လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်

လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်

ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာတတ်မြောက်ထားမှသာ ဘဝရပ်တည်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေးအားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့နိုင်ငံတွင် အ သုံးလုံးသင်တန်းများကို သင်ကြားပေးခဲ့ရာ အောင်မြင်မှုများရှိခဲ့ပြီး ကမ္ဘာပေါ်တွင် စံပြပုံစံတစ်ခုအနေဖြင့် အသိအမှတ်ပြုခံရမှုများ ရရှိခဲ့ကြောင်း၊ အ သုံးလုံးသင်တန်းများမှတစ်ဆင့် စာပေဖတ်ရှုမှုကို စိတ်ဝင်စားလာပြီး ၎င်းကိုအခြေခံ၍ ပညာတတ်မြောက်လိုစိတ်များဖြစ်ပေါ်လာမည်ဖြစ်ကြောင်း}} နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)တွင် အမှာစကားပြောကြားခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့ကြီး၏ဦးဆောင်မှုဖြင့် ၁၉၆၅ ခုနှစ် စက်တင်ဘာ ၈  ရက်မှ ၁၉ ရက်အထိ အီရန်နိုင်ငံ တီဟီရန်မြို့၌ ကမ္ဘာ့စာတတ်မြောက်ရေးညီလာခံကျင်းပခဲ့သည်။ စတင်ကျင်းပခဲ့သည့် စက်တင်ဘာ ၈ ရက်ကို  ယူနက်စကိုအဖွဲ့ကြီးက နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်။ ကမ္ဘာ့နိုင်ငံအများစုက နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ ၈ ရက်ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် ကျင်းပလာခဲ့သည်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် သက်တမ်း ၅၇ နှစ်ရှိလာပြီ ဖြစ်ပေသည်။ယခုနှစ်အတွက်ဆောင်ပုဒ်မှာ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့ ဟူ၍ဖြစ်သည်။

သက်ရှိလူသားတိုင်း စာသင်ရမည့်အရွယ်တွင် စာပေသင်ကြားရမည်။ စာတတ်မြောက်မှ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းဖြစ်လာမည်။ နိုင်ငံတိုင်းတည်ငြိမ်အေးချမ်းနေလျှင် ကမ္ဘာကြီးသည်လည်း ငြိမ်းချမ်းသာယာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုလိုနီခေတ်ကာလတွင် စာတတ်မြောက်မှု နည်းပါးခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသောအခါ နိုင်ငံအတွင်း စာတတ်မြောက်ရေးလှုပ်ရှားမှုကို ၁၉၆၄ ခုနှစ်မှ ၁၉၆၈ ခုနှစ် စမ်းသပ်ကာလအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၆၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင် အပြည့်အဝစာတတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏စာတတ်မြောက်ရေး လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသည်ဟ ုဆိုနိုင်သော ဘယ်သူပြိုင်လို့ လှပါတော့နိုင် ရုပ်ရှင်ဇာတ်ကားကြီးတွင် အ သုံးလုံးလှုပ်ရှားမှုကို ထင်ရှားစွာ မြင်တွေ့နိုင်ပါသည်။

ဝထကလသ  ဟူသောစာလုံးများနှင့်အတူ  အရေး၊  အဖတ်၊ အတွက်  ပညာအားလုံးတတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ကိုလိုနီခေတ်တစ်ခေတ်အတွင်း မြန်မာတို့စာတတ်မြောက်မှုနှုန်းလျော့နည်းနေခြင်းကို တစ်နိုင်ငံလုံးစာတတ်မြောက်ရေးလှုပ်ရှားမှုဖြင့် အနိုင်ယူနိုင်ခဲ့သည်။ စာတတ်မြောက်မှုနှုန်းမြင့်မားအောင် ဆောင်ရွက်နိုင်ခြင်းကို ကမ္ဘာကပင် အသိအမှတ်ပြုခဲ့ကြသည်။

လူတိုင်းတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလကိုယ်စီရှိရမည်ဖြစ်ပေရာ စာပေမတတ်ခြင်းသည် ဗလငါးတန်ကို ဆုံးရှုံးသည်နှင့် တူလေသည်။ စာပေမတတ်ခြင်းကြောင့် ဗဟုသုတ နည်းပါးသောအခါ အသိအလိမ္မာလျော့နည်းသည်။ ပေါင်းသင်းဆက်ဆံရေးတွင် ခက်ခဲသည်။ စာတတ်သူများ၏ ခေါင်းပုံဖြတ်ခြင်းကိုခံရသည်။ လူမှုရေးတွင် ဝင်ဆံ့ရန်ခက်ခဲသည်။ စာမတတ်လျှင် အကန်းနှင့်တူသည် ဟူသောစကားသည် လွန်စွာမှန်ပေသည်။  စာမတတ်သည့်အခါ ဝေဖန်ပိုင်းခြားမှု နည်းပါးသည်။ တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းကို ဥပေက္ခာပြုလာသည်။

နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတစ်ခုနှင့်တစ်ခုဖွံ့ဖြိုးတိုးတက်မှု ကွာခြားရသည့် အကြောင်းများတွင် စာတတ်မြောက်မှုနှုန်းမြင့်မားခြင်းအပေါ် မူတည်သည်။  ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ  စာတတ်မြောက်ရုံဖြင့်ကျေနပ်၍မနေသင့်သေးဘဲ  စာဖတ်ခြင်း၊ အစဉ်တစိုက်လေ့လာခြင်းများ ပြုနေကြရဦးမည်ဖြစ်သည်။   နည်းပညာအသုံးပြုရာတွင် လုံလောက်သော အသိပညာဗဟုသုတ နည်းပညာရှိသူများနှင့် နည်းပညာအခွင့်အလမ်းမရှိသူများအကြား ကွာဟချက်ရှိနေမည် ဆိုပါကလည်း ဖွံ့ဖြိုးတိုးတက်မှုကွာဟနေမည်သာဖြစ်သည်။ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ လူ့ဘောင်သစ်ကို တည်ထောင်နေကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ် လူမှုရေးဦးတည်ချက် ပထမအချက်တွင် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့်    ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး ဟူ၍ ချမှတ်ထားသည်။ ကျောင်းသား၊ ကျောင်းသူများ အလယ်တန်းပညာပြီးမြောက်သူများကို အထက်တန်းတွင် စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် ကျွမ်းကျင်သူများ ဖြစ်အောင် သင်ကြားပေးလျက်ရှိသည်။ ယနေ့နိုင်ငံတော်တွင်ကျင့်သုံးနေသည့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေးသည် စာမတတ်သူပပျောက်ရေးကို ဦးတည်ခြင်းဖြစ်သည်။ စာတတ်သူ များလာမှ ဆင်းရဲမှုသည်လည်း လျော့နည်းမည်ဖြစ်သည်။ စာပေတတ်မှ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်တို့ကို ခွဲခြားသိမြင်နိုင်ပေမည်။  အနှစ်ချုပ်ဆိုရသော်   လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်တွင် ပါဝင်လျှောက်လှမ်းကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။