လူငယ်နှင့်ကိုယ်ကျင့်တရား

လူငယ်နှင့်ကိုယ်ကျင့်တရား

လူငယ်ဆိုသည်မှာ သင်ယူတတ်မြောက်လွယ်သောအရွယ်ဖြစ်သည်။ ပြုပြင်ထိန်းသိမ်းနည်းလမ်း ကောင်းကိုပြလျှင် လိုက်ပါလုပ်ဆောင်တတ်သည့်အရွယ်လည်းဖြစ်သည်။ လူငယ်ဘဝတွင်ကိုယ်ကျင့်တရား ကောင်းမွန်စွာ ကျင့်ကြံနေထိုင်မှသာ လူကြီးဘဝသို့ရောက်သည့်အချိန်တွင် လူရိုသေ၊ရှင်ရိုသေအများက လေးစားမှုရှိပေမည်။ လူကြီးဖြစ်လာပြီးမှ ကိုယ်ကျင့်တရားမကောင်းသူကို ကိုယ်ကျင့်တရားကောင်းစေရန် ပြောဆိုဆုံးမလျှင်လည်း အချည်းနှီးသာဖြစ်ပေမည်။ ကိုယ်ကျင့်တရားကောင်းမွန်ရေးကို လူငယ်ဘဝကပင် သွန်သင်ထိန်းကျောင်းပေးရမည်။

လူငယ်ဟူသည်  အနာဂတ်အတွက်  အရင်းအနှီးကောင်းများဖြစ်သည်။  နိုင်ငံတော်ရဲ့အနာဂတ်အတွက် ခံယူချက်လွဲမှားသော ဆိုးသွမ်းလူငယ်များ မဖြစ်စေရေးအတွက် ယနေ့ကာလတွင်လူငယ်များကို အကောင်းဆုံးပြုစု ပျိုးထောင်ပေးလျက်ရှိသည်။ ကုမုဒြာကြာပန်းသည် လရောင်ဆမ်းမှ လန်းဆန်းသကဲ့သို့ လူငယ်ဆိုသည်မှာလည်း  ကိုယ်ကျင့်တရားကောင်းမွန်မှသာ လှပနေပေလိမ့်မည်။ ရုပ်ရည်လှပခြင်းထက် ကိုယ်ကျင့်တရားကောင်းမွန်ခြင်းဟူသော စိတ်အလှကိုမွေးမြူထားရမည်ဖြစ်သည်။ နိုင်ငံတော်ရဲ့ အနာဂတ်တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတို့သည် လူငယ်တို့၏အရည်အချင်းပေါ်တွင်မူတည်သည်။ ပညာတတ်သော်လည်း ကိုယ်ကျင့်တရားချို့ယွင်းသူ၊ ကိုယ်ကျင့်တရား ကောင်းမွန်သော်လည်း ပညာရေးတွင်ချို့တဲ့သူ မဖြစ်အောင် နိုင်ငံတော် အစိုးရအနေဖြင့် ဘက်စုံပညာရေးကို ကျင့်သုံးလျက်ရှိသည်။

လူငယ်တို့၏ ဘဝအစသည် ကျောင်းစာသင်ခန်းများဖြစ်သည်။ စာသင်ခန်းများက(ဆရာ၊ ဆရာမများက) လူငယ်တို့၏ နှလုံးသားကို ပြုပြင်နိုင်ကြသည်။ လူကောင်းလူတော်ဖြစ်အောင် သင်ကြားပြသဆုံးမနိုင်ကြ သလို လူဆိုးသူခိုးဖြစ်အောင်လည်း သင်ကြားပြသဆုံးမနိုင်ကြသည်။ ဆိုလိုသည်မှာ လူငယ်တို့၏ အနာဂတ်သည် ဆရာ၊ ဆရာမတို့ လက်ဝယ်တွင်ရှိရာ ဆရာကောင်းတပည့်ပန်းကောင်းပန်ဖြစ်အောင် သင်ပြပေးကြရမည်ဖြစ်သည်။ ဆရာဆိုသည်မှာ လူငယ်တို့၏အပြုအမူ၊ အပြောအဆို၊ အနေအထိုင်မှအစ စာကြိုးစားခြင်းအဆုံး ကြည့်ရှုသွန်သင်နေကြရမည်ဖြစ်သည်။ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆိုကာ ကောင်းကျိုးလိုလားသောစိတ်ဖြင့် ဆုံးမကြရမည်မှာ ဆရာကောင်းတို့၏ စွမ်းဆောင်မှုဖြစ်သည်။

လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖဆိုသည့်အတိုင်း မိဘများမှာလည်း ဆရာများကဲ့သို့  မိမိ၏ သားသမီးကိုပြောဆို ဆုံးမရမည်ဖြစ်သည်။ မိမိသားသမီးလမ်းမှားမရောက်အောင်၊ တွေးခေါ်စဉ်းစားဆင်ခြင် တတ်အောင်၊ အမှား/အမှန်ချင့်ချိန်တတ်အောင် သင်ကြားပြသရမည်ဖြစ်သည်။လူငယ်တိုင်းသည် ဘာသာရေး အဆုံးအမအတိုင်း ငါးပါးသီလဖြစ်သောသူ့အသက်ကိုသတ်ခြင်း၊ သူ့ပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါး သားမယားကို ပြစ်မှားခြင်း၊ လိမ်လည်ပြောဆိုခြင်း၊ အရက်သေစာသောက်စားခြင်း  စသည့်ငါးပါးသီလကို လုံခြုံစွာစောင့်ထိန်း၍ မကောင်းမှုကို ရှောင်ကြဉ်ကြရပေမည်။

ခေတ်အဆက်ဆက် ရေးသားဆုံးမခဲ့ကြသော ရဟန်းပညာရှိ၊ လူပညာရှိတို့၏အဆုံးအမများ၊ ကဗျာ၊ လင်္ကာများသည်လည်း လူငယ်တို့၏ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက်  များစွာအထောက်အကူ ဖြစ်စေပါသည်။ ဥပမာဆိုရသော် ရှင်မဟာသီလဝံသ၏ တိလောကဆုံးမစာတွင် ရိုင်းစိုင်းနီးကပ်၊ မကိုင်း ညွတ်ဘဲ၊ မတ်တတ်ထိုး၍မသွားနှင့် ဟူ၍လည်းကောင်း၊ ရှေ့ကစူးစူး၊ ဒူးလက်ကိုထောင်၊ ထိုင်ဆောင့် ကြောင့်နှင့်၊ ပေါင်ထောင်လက်ကား၊ အပါးကျပ်ကျပ် မနေအပ် ဟူသောအကြောင်းအရာမျိုးမှာ ကိုယ်ကျင့် တရားကောင်းမွန်စွာနေထိုင်ပြောဆိုရန် ဆုံးမထားခြင်းဖြစ်သည်။ လူငယ်များအနေဖြင့်ဤသို့တန်ဖိုးရှိသော စာပေများကို ဖတ်ရှုလိုက်နာကျင့်သုံးရပေမည်။

လူငယ်များအနေဖြင့် ကိုယ်အမူအရာရိုင်းစိုင်းခြင်း၊ နှုတ်ထွက်စကားကြမ်းတမ်းခြင်းများ ရှိနေပါက အမိယုတ် နှုတ်ကြမ်းဟူ၍ မိမိတို့၏ မိခင်ထိခိုက်ပေလိမ့်မည်။ ထိုသို့မဖြစ်စေဘဲ ပြောသမျှစကားတိုင်းမှာ ပျားသကာကဲ့သို့ ချိုမြိန်ခြင်း၊  လုပ်ဆောင်သမျှတိုင်းမှာ အများအကျိုးရှိစေပါက ]]လူလိမ္မာသား ယဉ်ပါး}}  ဟူ၍လူအများက ချီးမွမ်းကြပေမည်။ စိတ်နှလုံးစောင့်ထိန်းခြင်းသည် ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် အဓိကလက္ခဏာတစ်ရပ်ဖြစ်သည်။ စိတ်သည်မကောင်းမှုတွင် မွေ့လျော်သည့် သဘောရှိသည့်အတွက် စိတ်ကို ထိန်းနိုင်ရန်လိုအပ်သည်။

အချို့သောလူငယ်များမှာ ငယ်ငယ်ရွယ်ရွယ်နှင့်အရက်၊ ကွမ်းယာ၊ ဆေးလိပ်မှသည် မူးယစ်ဆေးဝါး အထိသုံးစွဲမှု ပြုလာသောအခါ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးမပြုသည့် လူဆိုးအဖြစ် အများဖယ်ကြဉ် ခြင်းခံရပေမည်။ ရောဂါဆိုးများ ဝင်ရောက်လာကာ လူ့ဘဝတွင်သက်တမ်းစေ့မနေရဘဲ စောစီးစွာကျောခိုင်း ထွက်ခွာသွားကြရသည်။ မိဘ များအတွက် ယူကျုံးမရဖြစ်ရသလို နိုင်ငံတော်အတွက်လည်း လူသားအရင်းအမြစ်ဆုံးရှုံးခြင်းဖြစ်သည်။ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေ ဟူသောရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာသည် လူငယ်တိုင်းသင်ကြား ခဲ့ရသောဆုံးမစာဖြစ်သည်။  ကိုယ်အမူအရာ၊ စိတ်ထားတို့အပြင် အတွေးအခေါ် အကြံအစည်တို့ မှန်ကန်ရမည်ဖြစ်ပေသည်။ အနှစ်ချုပ် ဆိုရသော် အနာဂတ်နိုင်ငံတော်အတွက် အားကိုးရမည့် လူငယ်များအဖြစ် ကိုယ်ကျင့်တရားအကောင်းဆုံး လူငယ်များ ဖြစ်ပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။