စစ်မှန်သောသမိုင်း၏အမှန်တရား

စစ်မှန်သောသမိုင်း၏အမှန်တရား

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးတည်ရှိရာ မော်စကိုခရိုင် ကူဘင်ကာမြို့ မျိုးချစ်ပန်းခြံအတွင်း၌ ဒုတိယကမ္ဘာစစ်ကာလ တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့စစ်သည်တော် မဟာမိတ်များ အမည်ရှိ အထိမ်းအမှတ်ရုပ်တုကို သြဂုတ် ၁၄ ရက်တွင် ဖွင့်လှစ်လိုက်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ရန်သူများ၏နယ်ချဲ့ကျူးကျော်သိမ်းပိုက်မှုများကို တုံ့ပြန်တိုက်ခိုက်ရာတွင် မြန်မာ့တပ်မတော်သားများ၏ အခန်းကဏ္ဍသည်လည်း တစ်ကမ္ဘာလုံး၏စစ်အောင်မြင်ရခြင်းအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့သည်ကို အသိအမှတ်ပြုလေးစားဂုဏ်ပြုသောအားဖြင့် အဆိုပါရုပ်တုကို စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ့စစ်သည်တော်မဟာမိတ်များ အမည်ရှိ အထိမ်းအမှတ်ရုပ်တုကို တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)မှ စစ်ဘက်သမိုင်းပညာရှင်များ၏တင်ပြချက်အရ ရုပ်တုအသွင်သဏ္ဌာန်အား အထူးရွေးချယ်ခွင့်ပြုပေးခဲ့သည်။ အဆိုပါရုပ်တုပြုလုပ်စိုက်ထူရန် အကြံဉာဏ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ကာကွယ်ရေးဝန်ကြီးက စတင်အကြံပြုခဲ့ခြင်းဖြစ်ပြီး ရုပ်တုထုဆစ်မှုအပိုင်းနှင့် အောင်မြင်စွာ စိုက်ထူနိုင်ရေးအတွက်လည်း ရုရှားကာကွယ်ရေးဝန်ကြီးက ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါရုပ်တုတွင် စစ်သည်တော်တစ်ဦး၏လက်၌ ရန်သူများထံမှ သိမ်းဆည်းရမိသော ရိုင်ဖယ်သေနတ်ကို ကိုင်ဆောင်ထားပြီး ဒုတိယတစ်ဦး၏လက်တစ်ဖက်တွင် ဆိုဗီယက်ပြည်ထောင်စုထုတ် Mosin အမျိုးအစားရိုင်ဖယ်ကို ကိုင်ဆောင်ထားကာ ကျန်လက်တစ်ဖက်တွင်မူ ထိုခေတ်အခါက အသုံးပြုခဲ့သော အမျိုးသားအောင်လံတော်ကို ဆုပ်ကိုင်ထားသည့်ဟန် ထုဆစ်ပုံသွင်းထားသည်။ ရုပ်တု၏ ဘယ်ဘက်အောက်ခြေတွင် မန္တလေးတောင်ခြေမှ ခြင်္သေ့နှစ်ကောင်နှင့်ပုံစံတူ ထုဆစ်ထားသည်။ အဓိပ္ပာယ်မှာ ရန်သူတို့အား အောင်မြင်စွာ တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည့် မန္တလေးမြို့တိုက်ပွဲကို သရုပ်ဖော်လိုခြင်းဖြစ်သည်။ စစ်သည်တော်တို့၏ခြေရင်းတွင် ရန်သူတို့၏ တပ်သုံးအလံများ၊ စစ်သုံးဓားများကို နင်းခြေထားသည့်ဟန်ထည့်သွင်းထုဆစ်ထားသည်။

မြန်မာ့သမိုင်းဝင်စစ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားဟန်၊ စစ်သည်နှစ်ဦး၏ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေပုံဟန်၊ ရဲသွေးရဲမာန်အပြည့်ဖြင့် ရန်သူကိုမမှုဘဲ အောင်မြင်မှုပန်းတိုင်ဆီ ရှေ့သို့လှမ်းချီနေဟန်တို့ကို ပီပြင်စွာသရုပ်ဖော်ထားသည်။

