အပြုသဘောမဆောင်သည့် ထုတ်ပြန်ချက်

အပြုသဘောမဆောင်သည့် ထုတ်ပြန်ချက်

 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် (၅၆)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အတွက် ပေးပို့သည့် သဝဏ်လွှာတွင်  “အာဆီယံအသင်းကြီးက ရည်ရွယ်ချမှတ်ထားသည့် မျှော်မှန်းချက်များကို အောင်အောင်မြင်မြင် ရရှိနိုင်ရေးအတွက် အာဆီယံပဋိညာဉ် စာတမ်းပါ အခြေခံမူများနှင့်အညီ အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို အလေးအနက်ထား ကိုင်စွဲကြရန် သတိပြုကြရမည်ဖြစ်ပါသည်။ ထို့ပြင် ပထဝီနိုင်ငံရေး အားပြိုင်မှုများမှတစ်ဆင့် ပေါ်ပေါက်လာမည့် ဖိအားပေးမှုများနှင့် စိန်ခေါ်မှုများကို ညီညီညွတ်ညွတ် ရင်ဆိုင်ဖြေရှင်းကြရမည် ဖြစ်ပါသည်။ မိမိတို့အနေဖြင့် အာဆီယံ၏ အချက်အချာကျမှုနှင့် အာဆီယံဦးဆောင်သော အခန်းကဏ္ဍများအပေါ် ခြိမ်းခြောက်လာနိုင်သည့် အခြေအနေများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှုရှိပြီး စည်းမျဉ်းအခြေပြုသည့် ဒေသဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုပုံစံကို ဖော်ဆောင်ကြရန် လိုအပ်ပါသည်” ဟူ၍ ထည့်သွင်းဖော်ပြထားပါသည်။

မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်း အခြေပြမြေပုံ အကောင်အထည်ဖော်ဆောင်မှု၊ ဒေသဆိုင်ရာ ပေါင်းစည်းရေးနှင့် အသိုက်အဝန်း တည်ဆောက်ရေးတို့အတွက် အာဆီယံနှင့်အတူ တာဝန်သိအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများ၌  အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်းရမည့် ဝတ္တရားများကို မပျက်မကွက် ထမ်းဆောင်လျက်ရှိနေသည်။ အထူးသဖြင့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးတာဝန်ခံ နိုင်ငံအဖြစ်ဆောင်ရွက်နေပြီး အာဆီယံမဏ္ဍိုင်(၃)ရပ်နှင့် ၎င်းအောက်ရှိ နယ်ပယ်များ၊ ကဏ္ဍများတွင် အသိုက်အဝန်း ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်၀ချမ်းသာရေးသာမက ဒေသတွင်းပုံရိပ်ကိုပါ ထိန်းသိမ်းထားကြရန် တာဝန်ရှိပါသည်။ အာဆီယံအသင်းကြီး၏ အောင်မြင်မှုနှင့် သက်တမ်းရှည်ကြာမှုကို အဖွဲ့ဝင်(၁၀)နိုင်ငံဖြင့် တိုးချဲ့ဖွဲ့စည်းထားခြင်းက သက်သေပြလျက် ရှိသည်။ အာဆီယံအသင်းကြီးအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝါဒ၏ အောင်မြင်မှု စံနမူနာတစ်ခုအဖြစ်  သက်သေပြရမည်ဖြစ်သည်။

(၄၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် တူညီဆန္ဒ(၅)ချက် အကောင် အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အားထုတ် ပြန်ခဲ့သည်။ အာဆီယံအလှည့် ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ ဖော်ပြပါထုတ်ပြန်ချက်(မူကြမ်း)နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့်ဆွေးနွေး ညှိနှိုင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ အမြင်နှင့်ရပ်တည်ချက်တို့ကို ထည့်သွင်းဖော်ပြခြင်းမပြုဘဲ လျစ်လျူရှုခဲ့သည်။

ထို့ပြင် အာဆီယံပဋိညာဉ် စာတမ်းအပိုဒ်(၅)ပါ “အခွင့်အရေးနှင့် တာဝန်ဝတ္တရား” မူနှင့် သွေဖည်လျက်  မြန်မာနိုင်ငံ၏ အခွင့်အရေးဖြစ်သည့် တန်းတူရည်တူ ကိုယ်စားပြုမှုအား ငြင်းပယ်ခဲ့သဖြင့်  (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ  တက်ရောက်ခြင်း မပြုခဲ့ပါ။ အဆိုပါအာဆီယံထိပ်သီး အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များမှာ အပြုသဘော မဆောင်သည့် သုံးသပ်ချက်နှင့် တစ်ဖက်သတ်ဆန်ပြီး မျှတမှုမရှိသည့် ဆုံးဖြတ်ချက်များ ပါရှိသည့်အတွက် မြန်မာနိုင်ငံက ကန့်ကွက်ခဲ့ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို တိကျစွာ လေးစားလိုက်နာလျက် အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ထပ်လောင်းအသိပေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အာဆီယံအသင်းကြီး အနေဖြင့်  သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော စိန်ခေါ်မှုများဖြစ်သည့် သဘာဝဘေးအန္တရာယ်များ၊ ကူးစက်ရောဂါအသစ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှု၊ အစားအစာနှင့် စွမ်းအင်လုံခြုံရေးစသည့် ကိစ္စရပ်များတွင် အတူတကွဖြေရှင်းရန်အတွက် အနာဂတ်ကိုယခုထက်ပို၍ ကြိုတင်မှန်းဆပြင်ဆင်ထားရန် လိုအပ်ပါသည်။ ထိုကဲ့သို့ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အတွက် အာဆီယံ ဦးဆောင်သည့် ဆောင်ရွက်မှုပုံစံနှင့်   စုစည်းမှုအားကောင်းသည့် ဒေသဆိုင်ရာအဆင့် ချဉ်းကပ်မှုမျိုးရှိရန် အရေးကြီးပါသည်။ မြန်မာနိုင်ငံသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ စစ်မှန်၍စည်းကမ်း ပြည့်ဝသောပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေးကို ဆောင်ရွက်နေချိန်တွင် မြန်မာနိုင်ငံအပေါ်  အပြုသဘောမဆောင်သည့် ထုတ်ပြန်ခြင်းမျိုးဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။