နိုင်ငံတော်အတွက် အားထားရသောလူငယ်များ

နိုင်ငံတော်အတွက် အားထားရသောလူငယ်များ

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား၊  တပ်မတော်နှစ်ရပ်အကြား မိတ်ဆွေကောင်းပီသစွာဖြင့် ကောင်းမွန်သောဆက်ဆံရေးကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အထူးသဖြင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် ၂၀၂၃ ခုနှစ်တွင် (၇၅)နှစ်မြောက် စိန်ရတုသို့ရောက်ရှိခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုမှစတင်ကာ နှစ်နိုင်ငံဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ဆယ်စုနှစ်ကာလများအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် အလွန်တိုးတက်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံနှင့်စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်။

မြန်မာနိုင်ငံ၏အနာဂတ်တွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေးတို့ကို ဆွေးနွေးမှုတို့ လက်တွေ့အကောင်အထည်ဖော် အောင်မြင်လာပြီ ဖြစ်သည်။ ဤသည်မှာ တိုင်းချစ်ပြည်ချစ် စိတ်ရှိသူတိုင်း၏ မျှော်လင့်ချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကိုယ်တိုင် ထုတ်ဖော်ပြောကြား ထားသည်မှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုမှတ်ကျောက်ပင်ဖြစ်သည်။

မြန်မာ့တပ်မတော်အနေဖြင့် ပြည်ပနိုင်ငံများ၏ တပ်မတော်များနှင့်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာ အားကောင်းစေရန် အပြန်အလှန်လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် နိုင်ငံတကာတပ်မတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ မြန်မာ့တပ်မတော်နှင့်ရုရှားတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရန် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ရုရှားတပ်မတော်အားကစားတက္ကသိုလ်၌ စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်သည့် ရုရှား-မြန်မာနှစ်နိုင်ငံဗိုလ်လောင်းများ ရေကူးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၁၅ မျိုးဖြင့် ကျင်းပယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့တပ်မတော်မှ ပြိုင်ပွဲဝင်ဗိုလ်လောင်းများအနေဖြင့် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ၁၂ ခုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး တာဝန်ရှိသူများက ဆုတံဆိပ်များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့ပြင် မြန်မာ့တပ်မတော်မှ အသင်းအုပ်ချုပ်သူ နည်းပြအရာရှိကြီးနှင့် ပြိုင်ပွဲဝင်ဗိုလ်လောင်းများသည် စိန့်ပီတာစဘတ်မြို့ရှိ ရုရှားတပ်မတော်အားကစားတက္ကသိုလ်၊ အမြောက်သမိုင်းပြတိုက်၊ ဗဠျွဥျွဗ စစ်သင်္ဘောပြတိုက်နှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်း၊ ရုရှားတပ်မတော်မှ ပြိုင်ပွဲဝင်ဗိုလ်လောင်းများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်းနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး တပ်မတော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများကို တိုးမြှင့်နိုင်ခဲ့ကြသည်။

မြန်မာ့တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်များနှင့် ဗိုလ်လောင်းများအား နိုင်ငံတကာ အတွေ့အကြုံများရရှိစေရေး၊ စစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိစေရေးအတွက် တပ်မတော်အချင်းချင်း အပြန်အလှန်လေ့လာရေး ခရီးစဉ်များစေလွှတ်ခြင်းနှင့် နိုင်ငံတကာတပ်မတော် အားကစားပြိုင်ပွဲများသို့ ပါဝင်ယှဉ်ပြိုင်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့တပ်မတော်ဗိုလ်လောင်းဆိုသည်မှာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခြင်း၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်းနှင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်ရှိခြင်းအစရှိသော အရည်အချင်းများနှင့် ပြည့်စုံသောလူငယ်ကလေးများဖြစ်သည်။ သူတို့သည် လူငယ်ထောင်ပေါင်းများစွာထဲက အဆင့်ဆင့်သောစိစစ်စမ်းသပ်ရွေးချယ်ကာ တပ်မတော်ဆိုင်ရာ တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိခြင်းဖြစ်သည်။

ဆိုလိုချင်သည်မှာ သူတို့အားလုံးသည် လူငယ်များသာဖြစ်သည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသော စိတ်ဓာတ်ဖြင့် တပ်မတော်သို့ဝင်ရောက် အမှုထမ်းကြသူများဖြစ်သည်။ သူတို့ကဲ့သို့ မျိုးချစ်စိတ်အပြည့်ဖြင့်နောင်လာမည့်မျိုးဆက်သစ်၊ မျိုးဆက်သစ်တိုင်းမှာလည်း အရည်အချင်း ပြည့်ဝအောင် ကြိုးစားပါက မြန်မာ့တပ်မတော်သည်လည်း  ပို၍ပို၍အင်အားတောင့်တင်းခိုင်မာလာမည် ဖြစ်သည်။ မြန်မာနိုင်ငံအတွက် တပ်မတော်သည်ထာဝစဉ်တည်တံ့ခိုင်မြဲနေရမည်ဖြစ်သည်။

တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့်တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်ဟူ၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀(က)ဖြင့် အခိုင်အမာပြဋ္ဌာန်း ထားသည်။ ထိုသို့ပြဋ္ဌာန်းထားသည့်အတိုင်း တပ်မတော်သားတို့အစဉ်တစိုက်ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ နိုင်ငံသားအားလုံး၏မွေးရာပါတာဝန်ဖြစ်သည်။ လူငယ်ဆိုသည်မှာ အနာဂတ်နိုင်ငံတော်၏ တာဝန်များကို လက်ဆင့်ကမ်းသယ်ပိုး ထမ်းရွက်ကြရမည့်သူများ ဖြစ်သည်။ လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံအောင် ကြိုးစားဆောင်ရွက်ပေးသည်မှာ လူငယ်တို့၏အနာဂတ်၊ နိုင်ငံ၏အနာဂတ်တိုးတက်ကောင်းမွန်ရေးအတွက်ဖြစ်သည်။ မြန်မာ့တပ်မတော် ဗိုလ်လောင်းများ၏ စွမ်းဆောင်အောင်မြင်မှုများကို အတုယူအားကျကာ လူငယ်တိုင်းက ကြိုးစားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။