တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး

တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၄ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက်မှုဖြစ်စဉ်များ ရှိနေဆဲဖြစ်သဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ နောက်ထပ်(၆)လ သက်တမ်းတိုးမြှင့်ခဲ့ရသည်။

ဆက်လက်ထမ်းဆောင်သွားမည့် ကာလအတွင်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေးကို ဦးတည်ချက်ထား၍ ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါ်ပေါက်လာသော တပ်မတော်သည် နိုင်ငံနှင့်လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာအတွက်  အမြဲတာဝန်ကျေပွန်ခဲ့သော တပ်မတော်ဖြစ်ပါသည်။ ထိုသို့နိုင်ငံ့တာဝန်များကို ထမ်းဆောင်လျက် ရှိနေစဉ်မှာပင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး တာဝန်များဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး သုံးပါးကိုလည်း ထမ်းဆောင်ခဲ့ပါသည်။ ထို့ကြောင့် တပ်မတော်သားတိုင်း လိုက်နာကြရသည့် စစ်သည်တော် ကျင့်ဝတ်တွင် “ဒို့တာဝန်အရေးသုံးပါးသည် ရဲဘော်တိုင်း၏ အမျိုးသားနိုင်ငံရေးတာဝန်”ဟူ၍ တိတိကျကျ ဖော်ပြထားသည်။

၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတော်၏ကြီးမားသည့် အရေးကိစ္စများ ကြုံတွေ့လာသည့် အချိန်များတွင်လည်း တပ်မတော်အနေဖြင့် မှန်ကန်သော ရပ်တည်ချက်၊ အမျိုးသားရေး ခံယူချက်တို့နှင့်အတူ နိုင်ငံတော်နှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ပေးခဲ့ပါသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးရန်ပြုလာသည့် သောင်းကျန်းသူများအား အောင်မြင်စွာ တိုက်ထုတ်ချေမှုန်းနိုင်ခဲ့ပါသည်။ ယနေ့အချိန်ထိ နိုင်ငံတော်ပေါ် ကျရောက်လာသော ရန်စွယ်ဟူသမျှ ရှေ့ကနေမားမားမတ်မတ် ရပ်တည်ကာကွယ်ပေးလျက် ရှိသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲမသမာမှုများမှာ မဲပေးပိုင်ခွင့်ရှိသူ ပမာဏ၏ လေးပုံတစ်ပုံကျော်ဖြစ်သည်။ မဲမသမာမှုများကို တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်း မရှိသည့်အပြင် နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မရယူရန် လုပ်ဆောင်လာခဲ့သောကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်။

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အသစ်ထပ်မံ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို နိုင်ငံသားအားလုံးက ကျယ်ကျယ်ပြန့်ပြန့် လေ့လာ၍ အောင်မြင်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ကျရာအခန်းကဏ္ဍက ပါဝင်ကြရမည်ဖြစ်သည်။ တိုင်းပြည်အတွက် ရေရှည်အကျိုးကို မြော်တွေး၍ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် အန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့်နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။

နိုင်ငံတကာရှိ တပ်မတော်တိုင်းသည် ပြည်ပအန္တရာယ်၊ ရန်စွယ်များကို ကာကွယ်ရန်ဖြစ်ပြီး ရဲတပ်ဖွဲ့သည် ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်မှုများ၊ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရသည် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ သမိုင်းကြောင်း အခြေအနေများအရ တပ်မတော်မှမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြေရှင်းရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတွင် အတူတကွပူးပေါင်း၍ တာဝန်ထမ်းဆောင်နေကြရသည်။ တပ်မတော်ကို စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိရာတွင် စစ်သည်တစ်ဦးချင်း၏ စွမ်းရည်မြင့်မားစေရေးအတွက် အမြဲလေ့ကျင့် ဆောင်ရွက်နေကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ် ၁၁ ရက်က အနောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်တပ်နယ်မှ အရာရှိ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် “အရာရှိ၊ စစ်သည်များ အနေဖြင့် မိမိတို့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အောင်မြင်မှုများ ရရှိအောင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး တစ်ဦးချင်း၏ စွမ်းဆောင်မှု၊ ကြိုးပမ်းအားထုတ်မှုမှသည် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်ဖြစ်စေရေး အားလုံးမှဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း၊ တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မိမိတို့တတ်စွမ်းသရွေ့ ဝိုင်းဝန်းအားပေး ဖော်ဆောင်သွားကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သားအားလုံး “ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်၊ ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ တပ်မတော်၏ ဂုဏ်ကိုအသက်စွန့်ပြီး မြှင့်တင်လိုသည့် စိတ်ဓာတ်၊ အချင်းချင်းရိုင်းပင်း ကူညီလိုသည့်စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်”ဟူသော တိုက်ပွဲဝင်စိတ်ဓာတ် ထားရှိကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဟူသည့် ဆောင်ပုဒ်နှင့်အညီ ပြုမူကျင့်ကြံလျက် အမျိုးသားနိုင်ငံရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။