လူငယ်သီတင်းပတ်(Youth Week)

လူငယ်သီတင်းပတ်(Youth Week)

မြန်မာနိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ နိုင်ငံသားများဟူ၍ ဖွင့်ဆိုထားသည်။ လူတစ်ယောက်၏ လူငယ်ဘဝအသက်အပိုင်းအခြားသည် လှုပ်ရှားတက်ကြွသည့်အရွယ်၊ ဖွံ့ဖြိုးတိုးတက်သည့် အရွယ်ဖြစ်သည်။ အသက်အရွယ်အပိုင်းအခြားအရ လူတစ်ယောက်၏ အမြင့်ဆုံးသောစွမ်းရည်များကို ပြသနိုင်သည့် အရွယ်လည်းဖြစ်သည်။ ကျောင်းနေအရွယ်မှစတင်ကာ ထိုက်သင့်သည့်ပညာများ တတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်သည်အထိ လူငယ်တိုင်းတွင် ပြည့်စုံနေရမည်မှာ ဗလငါးတန်ဖြစ်သည်။ ကျန်းမာကြံ့ခိုင်ခြင်း၊ ဉာဏ်ပညာထက်မြက်ခြင်း၊ အကျင့်စာရိတ္တကောင်းခြင်း၊ အပေါင်းအသင်း မိတ်ဆွေပေါများခြင်း၊ မိမိ၏ဘဝရပ်တည်ရေးအတွက် စီးပွားဥစ္စာရှာဖွေနိုင်ခြင်းတို့သည် လူငယ်တိုင်းကိုယ်စီ ရှိနေရမည့် ကိုယ်ပိုင်အရည်အချင်းများဖြစ်သည်။

ယနေ့လူငယ်များသည် အနာဂတ်မြန်မာနိုင်ငံတော်အတွက် အင်မတန်အားကိုးအားထားပြုရမည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်။ အဆိုပါ လူ့စွမ်းအားအရင်းအမြစ်များ ဗလငါးတန်နှင့်ပြည့်စုံရေးသည် အလွန်အရေးကြီးသည့်အချက်ဖြစ်သည်။ ဗလငါးတန်ဆိုသည်မှာ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလတို့ဖြစ်သည်။ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ် အစီအစဉ်တွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်စပ်လျဉ်းပြီး လှုပ်ရှားမှုအမျိုးမျိုး ထည့်သွင်းကျင်းပခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာ လူမှုရေးဦးတည်ချက်တွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး ဟူသော ဦးတည်ချက်ကို ချမှတ်ထားသည်။ နိုင်ငံတော်၏ အနာဂတ်ကာလတွင် လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်လျက်ရှိရာတွင် ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် လိုအပ်သည်။ ထို့ကြောင့်ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံလူငယ်သီတင်းပတ် (Youth Week) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိ သတ်မှတ်ပြီး တက္ကသိုလ်ကျောင်း ၅၀ နှင့် ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းတို့တွင်လူငယ်လှုပ်ရှားမှု အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များသည် အဓိကစွမ်းအားစုများအဖြစ် ပါဝင်ရမည်ဖြစ်သည်။ ကာယဗလ၏ အရေးပါမှုကို မီးမောင်းထိုးပြသည့်အနေဖြင့် ဝူရှူး၊ ခြင်းလုံး၊ Fitness Dance ၊ လှယဉ်ကျေးမယ် စသည့်အားကစားနှင့် ကာယအလှပြသရုပ်ပြကွက်များကို ပြသခြင်း၊  ဉာဏဗလအတွက် လူငယ်စကားဝိုင်းများကျင်းပခြင်း၊ အသိပညာဗဟုသုတမျှဝေရေး Project Presentation များပြုလုပ်ခြင်း၊ လူငယ်များ၏ Talent and Art Show  များကျင်းပခြင်း၊ စာရိတ္တဗလအတွက် လူငယ်နှင့်လောကနီတိဟောပြောပွဲများကျင်းပခြင်း၊ မိတ္တဗလအတွက် လူငယ်တွေ့ဆုံပွဲများကျင်းပခြင်း၊ သီချင်းဆိုခြင်း၊ ဈေးရောင်းပွဲများကျင်းပခြင်း၊ ဘောဂဗလအတွက် အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များက ဟောပြောခြင်း စသည်ဖြင့် လှုပ်ရှားမှုများ ကျင်းပခဲ့ကြသည်။

မျက်မှောက်ခေတ် ၂၁ ရာစုသည် သတင်းအချက်အလက်နည်းပညာခေတ် သို့မဟုတ် ပညာခေတ် ဖြစ်ပေရာ အရာရာကိုပညာက ဆုံးဖြတ်ပေးသွားမည်ဖြစ်သည်။ ပညာရည်မြင့်မားလျှင်မြင့်မားသလောက် လူမှုစီးပွားဘဝနယ်ပယ်တွင် တင့်တယ်လှပမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လည်းပညာ သည်အဓိကဖြစ်သည်။ ပညာဆိုသည်မှာ လူငယ်ဘဝအခြေခံပညာမှစတင်ကာ သင်ယူကြရမည်ဖြစ်သည်။ ထိုသို့ပညာသင်ကြားရမည့်အရွယ်ပညာသင်ကြားရာတွင်လည်း လူငယ်တိုင်းအတွက်မရှိမဖြစ်သောအရာ မှာဗလငါးတန်ဖြစ်သည်။

လူငယ်သီတင်းပတ် (Youth Week)သည်  စက်တင်ဘာ ၈ ရက်တွင်   ပျော်ပျော်ရွှင်ရွှင် ပြီးမြောက်ခဲ့ပြီဖြစ်သည်။ လူတစ်ဦးချင်းစီ၏ နေ့စဉ်ဘဝတွင် ထိုင်နေခြင်းထက် လှုပ်ရှားမှုတစ်ခုခုပြုလုပ်ခြင်း မှာ ကျန်းမာပျော်ရွှင်ပြီး စိတ်ကိုလန်းဆန်းတက်ကြွစေသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ သည်လည်း စာသင်ခန်းထဲတွင်စာသင်ရမည့်အပြင်  ကိုယ်လက်လှုပ်ရှားမှုနှင့်  စိတ်ဓာတ်တက်ကြွဖွယ် အစီအစဉ်များတွင်လည်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏လူဦးရေတွင် လူငယ်ဦးရေက များပြားလျက်ရှိပေရာ လူငယ်များကိုဘက်စုံထူးချွန်သူများ ဖြစ်အောင် ပြုစုလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်၏ အနာဂတ်ကို ပိုမိုတောက်ပြောင်စေမည်ဖြစ်သည်။

နိုင်ငံတော်အတွက် လိုအပ်သောတန်ဖိုးမြင့်သည့်လူ့စွမ်းအားအရင်းအမြစ်များရရှိရန် ပညာရေးနယ်ပယ်နှင့် ကျန်းမာရေးနယ်ပယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်တိုင်းက ဗလငါးတန်ပြည့်ဝအောင် လေ့ကျင့်ဖြည့်ဆည်းနေကြရမည် ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူငယ်သီတင်းပတ်(Youth Week) ပြုလုပ်ပေးခြင်းမှာ လူငယ်မောင်မယ်တို့၏ အနာဂတ်အတွက် အလွန်သင့်လျော်ကောင်းမွန်သည့် ဆောင်ရွက်ချက်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။