လေထုသန့်ရှင်းဖို့ လက်တွဲပူးပေါင်း ဆောင်ရွက်စို့

 

လေထုသန့်ရှင်းဖို့ လက်တွဲပူးပေါင်း ဆောင်ရွက်စို့

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၇ ရက်)

    ယခုအခါ တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာဖြင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊

အကျိုးသက်ရောက်မှုများနှင့် လေထုအရည်အသွေး စီမံခန့်ခွဲနိုင်စေမည့် နည်းလမ်းများကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်လျက် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်(၇၄/၂၁၂) အရအပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) ကို စက်တင်ဘာ ၇ ရက်တွင် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံများတွင် အဆိုပါအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၇ ရက်မှစတင်၍ ကျင်းပခဲ့ကြရာ ယခုနှစ် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “ Together for Clean Air  လေထုသန့်ရှင်းဖို့ လက်တွဲပူးပေါင်း ဆောင်ရွက်စို့” ဟူ၍ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်ပေရာ အာဆီယံနိုင်ငံများ အနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုပြဿနာကို လျှော့နိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံ သဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution-AATHP)ကို ၂၀၀၂ ခုနှစ် ဇွန်လတွင် အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးများက သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် လေထုညစ်ညမ်းမှု ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် အာဆီယံနိုင်ငံများနှင့်လည်း လက်တွဲ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ် ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို ၂၀၂၃ ခုနှစ် ဧပြီ ၇ ရက် Video Conferencing ဖြင့် ကျင်းပခဲ့ကြသည်။ အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က “ မြန်မာနိုင်ငံ အနေဖြင့် Fire Hotspot လျှော့ချရေးနှင့် မီးခိုးမြူငွေ့ ထိန်းချုပ်ရေးအတွက် နိုင်ငံအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဖွဲ့စည်း ထားရှိပြီး လုပ်ငန်းအစီအမံများ ရေးဆွဲလျက် အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု၊ တောမီးနှင့်အခြားအကြောင်း အမျိုးမျိုးကြောင့် လောင်ကျွမ်းသည့် မီးများကိုကာကွယ် ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း “ ထည့်သွင်း ပြောကြားခဲ့သည်။

တောမီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုများမှာ သုံးနိုင်ငံစလုံးရှိပြည်သူများ၏ ကျန်းမာရေးကဏ္ဍနှင့် အခြားကဏ္ဍများကို ထိခိုက်စေလျက်ရှိသည်။ လေထုအတွင်း PM2.5  ပါဝင်မှုနှင့် ပတ်သက်၍ လေ့လာပြီး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ကြရမည် ဖြစ်သည်။ လေထုညစ်ညမ်းမှု လျှော့ချရေး အတွက် စိုက်ပျိုးရေး နေရာများကိုမီးရှို့ခြင်း၊ စွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်းစသည့်ကိစ္စများကို ပြည်သူလူထုအတွင်း အသိပညာပေး ဆောင်ရွက်ရမည်ဖြစ်သည်။ စွန့်ပစ်ပစ္စည်းများ မီးရှို့ပြီး အသေးစား ဘိုင်အိုဂက်များ ထုတ်လုပ်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများကို အဝတ်အထည် ထုတ်လုပ်ခြင်းသည် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

ကမ္ဘာကြီးတွင် လူသားဦးရေမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလျက်ရှိသည်။ လူဦးရေ တိုးပွားလာခြင်းနှင့်အတူ လူတို့အတွက် အခြေခံလိုအပ်ချက်များကိုလည်း ပိုမိုတိုးချဲ့ ဆောင်ရွက်လာကြသည်။ ထိုသို့ဆောင်ရွက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများသည်လည်း ပို၍ပို၍ တိုးပွားလာလျက်ရှိသည်။ ယနေ့နိုင်ငံတကာတွင် ဖြစ်ပေါ်လျက်ရှိသည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာများတွင် သိသာအထင်ရှားဆုံး ဖြစ်သော ပြဿနာမှာ လေထုညစ်ညမ်းမှုဖြစ်သည်။ လေထုညစ်ညမ်းမှုသည် လူသားတို့၏ အသက်အန္တရာယ်ကို တိုက်ရိုက် ခြိမ်းခြောက်လျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းခန့်မှာ ညစ်ညမ်းသောလေကို ရှူရှိုက်နေရသည်ဟု သိရှိရသည်။

လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ၇ သန်းခန့်သေဆုံးနေပြီး လူဦးရေ ၂၄ သန်းခန့်မှာ အိမ်တွင်းလေထု ညစ်ညမ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း လေ့လာတွေ့ရှိရသည်။ လူသားတို့အသက် ဆုံးရှုံးမှုပမာဏမှာ ထိတ်လန့်ဖွယ်ဖြစ်ပြီး အကြီးမားဆုံးခြိမ်းခြောက်မှု တစ်ခုလည်းဖြစ်သည်။ လေထုညစ်ညမ်းမှု ဖြစ်သည့်အရာများအနေဖြင့် ကမ္ဘာ့လေထုအတွင်း အမျိုးအစားပေါင်း  ၁၀၀ ကျော်ခန့်ရှိကြောင်းနှင့် အဓိကအားဖြင့် အလွန်သေးငယ်သည့် အမှုန်အမွှားများ Particulate Matter(PM2.5 , PM10))၊ ဆာလဖာဒိုင် အောက်ဆိုက် SO2၊ နိုက်ထရိုဂျင်အောက်ဆိုက် NO2 ၊ ကာဗွန်မိုနောက်ဆိုက် CO နှင့် အခြားဖုန်နှင့် အမှုန်အမွှားများမှာ လေထုအတွင်း အများဆုံးတွေ့ရသည့် အရာများဖြစ်သည်။

၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါသည် လေထုထဲတွင် ပျံ့နှံ့ကူးစက်ခြင်း ဖြစ်သည်။  ထိုရောဂါကူးစက်မှု မရှိစေရေး၊ ပျောက်ကင်းစေရေး အတွက်  လူသားတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းသည့်အခါ အဆိုးရွားဆုံး အခြေအနေကိုလွန်မြောက်ခဲ့ပြီးဖြစ်သည်။ ထို့အတူလေထု ညစ်ညမ်းမှု မဖြစ်စေရေး အတွက် လူတစ်ဦးချင်းစီက ကိုယ်စီအသိဖြင့် လိုက်ပါဆောင်ရွက်ကြမည်ဆိုပါက လူသားအားလုံး သန့်ရှင်းသောလေကို အသုံးပြုနိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် လေထုသန့်ရှင်းဖို့ လက်တွဲပူးပေါင်း ဆောင်ရွက်စို့ဟူ၍ နှိုးဆော် ရေးသားလိုက်ရပေသည်။   ။