နိုင်ငံအတွက် အဓိကစွမ်းအားစုလူငယ်များ

နိုင်ငံအတွက် အဓိကစွမ်းအားစုလူငယ်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက် စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ထို့ပြင်     နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။ ဗလငါးတန်ဆိုသည်မှာ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလတို့ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်ကကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၂)တွင် စာသင်ကျောင်းများတွင် ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိများရှိအောင် ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ဒီမိုကရေစီဟုဆိုရာတွင် မိမိတို့နိုင်ငံ၏ အမျိုးသားရေးစရိုက်လက္ခဏာနှင့်ယဉ်ကျေးမှုကို ထိခိုက်မှု မရှိစေနိုင်သည့် ပညာရေးစနစ်မျိုးဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ဒီမိုကရေစီနိုင်ငံရေးကို သင်ကြားရန်မဟုတ်ဘဲ ဒီမိုကရေစီ အလေ့အကျင့်ကောင်းများကို သင်ကြားပေးနိုင်မည်ဆိုပါက ကောင်းမွန်သည့်ပညာရေးစနစ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်းဖြင့် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတိုင်းတွင် လူငယ်မောင်မယ်တို့၏အခန်းကဏ္ဍ၊ ပညာတတ်မြောက်မှု ဗလငါးတန်ပြည့်ဝမှုသည် လွန်စွာအရေးကြီးလှသည်။ ပညာသင်ကြားရေးတွင် မူလတန်းပညာရေးကိုမသင်မနေရအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၌ ပြဋ္ဌာန်းထားသော်လည်း ပြောင်းလဲလာသော ခေတ်အခြေအနေနှင့် နည်းပညာလိုအပ်ချက်အရ KG+9 အထိ မသင်မနေရအဖြစ် သတ်မှတ်၍ ပညာရေးကို မြှင့်တင်ပေးလျက်ရှိသည်။

စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ပုံစံများကို ကလေးငယ်များအား သိရှိစေချင်သည်။ ဒီမိုကရေစီနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင်ကျင်းပသော (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းတွင် ဒီမိုကရေစီဆိုတာ ပြည်သူတစ်ရပ်လုံး အကြားအလပ်မရှိ ပါဝင်ဖော်ဆောင်ရခြင်းဖြစ်တာကြောင့် ကဏ္ဍအသီးသီးမှာ တည်ငြိမ်အေးချမ်းမှု အရေးကြီးပြီး ဒီလိုဆောင်ရွက်ဖို့အတွက်ကြိုးပမ်းရာမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ကြဖို့ လိုအပ်မှာပဲ ဖြစ်တယ်ဟု ပြောကြားခဲ့ပါသည်။

ကျောင်းများတွင်   ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိတရားများရှိအောင် သင်ကြားပေးခြင်းဖြင့် လူအချင်းချင်းတစ်ဦးနှင့်တစ်ဦး စုရုံးပေါင်းသင်းဆက်ဆံရာတွင် သိသင့်သိထိုက်သည့်အကြောင်း၊ ပြုသင့်ပြု ထိုက်သည့်တာဝန်ဝတ္တရားများကို လေ့လာသင်ကြားလိုက်နာခြင်းဖြင့် လူငယ်တစ်ဦးချင်း၏ဘဝ၊ လူ့လောက အဆင့်အတန်းတိုးတက်မြင့်မားလာစေမည်ဖြစ်ပါသည်။ ယနေ့လူငယ်များအား ပြည်သူပြည်သားကောင်း တို့၏ဝတ္တရားဖြစ်သော ဒီမိုကရေစီအသိတရားလေ့ကျင့်သင်ကြားတတ်မြောက်ကြမှသာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏သားကောင်း၊ သမီးကောင်းများဖြစ်လာပေလိမ့်မည်။

လူငယ်တိုင်းဆောင်ရွက်ရန်ဖြစ်သော တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေးတို့ကို နိုင်ငံ့သားကောင်းအဖြစ် နိုင်ငံတော်အတွက် တာဝန်ကျေပွန်အောင်ဆောင်ရွက် ကြရပေမည်။ အကျင့်စာရိတ္တကောင်းခြင်းနှင့် အမူအရာ ယဉ်ကျေးခြင်းသည် မတူညီနိုင်ပေ။ အချို့သောလူငယ်တို့မှာ ခေတ်ပညာတတ်၍ အကျင့်စာရိတ္တ ကောင်းကြပါလျက် အမူအရာအပြော အဆိုယဉ်ကျေးမှုမရှိခြင်းကြောင့် အကျိုးရှိသင့်သလောက်မရှိရုံမျှမက တစ်ခါတစ်ရံအကျိုးယုတ်ခြင်းနှင့်ပင် တွေ့ကြုံရတတ်ပေသည်။

ပညာအရည်အချင်းတူပါလျက် ယဉ်ကျေးစွာ ဆက်ဆံတတ်သူက ယဉ်ကျေးမှုမရှိသူထက် အဆင့်အတန်းများစွာ သာလွန်ကာ အကျိုးခံစားနေရသည်ကို များစွာတွေ့မြင်နိုင်သည်။ ယဉ်ကျေးခြင်းအမူအရာသည် မွေးကတည်းက ပါလာကြသည် မျိုးမဟုတ်ပေ။ သင်ကြားပြသအတုယူခြင်းဖြင့်  ပြုပြင်၍ရကောင်းသည့်အရာဖြစ်ပါသည်။ ဒီမိုကရေစီနှင့်ပတ်သက်သည့်အသိများကိုလည်း ငယ်စဉ်က ကျောင်းသား၊ ကျောင်းသူဘဝကတည်းက စတင်သင်ကြားပေးမည်ဆိုပါက လူငယ်တို့၏အနာဂတ်၊ တိုင်းပြည်အနာဂတ်လှပနေမည် ဖြစ်ပေသည်။

အနှစ်ချုပ်ဆိုရသော်  စာသင်ကျောင်းများတွင် ဒီမိုကရေစီနှင့်ပတ်သက်သည့် အလေ့အကျင့်ကောင်း များသင်ကြားပေးရန် နိုင်ငံတော်အကြီးအကဲကလမ်းညွှန်ခြင်းမှာစစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံ ဒီမိုကရေစီစနစ် ပိုမိုခိုင်မာရေးနှင့်  လူငယ်များအနေဖြင့် နိုင်ငံအတွက်အဓိက စွမ်းအားစုအဖြစ်တည်ရှိစေရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။