မီဒီယာအင်အားသစ်ကိုကြိုဆို

မီဒီယာအင်အားသစ်ကိုကြိုဆို

အနောက်မီဒီယာများ၏သတင်းအမှားများကို ချေဖျက်တိုက်ခိုက်နိုင်ရန်   နိုင်ငံအချို့အနေဖြင့် ကိုယ်ပိုင်မီဒီယာများကနေ ဖော်ထုတ်ရေးသားကာ ပြန်လည်တုံ့ပြန်ခဲ့ကြသည်။ ထိုသို့ပြန်လည်တုံ့ပြန်ခြင်းကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ခဲ့ရာမှ ယခုအခါ နိုင်ငံအချို့ကပူးပေါင်းပြီး စည်းလုံးညီညွတ်စွာဖြင့် တန်ပြန် ထိုးစစ်စတင်ရန်ပြင်ဆင်လာခဲ့သည်။ စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို အဓိကပြသသည့် အဖွဲ့ကတော့  BRICS  (ဘရစ်ခ်စ်)အဖွဲ့ဝင်နိုင်ငံများဖြစ်သည်။ မကြာခင်ကကျင်းပပြုလုပ်ခဲ့သည့် BRICS Media Forum  (ဘရစ်ခ်စ်မီဒီယာဖိုရမ်)က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသံများကို စုစည်းခဲ့သည်။ (၆)ကြိမ်မြောက် ဘရစ်ခ်စ်မီဒီယာဖိုရမ်ကို ဂျိုဟန်နက်စ်ဘတ်ဂ်မြို့တွင် သြဂုတ် ၂၀ ရက်ကကျင်းပခဲ့သည်။

အဆိုပါမီဒီယာဖိုရမ်သို့ နိုင်ငံပေါင်း ၃၀ ခန့်က မီဒီယာများ၊ စာနယ်ဇင်းသမားများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ကိုယ်စားလှယ်များ စုစုပေါင်းလူဦးရေ ၂၀၀ ခန့်တက်ရောက်ခဲ့ကြသည်။ ဖိုရမ်မှာ 'BRICS and Africa: Strengthening Media Dialogue for a Strengthening and Behavied Future'' ခေါင်းစဉ်ဖြင့် အဓိကဆွေးနွေးခဲ့ကြသည်။ အဆိုပါ BRICS မီဒီယာဖိုရမ်ကို ၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ BRICS မီဒီယာဖိုရမ်မှာ ပူးပေါင်းနိုင်ငံများ၏ အသံကိုမြှင့်တင်ပေးသည့် အရေးကြီး ပလက်ဖောင်းတစ်ခုဖြစ်လာနေပြီ ဖြစ်သည်။

အဆိုပါ ဘရစ်ခ်စ်မီဒီယာဖိုရမ်ဆွေးနွေးပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ  TASS သတင်းဌာန၏ ညွှန်ကြားရေးမှူးချုပ်က သတင်းအမှားတွေကို တုံ့ပြန်ရန်နှင့်  ဖွံ့ဖြိုးဆဲနိုင်ငံများ၏အကျိုးစီးပွားကို အကာ အကွယ်ပေးရန်  BRICS မီဒီယာတွေကိုတောင်းဆိုခဲ့သည်။ ဖိုရမ်အတွင်း ဆင်ဟွာသတင်းဌာနအကြီး အကဲက BRICS အဖွဲ့ဝင်နိုင်ငံများ၏မီဒီယာတွေပူးပေါင်းဆောင်ရွက်ပြီး အပြည်ပြည်ဆိုင်ရာရေးသား ဖော်ပြချက်များနှင့် မီဒီယာကို   ၎င်းတို့အလိုကျလက်ဝါးကြီးအုပ်ချင်နေကြသည့်  နိုင်ငံတွေအကြားမှာ BRICS မီဒီယာခေါင်းဆောင်များက  ရပ်တည်ချက်ခိုင်ခိုင်မာမာရှိဖို့ လိုအပ်တာကို ထည့်သွင်းဆွေးနွေးခဲ့ပြီး ပဋိပက္ခတွေကို မီးမွှေးဖို့၊ အသုံးချခံအဖြစ် မရပ်တည်ကြဖို့လည်း ထောက်ပြခဲ့ကြောင်းသိရှိရသည်။

အနောက်အုပ်စုမီဒီယာများ၏ ပုံဖျက်မှုများဖြစ်သည့် ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများ၊ ဘာသာ စကားများနှင့်ဆန်းသစ်တီထွင်မှုများကို အချင်းချင်းဖော်ထုတ်ကြရန် စိတ်အားထက်သန်စွာ ရှိနေကြသည်ကို လည်း ဖိုရမ်မြင်ကွင်းများအရ သိရှိရသည်။ အင်အားကြီးမီဒီယာ အစုအဖွဲ့များမှာ ဓနအင်အား၊ လူအင်အား၊ နည်းပညာအင်အား၊ အတတ်ပညာအင်အားပြည့်စုံသည့်အတွက် အဘက်ဘက်က အားနည်းသည့် နိုင်ငံများအဖို့ ပြန်လည်တုံ့ပြန်ရန် အခွင့်အရေးလွန်စွာ နည်းပါးခဲ့သည်။ အဆိုပါ အင်အားကြီးမီဒီယာများ၏ အနိုင်ကျင့်မှုအောက်တွင် နာကျည်းစွာ ခံစားခဲ့ရသည်။

