စိတ်ကောင်းစေတနာကောင်းဖြင့်

စိတ်ကောင်းစေတနာကောင်းဖြင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် ပေးလျက်ရှိသည်။ နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သင့်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ဒေသတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူလူထုအနေဖြင့်လည်း မိမိတို့ဒေသပတ်ဝန်းကျင်တွင် အကြမ်းဖက်အဖျက်သမားများ ကင်းစင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့ခြင်း ဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်သူတိုင်းက မိမိတို့နေထိုင်သည့်ဒေသတွင် တည်ငြိမ်အေးချမ်းမှု တရားဥပဒေစိုးမိုးခြင်းကို လိုလားကြသည်။ တည်ငြိမ်အေးချမ်းသည့်နယ်မြေနှင့် တည်ငြိမ်အေးချမ်းမှု မရှိသည့်နယ်မြေတို့ကို နှိုင်းယှဉ်ပါက တည်ငြိမ်အေးချမ်းမှုမရှိသည့်နယ်မြေတွင် ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ များစွာကွာဟသည်ကိုတွေ့မြင်နိုင်သည်။ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေး တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်မှုများ ရှိနေသည့် နယ်မြေများတွင် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်၍မရသည်ကို တွေ့ရသည်။ နောက်ကျကျန်ခဲ့ခြင်း အကျိုးဆက်ကို နယ်မြေခံလူထုက ခံစားရသည်။ လူတစ်စု၏ မိုက်မဲမှုကို ဒေသခံလူအများက ခံစားနေရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၃/၂၀၂၃)တွင် အမှာစကားပြောကြားစဉ် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်အပေါ်တွင် စိတ်ကောင်းစေတနာကောင်းထားရန် လိုကြောင်း၊ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။   

မိမိတို့နိုင်ငံတွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားနေမှသာ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို အောင်မြင်စွာတည်ဆောက်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ရည်မှန်းချက်လုပ်ငန်းများ အောင်မြင်ရေးမှာ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ရှိနေရပေမည်။ ထို့ကြောင့်နိုင်ငံတော်၏ အနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်လျက်ရှိသည်။ ထို့အတူနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် များကလည်း ဒေသအလိုက်ရှိ တိုင်းရင်းသားလူမျိုးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ၎င်းတို့၏ယုံကြည်ချက်၊ ခံယူချက်မြင့်မားလာအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း နိုင်ငံတော် အကြီးအကဲက မှာကြားထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။ NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများမှ သံတမန်များ၊ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်သည်။ မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်စာချုပ်ဖြစ်သည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကြိုတင်ကန့်သတ်ချက်မထားဘဲ တိုင်းရင်းသားလက်နက်ကိုင်များအား ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးလျက်ရှိသည်။ အမှန်တကယ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်သူများအနေဖြင့် ဃြဗ စာချုပ်သည် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ရားဝင်လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့်စာချုပ်ဖြစ်ကြောင်း၊ အဆိုပါစာချုပ်ကိုအခြေခံ၍ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများလည်း ဆောင်ရွက်ခဲ့ကြောင်း၊ စာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဃြဗ အားဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အနှစ်ချုပ်ဆိုရသော် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် စိတ်ကောင်းစေတနာကောင်းဖြင့် ပါဝင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။        ။