ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်း

ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သြဂုတ်လ ၂၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်  ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့မိမြို့ဖများ၊ ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင်၊ မင်းဘူးခရိုင်နှင့်မကွေးခရိုင်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံယဉ်ကျေးမှုပြတိုက်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့သည်။ နိုင်ငံတော်အကြီးအကဲ အနေဖြင့် ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများ ပြုပြင်ထိန်းသိမ်းထားရှိမှုများအား လာရောက်ကြည့်ရှုစစ်ဆေးစဉ် ဒေသပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့တွေ့ဆုံခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့ဒေသသို့ လာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပမှဘုရားဖူးလာပြည်သူများ စားသောက်ရေး၊ နေထိုင်ရေးနှင့်သွားလာမှုများ အဆင်ပြေစေရေးအတွက် ဒေသခံများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြားသူများဆောင်ရွက်သည့် အောင်မြင်ပြီးလုပ်ငန်းများကို လိုက်လံဆောင်ရွက်ခြင်းထက် မိမိတို့ကိုယ်ပိုင်အတွေးအခေါ်များဖြင့် အခြားလုပ်ငန်းအသစ်များကို ဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ ပုဂံဒေသအတွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ပုဂံဒေသသည် မိုးရွာရက်နည်းပါးခြင်းကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို တတ်နိုင်သမျှ ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ပုဂံ၊ ညောင်ဦးဒေသမှာ ပြည်တွင်း၊ ပြည်ပကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများပြားသည့်မြို့ဖြစ်သည်။

ယခုအခြေအနေထက် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရန်လိုသည်။ ဒေသတွင်းပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက် နေရမည့် ဒေသလည်းဖြစ်သည်။ ပုဂံ၊ ညောင်ဦးဒေသစိမ်းလန်းသာယာလှပရေးအတွက် ရေများလုံလောက်စွာ ရရှိရေးကိုလည်း နိုင်ငံတော်မှစီစဉ် ဆောင်ရွက်လျက်ရှိသည်။ ပုဂံဒေသအတွင်းရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ တွင်လည်း ရှေးမူမပျက်စေဘဲ ခေတ်နှင့်လျော်ညီသည့်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရမည် ဖြစ်သည်။

ပုဂံဒေသသို့ခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး၊ ညောင်ဦးလေဆိပ်သို့ နိုင်ငံတကာလေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်ရေး ဆောင်ရွက်ပေးစေလိုမှုကို ဒေသခံတို့က တင်ပြဆွေးနွေးသည်။ ပုဂံညောင်ဦးလေဆိပ်သည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တည်ရှိခြင်းကြောင့် ပြည်ပမှလေယာဉ်ကြီးများ တိုက်ရိုက်ဆင်းသက်ရန် အခက်အခဲများရှိနိုင်ကြောင်း၊ ထို့ကြောင့် ရေရှည်အတွက် အဆင်ပြေစေရန် ပခုက္ကူလေဆိပ်အား  နိုင်ငံတကာလေဆိပ်အဖြစ် ဆောင်ရွက်နိုင်ရေးစီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂံညောင်ဦးလေဆိပ်ကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျွမ်းကျင် ပညာရှင်များဖြင့် စနစ်တကျတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်အကြီးအကဲက ဆွေးနွေး ရှင်းလင်းခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အများဆုံးလာရောက်နေသည့် ဒေသဖြစ်သော်လည်း ဒေသခံပြည်သူများအတွက် ထာဝစဉ်စားဝတ်နေရေး ပြေလည်နေရန်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည်စိုက်ပျိုးမွေးမြူရေးကို အဓိကထားသည့်နိုင်ငံဖြစ်သဖြင့် အဆိုပါလုပ်ငန်းများမှာ လူတိုင်းနှင့်အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်းများဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ စားသောက်ရန်အစားအစာများနှင့် ဝင်ငွေများရရှိမည်ဖြစ်သည်။

စနစ်ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက   အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်နှင့်အညီလုပ်ကိုင်ဆောင်ရွက်နိုင်ရန်မှာ လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် လိုအပ်ပေသည်။ခေတ်မီစိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း ခရိုင်များ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်နည်းပညာ အထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်သည်။ ဆက်လက်၍လည်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်နည်းပညာသိပ္ပံများကို   ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရေး တက္ကသိုလ်များ ဆက်လက်တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်သည်။ ဤသည်မှာ နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များရရှိရေးအတွက် လက်တွေ့ကျသည့် ဆောင်ရွက်ချက်ပင်ဖြစ်သည်။

ပုဂံဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်စေရေးနှင့် ပညာတတ်များပေါများစေရေးကို တာဝန်ရှိသူများအနေဖြင့်  ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပုဂံညောင်ဦးဒေသအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးနေသကဲ့သို့ ဒေသခံပြည်သူများကလည်း ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။