လူထုဆက်သွယ်ရေးနည်းပညာက  ကမ္ဘာကိုလွှမ်းခြုံထားပြီး လူတိုင်းက နေ့စဉ်သတင်းများကို စိတ်ဝင်စားကြသည့်အခါ အင်အားကြီးနိုင်ငံများအနေဖြင့် မီဒီယာမှတစ်ဆင့် ကမ္ဘာကို သူတို့မြင်စေ လိုသည့်အခြေအနေနှင့် ပြစေချင်သည့်ပြကွက်မျိုးကိုသာ ကွက်ပြီး ပြသခဲ့သည်။ နိုင်ငံငယ်များ၏ ကောင်းသတင်းမှန်သမျှကို ဖုံးကွယ်ထားပြီး အနည်းငယ်မကောင်း သတင်းတစ်ခုရလိုက်လျှင် ထိုသတင်းစကို အရှည်ကြီးဆွဲဆန့်ကာ ကမ္ဘာသို့ပြသခဲ့သည်။ ကမ္ဘာ့ပြည်သူများကိုလိမ်လည်ပြီး နိုင်ငံငယ်များကို ကမောက်ကမဖြစ်အောင်၊ သူတို့လိုလားသူတွေကို ကမ္ဘာ့ပြည်သူတွေက သနားကရုဏာသက်အောင် စွမ်းဆောင်ခဲ့သည်။ ထို့အတူ ၎င်းတို့နှင့် သဟဇာတမဖြစ်သူများ၊ မလိုလားသူများကိုလည်း ကမ္ဘာ့ပြည်သူတွေက မျက်မုန်းကျိုးအောင်  နိုင်ငံငယ်အချင်းချင်းတိုက်ခိုက်ကြစေရန်၊ အကြမ်းဖက် တတ်စေရန်၊ စစ်မက်ဖြစ်ပွားစေရန်စသဖြင့် မီဒီယာလက်နက်ဖြင့် အစွမ်းပြလျက်ရှိကြသည်။

ကမ္ဘာ့နိုင်ငံငယ်များက ပြည်သူအများစုကို အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ၊ ဘာသာတရားနှင့် ဓလေ့ထုံးတမ်းဆိုင်ရာများကို ကမောက်ကမဖြစ်အောင် ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း သွတ်သွင်းနေသည်မှာ ယနေ့ခေတ်ကာလမှအစပြုခဲ့သည်မဟုတ်ပေ။ ၁၉၇၀ ပြည့်နှစ်ကျော်ကာလက Aginter Press သတင်းဌာနမှာအင်အားတောင့်တင်းခဲ့သည်။ သတင်းဌာနစစ်စစ်မဟုတ်ဘဲ ပြင်သစ် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲဟောင်းတစ်ဦးက ဦးစီးခဲ့သည်။ အာရပ်နိုင်ငံများ၊ အာဖရိက နိုင်ငံများအထိ တိုးချဲ့ပြီး မသိနားမလည်သူများကို သူတို့အတွေးအခေါ်များ ဖြစ်တည်လာအောင် သွေးဆောင်ခဲ့သည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် အမေရိကန်နှင့် အနောက်အင်အားကြီးနိုင်ငံများက ထောက်လှမ်းရေး အေဂျင်စီများအတွက် အလုပ်လုပ်ပေးနေရသည့် သတင်းသမားများနှင့် မီဒီယာများ များစွာပေါ်ပေါက်နေ ကြသည်။ ထိုသူတို့ကကိုလိုနီလက်သစ်ဝါဒ သြဇာနယ်ပယ်အတွင်းမှာ သူတို့ခြယ်လှယ်သမျှ ကမ္ဘာ့လူထု ပရိသတ်ကြီးတစ်ခုလုံးက မျက်စိမှိတ်ပြီး အကောင်းမြင်လာစေရေးကို အကြီးအကျယ်ဆောင်ရွက်လျက်ရှိ သည်။ ထိုသို့သောအခြေအနေများကို သိရှိလာကြသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အနောက်အုပ်စုနှင့် သဘော ထားမတိုက်ဆိုင်သည့် နိုင်ငံများက နယ်ချဲ့ဝါဒီများ၏ သဘောတရားရေးရာ အမှောင့်လုပ်ငန်းများကို ပြတ်ပြတ်သားသားခုခံနိုင်ရေး ဆောင်ရွက်လာကြပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မီဒီယာအင်အားသစ် ဖြစ်သည့် BRICS မီဒီယာဖိုရမ်ဆွေးနွေးပွဲမှတစ်ဆင့် လက်တွေ့လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ အောင်မြင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။