ယဉ်ကျေးမှုအမွေအနှစ်များ ရှည်ကြာစွာတည်တံ့ရေး

ယဉ်ကျေးမှုအမွေအနှစ်များ ရှည်ကြာစွာတည်တံ့ရေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌   မေလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊  ရွာဟောင်းကြီး ဘုရား၊ ရွှေနန်းရင်တောဘုရားတို့၌ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား/အဆောက်အအုံ ရှစ်ခုတို့တွင် ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သဖြင့် ရှေးဟောင်းလက်ရာမပျက် အမြန်ဆုံးပြန်လည် ပြုပြင်ထိန်းသိမ်းနိုင်ရေးဆောင်ရွက်လျက်ရှိသည်။

အနော်ရထာမင်းကြီးလက်ထက် ပုဂံကိုဗဟိုပြု၍ နိုင်ငံတော်ကြီးစည်ပင်ထွန်းကားခဲ့ရာတွင် သာသနာတော်မှာလည်း အထူးပင်ထွန်းကားခဲ့သည်။ အနော်ရထာမင်းကြီးနှင့်ပြည်သူတို့၏ ထက်သန်လှစွာသော  သဒ္ဓါတရားပြည့်စုံကြွယ်ဝသည့် စီးပွားရေးအင်အားတို့ကြောင့်   ဘုရား၊ စေတီ၊ ကျောင်းပေါင်းမြောက်မြားစွာ တည်ထားနိုင်ခဲ့ကြသည်။ ကောင်းမှုကုသိုလ်များနှင့် အလှူရေစက်လက်နှင့်မကွာ လှူဒါန်းနိုင်ခြင်းကို ပြန်လည်မှန်းဆကြည့်လျှင် စီးပွားရေးအင်အား တောင့်တင်းခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အနော်ရထာမင်းကြီး ပထမမြန်မာနိုင်ငံတော်ကြီး စုစည်းတည်ထောင်နိုင်ခဲ့ခြင်းနှင့်အတူ ပြည်တွင်းပြည်ပကူးသန်းရောင်းဝယ်မှုများလည်း များပြားပေလိမ့်မည်။

ပုဂံနေပြည်တော်တွင်   လွန်စွာအံ့မခန်းဖွယ်ဖြစ်သည့် ဗိသုကာလက်ရာများလည်း ပေါ်ပေါက်ကာ စေတီ၊ ပုထိုး၊ ဂူကျောင်းအဆောက်အအုံ ၅၀၀၀ ခန့်တည်ထားခဲ့ကြသည်ဟု  ခန့်မှန်းကြသည်။ ခေတ်အဆက်ဆက်တွင် လူသားတို့၏ ပယောဂများနှင့်ရာသီဥတုဒဏ်၊ သဘာဝဘေးအန္တရာယ်များကြောင့် မူလ တည်ရှိခဲ့သော အရေအတွက်၏ထက်ဝက်ခန့်မှ လျော့နည်းသွားခဲ့ပြီဖြစ်သည်။ မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေပုဂံသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သည်။ ဘုရားတစ်ဆူချင်းအနေဖြင့်မဟုတ်ဘဲ  ပုဂံဒေသကြီးတစ်ခုလုံးကို ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုကော်မတီဝင် ၂၁ နိုင်ငံက ကန့်ကွက်မှုမရှိဘဲ အတည်ပြုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သြဂုတ် ၂၇ ရက်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေ များကိုကြည့်ရှုစစ်ဆေးပြီး  လမ်းညွှန်မှာကြားရာတွင် မြန်မာ့ဗိသုကာပညာရပ်သည် ရှေးယခင်ကတည်းကပင် အရည်အသွေးမြင့်မားခဲ့ကြောင်း၊ ထို့ကြောင့်  တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျနှင့် ရေရှည်တည်တံ့အောင်ထိန်းသိမ်းရန်လိုပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ မရှိစေရေး လိုအပ်သည့်ပြုပြင် ဆောင်ရွက်မှုများကို တာဝန်ရှိသူများက အမြဲမပြတ် စစ်ဆေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း ထည့်သွင်းမှာကြားခဲ့သည်။

မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ရောက်ရှိမည်ဖြစ်ပေရာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ဘုရားစေတီပုထိုးများသို့ လာရောက်ဖူးမြော်ကြမည့် ဘုရားဖူးလာရဟန်း၊   ရှင်လူပြည်သူများ အများအပြား လာရောက်ကြမည်ဖြစ်သည်။ ထို့ကြောင့် စေတီပုထိုးများကိုသန့်ရှင်းသပ်ရပ်ပြီး ကြည်ညို သပ္ပာယ်ဖွယ် ဖြစ်အောင် စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။ အာနန္ဒာဘုရားကြီးအပါအဝင် ရှေးဟောင်းစေတီပုထိုးများအားပြုပြင်ထိန်းသိမ်းရာတွင် အရည်အသွေးကောင်းမွန်သည့် အပေါ်ခံဆေးသုတ်ထားခြင်းဖြင့် ရာသီဥတုကြောင့်ပျက်စီးမည့်ဒဏ်ကိုခံနိုင်မည်ဖြစ်ပြီး ရေဝင်ပျက်စီးမှုများကိုလည်း ခံနိုင်မည်ဖြစ်သဖြင့် ပညာရှင်များနှင့်တိုင်ပင်ဆွေးနွေး၍စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုအပေါ်မူတည်၍ ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖြစ်ပေါ်စေမည်ဖြစ်သဖြင့် မူလလက်ရာကိုမထိခိုက်စေဘဲ ခေတ်မီနည်းပညာများ အသုံးပြုထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲကမှာကြားခဲ့သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသသည် မြန်မာနိုင်ငံ၏ဂုဏ်ဒြပ်တစ်ခုဖြစ်သည်။ တစ်မျိုးသားလုံး နှင့်သက်ဆိုင်သည့်   ယဉ်ကျေးမှုအမွေအနှစ်လည်းဖြစ်သကဲ့သို့   ကမ္ဘာ့အမွေအနှစ်တစ်ခုလည်းဖြစ်သည်။

သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်သည့် ယဉ်ကျေးမှုအမွေအနှစ်များရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်း စောင့်ရှောက်ကြရာတွင် တာဝန်ရှိသူများ၊ ပညာရှင်များသာမက ပြည်သူတစ်ရပ်လုံးကပါ ပါဝင်ဆောင်ရွက် ကြရမည် ဖြစ်သည်။ မိမိတို့၏ဘိုးဘွားများ တည်ထားပေးခဲ့သောအမွေအနှစ်ကောင်းကို မိမိတို့မျိုးဆက်သစ် အဆက်ဆက်က  ချစ်မြတ်နိုးစိတ်ဖြင့် တန်ဖိုးထားကြရမည်ဖြစ်သည်။ ယဉ်ကျေးမှုပျောက်လျှင်လူမျိုးပါ ပျောက်လိမ့်မည်ဟူသော စကားကို စေ့စေ့တွေးကြည့်လျှင် အဓိပ္ပာယ်ပြည့်ဝလှသည်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းထားခြင်းမရှိဘဲ ပျက်စီးကွယ်ပျောက် သွားခဲ့သော် သမိုင်းတန်ဖိုးလျော့နည်း ကျဆင်းသွားပေလိမ့်မည်။ မြန်မာ့ယဉ်ကျေးမှုမှာ ရှေးနှစ်ပေါင်းများစွာကတည်းက ဂုဏ်ရှိန်မြင့်မားကြောင်းကို နိုင်ငံအနှံ့အပြားတွင် မြေပေါ်မြေအောက်အထောက်အထားများက သက်သေညွှန်းဆိုလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ နောက်ထပ်မပျက်စီးစေရန်အတွက် ဒေသခံပြည်သူများ အပါအဝင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက ဝိုင်းဝန်းထိန်းသိမ်း ကြိုတင်ကာကွယ်စောင့်ရှောက်ကြရန်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။