ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် လူသားတိုင်းအတွက်  အရေးကြီးဆုံးအရာဖြစ်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့်ပတ်သက်၍   တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးကို ဦးတည်ချက်ချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပြုရာတွင်  ကျန်းမာရေး ဝန်ကြီးဌာနနှင့် တပ်မတော်မှဆောင်ရွက်ပေးလျက်ရှိသကဲ့သို့  ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများကိုလည်း လုပ်ပိုင်ခွင့်ပေးကာ ဆောင်ရွက်စေလျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ အောင်မြင်စွာနှင့်  လွယ်ကူစွာ ဖွင့်လှစ်နိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိသည်။ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများသည် အရေးပါသည့် ကဏ္ဍတစ်ရပ်အဖြစ်ပါဝင်သည်။ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ  ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ စနစ်တကျ တိုးတက်ဖြစ်ထွန်းနေရန် လိုအပ်သည်။ ပုဂ္ဂလိကကျန်းမာရေးလုပ  ်ငန်းများ အောင်မြင်စွာနှင့် လွယ်ကူစွာ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက်လည်း အလေးထားဆောင်ရွက် ပေးလျက်ရှိသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် အထွေထွေရောဂါကုဆေးခန်း ၅၁၂၄ ခု၊ အထူးကုဆေးခန်း ၁၀၀၂ ခု၊ အထွေထွေရောဂါကုဆေးရုံ ၂၇၀ ခွင့်ပြုပေးထားပြီးဖြစ်သည်။

ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများအနေဖြင့် အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ လူနာများ ဘေးကင်းလုံခြုံရန်၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ဘေးကင်းလုံခြုံရန်၊ အခြားဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီစဉ်ထားရှိရန်၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ/နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့်အချက်အလက်များ ပြည့်စုံစွာဆောင်ရွက်ထားရန် လိုအပ်သည်။ ပြည့်စုံစွာ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိတို့ကို အထူးအလေးထား စိစစ်ရမည်ဖြစ်သကဲ့သို့ တစ်ဖက်မှလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များတွင် ဝန်ထုပ်ဝန်ပိုး မဖြစ်ပေါ်စေရေးနှင့် နှောင့်နှေးမှု မဖြစ်ပေါ်စေရေး သတိပြုရမည်ဖြစ်သည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆောင်ရွက်ထားရှိရမည့် ကဏ္ဍပေါင်းစုံအား ပြီးပြည့်စုံအောင်ဆောင်ရွက်ထားမှသာ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် လုပ်ငန်းလိုင်စင် တစ်လအတွင်းကို ခွင့်ပြုပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ကျန်းမာရေး စောင့်ရှောက်ပေးသူများ၏ ပေါ့ဆမှုကြောင့် လူနာများအတွက် ဆိုးကျိုးများ မဖြစ်ပေါ် စေရေးအလေးထား ဆောင်ရွက်ကြရန်ဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများသည် သက်ဆိုင်ရာ ဆေးကောင်စီ/သူနာပြုနှင့် သားဖွားကောင်စီများက အသိအမှတ်ပြု ထုတ်ပေးထားသည့် ဆေးကုသ ခွင့်လိုင်စင်/သူနာပြု-သားဖွား သက်တမ်းရှိ လိုင်စင်ရရှိပြီးသူ ဖြစ်ရန်လည်း လိုအပ်ပေသည်။ ထို့ပြင် တည်ဆဲဥပဒေ တစ်ရပ်ရပ်ဖြင့် ငြိစွန်းထားသူများ မဖြစ်ရန်လည်း အထူးလိုအပ်သည်။ လူနာများဘေးကင်း လုံခြုံရေးအတွက် အဆောက်အအုံပိုင်းဆိုင်ရာ တည်ဆောက်မှု အရည်အသွေး ပြည့်ဝစေရေး၊ ၂၄ နာရီဝန်ဆောင်မှုနှင့် အရေးပေါ်ဝန်ဆောင်မှုပေးနိုင်ရေး၊ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်ခွဲခန်းစသည်တို့သည် အရေးကြီးသော အင်္ဂါရပ်များ ဖြစ်၍ အဆင့်ဆင့်ကွင်းဆင်းအဖွဲ့များဖြင့် မြေပြင်ကွင်းဆင်းစိစစ်ပြီး လိုအပ်ချက်များ ပြည့်စုံမှုရှိစေရန် အလေးထားညွှန်ကြားစိစစ်ရမည်ဖြစ်သည်။

ပုဂ္ဂလိကကျန်းမာရေး ကဏ္ဍမြှင့်တင်ရန်အတွက် ပုဂ္ဂလိကဆေးရုံများတွင် ကျောက်ကပ် အစားထိုးကုသခြင်းလုပ်ငန်းများ၊ ကျောက်ကပ်သွေးသန့်စင်ခြင်း လုပ်ငန်းများ၊ နှလုံးခွဲစိတ်ကုသမှုနှင့် အဆင့်မြင့်စစ်ဆေးခြင်း လုပ်ငန်းများ၊ ကင်ဆာဓာတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်း လုပ်ငန်းများကို ခွင့်ပြုပေးထားပြီးဖြစ်ရာ ကျန်းမာရေး စောင့်ရှောက်မှုခံယူသူများအား မျှတသော စရိတ်နှင့် အရည်အသွေးမြင့်မားသည့် ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုပြည့်ဝစွာ  ကျေနပ်ဖွယ်ရာ ဝန်ဆောင်မှုများပေးခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကိုရယူနိုင်ကြရန် လိုပေသည်။

ပုဂ္ဂလိကကျန်းမာရေး ကဏ္ဍတွင် နိုင်ငံတော်အစိုးရက ခွင့်ပြုပြီးဖြစ်သော အထွေထွေရောဂါ ကုဆေးခန်းများ၊ အထူးကုဆေးခန်းများနှင့် အထွေထွေရောဂါကု ဆေးရုံများသည် ဝန်ဆောင်မှု အကောင်းဆုံးဖြစ်နေရပေမည်။ ခေတ်နှင့်အညီ ခေတ်မီသည့်ဝန်ဆောင်မှု ပေးနိုင်ခြင်း၊ ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံးမျှတအောင် ဆောင်ရွက်ပေးနိုင်ခြင်းတို့မှာ မရှိမဖြစ်လိုအပ်သော အကြောင်းအချက်များဖြစ်သည်။ ထို့ထက်ပို၍ လိုအပ်သည်မှာ ဆင်းရဲချမ်းသာ ခွဲခြားမှုမရှိဘဲ ဆရာဝန်၊ သူနာပြုစိတ်ထား အပြည့်ဖြင့် ပြုစုကုသပေးကြရမည်ဖြစ်သည်။ အသုံးပြုလျက်ရှိသော ဆေးဝါးများမှာလည်း FDA က အသိအမှတ်ပြုထားသည့် ဆေးဝါးများသာဖြစ်ရပေမည်။ ကျန်းမာရေး ကောင်းမွန်လာသည်နှင့်အမျှ ပြည်သူများ၏ မျှော်မှန်းသက်တမ်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာများ ဥပဒေနှင့်အညီ တိုးတက်ဖွံ့ဖြိုးစေရန်အတွက် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။