်ပင်များ နေရာတွင် အစားထိုးစိုက်ပျိုး ပြုစုထိန်းသိမ်းနိုင်စေရန်၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရန်နှင့်  သစ်ပင်စိုက်ပျိုး ပွဲတော်များတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပလျက်ရှိသည်။

    နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ သစ်ပင်ပေါင်း ၂၄ ဒသမ ၆၁၉ သန်း စိုက်ပျိုးရန် လျာထားကြောင်းနှင့်   ဇူလိုင်   ၃   ရက်နေ့အထိ လေ့လာသိရှိရသော စာရင်းများအရ သစ်ပင်ပေါင်း ၂၀ ဒသမ ၅၂ သန်းကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင်ကျေးလက်နေ ပြည်သူ များ၏ လောင်စာလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် ယခုနှစ်မိုးရာသီတွင် ကျေးရွာထင်းစိုက်ခင်း တစ်ရွာလျှင် ၂ ဧက အပါအဝင် ၄၂၈၇ ဧကတည်ထောင်ရန် လျာထားပြီး စိုက်ပျိုး ဆောင်ရွက်လျက်ရှိသည်။ ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြေရှင်းရန် နည်းလမ်းအမျိုးမျိုး ရှိသည့်အနက် သစ်ပင်များစိုက်ပျိုးခြင်းနှင့် သစ်တောများ ထိန်းသိမ်းခြင်းသည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ အထိရောက်ဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံး၊ သဘာဝနှင့် လိုက်လျောညီထွေ အဖြစ်ဆုံးဖြစ်သည့်အတွက် တစ်ဦးတစ်ယောက်ချင်းမှစ၍ ရပ်ကွက်နှင့်ကျေးရွာ၊ မြို့နယ်အဖွဲ့အစည်းများ အလိုက် တစ်ပင်စိုက်တစ်ပင ်ရှင်သန်အောင်မြင်အောင် စိုက်ပျိုးပြုစု သွားကြရမည်ဖြစ်သည်။

    လူ့လောကလူ့ပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင် ကောင်းကျိုးစီးပွား ဖြစ်ထွန်းစေလိုလျှင်”သစ်ပင် ကိုနှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး”ဆောင်ပုဒ်အတိုင်း လူတိုင်းနှစ်စဉ် သစ်ပင်စိုက်ကြရပေမည်။ ယနေ့ကမ္ဘာအရပ်ရပ်တွင် သစ်တောသစ်ပင်များ ဖြစ်ထွန်းအောင် စိုက်ပျိုးမှုနှင့်ထုတ်လုပ် သုံးစွဲမှုအတိုင်းအတာ ပမာဏတို့ကို အချိုးကျတွက်ကြည့်ပါက ထုတ်ယူသုံးစွဲမှုက များ၍ သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပညာရှင်များက ထောက်ပြပြောဆိုလျက်ရှိသည်။ သစ်တောများ ပြုန်းတီးခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးများဖြစ်ပေါ်လာစေသည်။ သဘာဝတောရိုင်း တိရစ္ဆာန်များ လျော့နည်းလာသည်။ ကပ်ရောဂါဘေးများ ထူပြောလာသည်။ ရာသီဥတုပြောင်းလဲမှုသည် ၂၁ ရာစုတွင် လူသားများ ရင်ဆိုင်နေရသည့် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာသည်။

    အထူးသဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုအများဆုံး ခံစားကြရသည့် ပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် ဒီရေတောအပင်များ၊ ဆားငန်ဓာတ်ခံနိုင်ရည် ရှိသောအပင်များ၊ ရေသောက်မြစ်နက်ရှိုင်းစွာရှိပြီး ဘေးမြစ်ဖြာထွက်မှု အားကောင်းသော အမြဲစိမ်းအပင်များ၊ အုန်းပင်၊ပင်လယ်ကဗွီးကဲ့သို့ ပင်စည်ကွေးညွတ်အားကောင်းပြီး အရွယ်သေးငယ်သော အပင်များကို စိုက်ပျိုးရမည်ဖြစ်သည်။   

    နိုင်ငံတစ်ဝန်း စိမ်းလန်းစေရန် သစ်ပင်များကို လိုသည်ထက် ပိုမိုခုတ်ယူမှုမပြုသင့်ပါ။ လိုသည်ထက်ပိုပါက  တောပြုန်းကာ  တောင်ကတုံးဖြစ်နေပေလိမ့်မည်။  တောင်ကတုံးဖြစ်၍ တောပြောင်လျှင် မိုးခေါင်ပေလိမ့်မည်။ မိုးခေါင်နေလျှင်လယ်ယာသီးနှံများ စိုက်ပျိုးရေးတွင် အခက်အခဲ ရှိနေမည်ဖြစ်သလို လူသားတို့၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်မည်ဖြစ်သည်။  “တစ်စေ့မှတစ်ပင်၊ တစ်ပင်မှတစ်စု၊ တစ်စုမှတစ်တော၊  တစ်တောမှတစ်ရွာ၊  ပျိုးထောင်ပါက၊  ဘယ်မှာတို့များ၊  သစ်ထင်းရှားလိမ့်” ဟုဆိုထားသည့်အတိုင်း တပ်မတော်သည် ၂၀၁၁ ခုနှစ်မှစတင်ကာ သစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိပါသည်။

    မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှု လွန်စွာကောင်းမွန်သောနိုင်ငံဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် သစ်ပင်စိုက်ပျိုးခြင်းကို မဖြစ်မနေ လုပ်ဆောင်လျက်ရှိပါသည်။ သစ်တောရတနာသည် လူသားတစ်ရပ်လုံးအတွက် အမှန်တကယ် တန်ဖိုးကြီးမားလှသည်။ သစ်တောသစ်ပင်များမှ သစ်နှင့်သစ်တော ထွက်ပစ္စည်းများကို စီးပွားဖြစ်ထုတ်ယူသုံးစွဲနိုင်သကဲ့သို့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိအောင်လည်း ထိန်းညှိပေးရမည်ဖြစ်သည်။ သို့မှသာ ကမ္ဘာမြေကြီးသည် စိမ်းလန်းသာယာ လှပနေပြီး ရာသီဥတု ကောင်းမွန် မျှတမည်ဖြစ်ပါသည်။

    သစ်ပင်များစိုက်ပျိုးရာတွင် စက်မှုကုန်ကြမ်းသီးနှံပင်၊ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်၊ အရိပ်ရလေကာပင်ဟူ၍ အမျိုးအစားခွဲခြား စိုက်ပျိုးလျက်ရှိသည်။ သစ်တောများ ထိန်းသိမ်းရာတွင်လည်း ခုတ်လှဲရန် မသင့်သောအပင်များကို သတ်မှတ်ပေးခြင်း၊ ခုတ်လှဲသော အပင်များနေရာတွင် အစားထိုးပြန်လည် စိုက်ပျိုး ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။ သစ်ပင်များစိုက်ပျိုးခြင်းမှာ လူသားတို့အတွက် ကောင်းကျိုးချမ်းသာကို ဖန်တီးပေးခြင်းဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။