မြန်မာ့စစ်သည်တော်မဟာမိတ်များ အမည်ရှိ အထိမ်းအမှတ်ရုပ်တုကို စိုက်ထူခြင်းသည် ယခုနှစ်တွင် ကျရောက်ခဲ့သည့် ရုရှား-မြန်မာသံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုခြင်းဖြစ်သကဲ့သို့ နှစ်နိုင်ငံချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ ပိုမိုတောင့်တင်းခိုင်မာ လာမည်ကို ထုတ်ဖော်ပြသခြင်း ဖြစ်ကြောင်း၊ ရုရှားနှင့်မြန်မာတို့ပူးပေါင်းကာ ဖက်ဆစ်တို့ကို တော်လှန်ခဲ့ကြသည်ကို ပြန်လည်အမှတ်ရနေစေမည့် စစ်မှန်သောသမိုင်း၏ အမှန်တရားများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း ဖြစ်ကြောင်း၊ ဤသည်မှာ အရေးပါသော နိုင်ငံရေးတာဝန်တစ်ရပ် ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ယခုကဲ့သို့ စိုက်ထူနိုင်ခဲ့ခြင်းမှာ  ရုရှားနှင့်မြန်မာတို့၏ ရင်းနှီးချစ်ကြည်မှု၊ ညီရင်းအစ်ကိုပမာခိုင်မြဲသည့် မဟာမိတ် စိတ်ဓာတ်တို့ကို ဖော်ကျူးနေခြင်းပင်ဖြစ်သည်။ နှစ်နိုင်ငံအကြားမှ ရင်းနှီးချစ်ကြည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် မဟာမိတ်စိတ်ဓာတ်တို့သည် နိုင်ငံတကာမျက်နှာစာတွင် ထာဝရတည်တံ့ခိုင်မြဲနေမည် ဖြစ်သည်။

ကမ္ဘာ့သမိုင်းတွင် ကမ္ဘာ့စစ်ပွဲကြီးနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ပထမကမ္ဘာစစ်ကာလများအတွင်း မြန်မာ့မြေပေါ်၌ စစ်ပွဲများ မဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံသားအချို့က အုပ်စိုးသူဗြိတိသျှတို့ဘက်မှနေ၍ သွားရောက် တိုက်ခိုက်ပေးခဲ့ကြရသည်။ ဒုတိယကမ္ဘာစစ်တွင်မူ မြန်မာနိုင်ငံသည် စစ်မြေပြင်နှစ်ကြိမ်ဖြစ်ခဲ့သည်။ မြန်မာ့တပ်မတော်သည် နယ်ချဲ့ကိုမောင်းထုတ်သည့်တိုက်ပွဲကို ဆင်နွှဲခဲ့ရသလို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာ့တပ်မတော်ကကြီးမှူး၍  ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့ရသည်။

မြန်မာ့စစ်သည်တော်မဟာမိတ်များ အမည်ရှိအထိမ်းအမှတ်ရုပ်တုဖွင့်ပွဲသည် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ကာကွယ်ရေးနှင့် ယဉ်ကျေးမှုကူးလူးဆက်နွှယ်မှု၊ သမိုင်းကြောင်းအရ ဆက်နွှယ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖော်ညွှန်းလျက်ရှိသည်။  နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး အခြေအနေများမှာ မည်သူမျှကြားဝင်ဖျက်ဆီး၍ မရနိုင်သကဲ့သို့ ရုရှား-မြန်မာနှစ်နိုင်ငံမှာ မဟာဗျူဟာမိတ်ဖက် အနေဖြင့် ဆက်လက်တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မိတ်စစ်ဆွေစစ်ဖြစ်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် မြန်မာ့တပ်မတော်၏ စွမ်းဆောင်ရည်ကို အထိမ်းအမှတ်ရုပ်တုဖြင့် မှတ်တမ်းပြုထားသည်မှာ စစ်မှန်သောသမိုင်း၏ အမှန်တရားဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။