ထူးမခြားနားအကြောင်း သိကောင်းစရာ

အယ်ဒီတာ့အာဘော် (၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင် ၃၁ ရက်)

ဗုဒ္ဓဘာသာမြန်မာတို့၏ သာသနာရေးဆိုင်ရာ အခမ်းအနား၊ အလှူမင်္ဂလာ အခမ်းအနားမှန်သမျှတွင် မပါလျှင်မပြီးသော  သီချင်းတစ်ပုဒ်မှာ ထူးမခြားနားဖြစ်သည်။နိုင်ငံတော်မူ မဟာဂီတစာအုပ်တွင် ဘုရားရောင်ခြည်တော်ဘွဲ့ ပတ်သီချင်းခံဟူ၍ ဖော်ပြထားသည်။ ထိုသီချင်း ဖြစ်ပေါ်လာပုံမှာ ဘကြီးတော် မင်းတရားလက်ထက် အင်းဝမြို့တွင် စံတော်မူစဉ် တစ်နေ့သောညဉ့် ညီလာခံအချိန် စွယ်တော်စင်ဘုရားမှ ရောင်ခြည်တော်လွှတ်ရာ ထိုအဖြစ်အပျက် အကြောင်းအရာကို ဘုရားဂုဏ်တော်ဖွဲ့ ဂီတသီချင်း ရေးသားဆက်သွင်းရန် မြဝတီမင်းကြီးအား တာဝန်ပေးလိုက်သည်မှ ဖြစ်ပေါ်လာသော ဓမ္မပူဇာ သီချင်းတစ်ပုဒ်ဖြစ်သည်။ အချို့က ထူးမခြားနား စာလေးလုံးကို  အဓိပ္ပာယ် ကောက်လွဲသွားတတ်ကြသည်။ တစ်ခါက အလှူပွဲတစ်ခုတွင် လူရွှင်တော် (ဆိုင်းနောက်ထ)တစ်ဦးက''အခုရွာစား လက်စွမ်းပြတီးမှာက ထူးမခြားနား သီချင်းခံကြီး ခင်ဗျ။  ပရိသတ်ထဲမှာ ကြားဖူးသူအချို့ ပါချင်ပါမပေါ့။ ထူးမခြားနား သီချင်းခံကြီးလို့ ခေါ်နေကြတာလေး။ နာမည်ရော စကားရော မှားတယ်ခင်ဗျ။ ဘယ့်နှယ် မခြားနားတာက ထူးမှာလဲ။  ခြားနားမှ ထူးတယ်။ ထူးမှခြားနားသွားတယ်။ ဒါကြောင့် ဒီနေ့ကစပြီး ထူးမှခြားနား။ ကိုင်း..ရွာစားရေ..ထူးမှခြားနား အမှန်သဘာဝကို အသံအလှနဲ့ စံပြလေး...''ပြောဆိုကာ ဆိုင်းဆင့် သွားခဲ့သည်။ ဆရာတက္ကသိုလ်ဘုန်းနိုင်သည် သူကိုယ်တိုင်ကြားလိုက်ရသော ထိုအဖြစ်အပျက်ကို သူ၏''လီရနာ၊ဂင်္ဂါ၊ရာဝတီ''စာအုပ်တွင်ရေးသားပြီး''အမယ်မင်း..ဖျက်မှဖျက်ရက်လေ''ဟူ၍ သြဘာပေးခဲ့သည်။ မြဝတီမင်းကြီးကဲ့သို့သော စာဆိုကြီးများသည် ဂီတပညာကိုသာမက ကဗျာပညာ၊ မြန်မာစကား အသုံးအနှုန်းတို့အပြင် ပိဋကတ်စာပေကိုပါ တတ်မြောက်ကြသည်။ ထူးမခြားနား ဟူသော စကားလေးလုံးသည် သာမန်ကာလျှံကာ ပေါင်းစုထားသော စကားစုမဟုတ်ပါ။ အတုမရှိသော မြတ်စွာဘုရားသခင်၏ ပြာဋိဟာနှင့် ပတ်သက်သည်။ ပြာဋိဟာကို ''ထူးကဲထင်ရှားစွာ ပြသောတန်ခိုး'' ဟု မြန်မာအဘိဓာန်က အဓိပ္ပာယ်ပေးသည်။ မြဝတီမင်းကြီးသည် စစ်တိုက်တော်၍ စာပေဂီတနယ်ပယ်မှာလည်း ကျော်ကြားလှသည်။ ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ ပြဇာတ်စုံလင်စွာ ရေးသားခဲ့သည်။ ကဏ္ဍစုံ ရေးဖွဲ့နိုင်သော်လည်း ဘုရားဂုဏ်တော်ကို ဖွဲ့ဆိုရန်မှာ မြန်မာသံစဉ်နဲ့ လိုက်အောင် ရေးသားသီကုံးရမည်။ ပါဠိချည်းဆိုလျှင်လည်း မြန်မာသံစဉ်နှင့် လိုက်ဖက်ချင်မှ လိုက်ဖက်ပေမည်။ အသံကစားလို့ရမှာ မဟုတ်ဘူးဆိုသည်ကို မြဝတီမင်းကြီး သိသည်။ ထို့ကြောင့် မောင်းထောင် သာသနာပိုင် ဆရာတော်ကြီးအား တင်ပြအသနားခံ လျှောက်ထားပါသည်။  ယခုသီချင်းစာသားသည် မောင်းထောင်ဆရာတော်က မြဝတီမင်းကြီးသို့ ပေးလိုက်သော စာသားများဖြစ်ကြောင်း စာရေးဆရာ ဒါရိုက်တာဦးသုခ ကပြောကြားခဲ့သည်။ ထူးမခြားနားတဲ့။ ထူး ခြား နား လေးလုံးတည်းသာ။ ထိုထူးမခြားနား ဆိုသည်မှာ  မြတ်စွာဘုရား၏ ပြာဋိဟာ ဉာဏ်တော်ကိုဖွဲ့ခြင်းဖြစ်သည်။ ဤလောကတွင် ပဋိပက္ခဓာတ်တွေရှိသည်။ ရေနှင့်မီးသည် ဆန့်ကျင်ဘက်ဖြစ်သည်။ ရေကြောင့်လည်း မီးသေသွားနိုင်သည်။ မီးကြောင့်လည်း ရေခန်းသွားနိုင်သည်။ မိမိခန္ဓာကိုယ်မှာရှိသော ဓာတ်တွေကို ဝီထိတော်မှာ ဘယ်လောက်နိုင်တယ်၊  ဘယ်လောက်ပိုင်တယ်၊ ဘယ်လောက် ခွဲခြားနိုင်တယ်ဆိုတာကို မြတ်စွာဘုရားရှင်က ပြာဋိဟာ ပြတော်မူပါသည်။ ရှင်းလင်းစွာရေးရလျှင် ညာဘက်မျက်ဝန်းကမီး၊ ဘယ်ဘက်မျက်ဝန်းကရေ၊ ညာဘက်နားတော်ကရေ၊ ဘယ်ဘက်နားတော်ကမီး၊ ဤသည်မှာလည်း မီးနှင့်ရေတွေဖြစ်လို့ သည့်ထက်သည့်ထက် အနုစိတ်လာတာက မွေးညင်းပေါက် ကလေးများကအစ ရေတွေမီးတွေ ထွက်လာသည်။ ဒီဘက်မွေးညင်းပေါက်က မီးလေး ထွက်လာသည်။ ရေအညွန့်လား၊ မီးအကွန့်လား ဆိုသည်ကို ကွဲကွဲပြားပြားပင် မသိနိုင်ပါဘူးတဲ့။ ရေကြောင့်လည်း မီးမသေ၊ မီးကြောင့်လည်း ရေမခန်း၊ ဝီထိ(စိတ်အစဉ်အတန်း) ဆန်းပြားတော်မူပုံကို ပြတော်မူခြင်းကြောင့် ဘယ်ဟာရေလဲ၊ ဘယ်ဟာမီးလဲ ဆိုသည်ကိုပင် ထူးထူးခြားခြား ကွဲကွဲပြားပြား မသိနိုင်လို့ ထူးမခြားနား၊ မီးရေစုံသားဟူ၍  ဖွဲ့ဆိုခြင်းဖြစ်သည်။ မြတ်စွာဘုရား၏ စိတ်တော်သည် အလွန်ထက်သန် အားကောင်းပြီး အလွန်လျင်မြန်လေရကား အဓိဋ္ဌာန်အဘိညာဉ်ဖြင့် ဖန်ဆင်းပြသော ရေအလျဉ်၊ မီးအလျှံတို့သည် အဆက်မပြတ် တစ်ပြိုင်နက် မခြားမနား စုံတွဲလျက် ထွက်ပေါ်နေလေရာ ထူးကဲခြင်းမကထူးကဲလှပေသည်။ ဤသဘောသဘာဝကို ''ထူးမခြားနား၊ မီးရေစုံသား၊  ရောင်တော်ထွေပြား...''စသည်ဖြင့် ကြည်ညိုဖွယ်ရာ  အတ္ထာလင်္ကာရ၊ သဒ္ဒါလင်္ကာရ ပြည့်ပြည့်ဝဝဖြင့် ရသပေါ်လွင် ဂုဏ်ဝင်စံမြောက်စပ်ဆိုထားခြင်းဖြစ်သည်။ ထူးမခြားနားဟူသည့်စကားရပ်သည် တာဝန်မဲ့ လေပစ်သူတစ်ဦး၏ လက်ချက်ကြောင့် ပျက်ရလေမလော။ မဟာဂီတချစ်သူ၊  ကဗျာချစ်သူ၊ ရိုးရာယဉ်ကျေးမှု စောင့်ထိန်းသူတို့ လေးလေးနက်နက် စဉ်းစားနိုင်ပါရန် ရေးသား လိုက်ရပေသည်။