ဒေသဖွံ့ဖြိုးတိုးတက်မှုများမှတစ်ဆင့် . . .

ဒေသဖွံ့ဖြိုးတိုးတက်မှုများမှတစ်ဆင့် . . .

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည်  နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့သွားရောက်ကာ   စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး တွေ့ဆုံဆွေးနွေးလမ်းညွှန်မှုများကို ဆောင်ရွက်လျက်ရှိသည်။ စက်တင်ဘာ ၉ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး လမ်းညွှန်ခဲ့သည်။   ထိုသို့တွေ့ဆုံ ဆွေးနွေးလမ်းညွှန်ခြင်းမှာ ၂၃ ကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့်အလတ်စားကုန်ထုတ် လုပ်ခြင်းများ တိုးတက်အောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဒေသတွင်းမှထွက်ရှိသည့်စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကိုအခြေခံ၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို  ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကိုတိုးတက်စေမည်ဖြစ်သည်။ ထို့ကြောင့်နိုင်ငံတော်အစိုးရအနေဖြင့် MSME စီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်း ဖြစ်သည်။

နိုင်ငံ၏စီးပွားရေးတိုးတက်မှုများပြားမှသာ   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။   စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုကိုအားပေးဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ကုန်ပစ္စည်းဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ စားသုံးမှုနှင့် ထုတ်လုပ်မှုများ မျှတမှုရှိစေရေး အတွက်လည်း ဆောင်ရွက်ရမည်ဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်၍ အသားထုတ်လုပ်မှုမှ အေးခဲအသားများကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်သည်။

မွေးမြူရေးလုပ်ငန်းအတွက်လိုအပ်သည့် အစာကုန်ကြမ်းများကိုလည်း ဒေသတွင်း၌ရရှိနိုင်ပေရာ ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင် ဆောင်ရွက်ကြရန်သာလိုပေသည်။ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် တစ်ဦးချင်းစီးပွားရေး တိုးတက်မှုမှ   ဒေသစီးပွားရေးတိုးတက်မှုကို ဖြစ်စေနိုင်ပေမည်။  ဒေသခံပြည်သူ များအတွက်  အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာမည်ဖြစ်သည်။

စိုက်ပျိုးရေးနှင့်ပတ်သက်၍  ဒေသတွင်အောင်မြင်ဖြစ်ထွန်းသည့် ကော်ဖီနှင့် လက်ဖက်များကို အဓိက စိုက်ပျိုးကြသည်ကို တွေ့ရှိရသည်။ ကော်ဖီနှင့်လက်ဖက်သည် နိုင်ငံတကာဈေးကွက် လိုအပ်ချက်ရှိပြီး ဖြစ်သည်။ ထို့ကြောင့်  နည်းစနစ်ကျနပြီး အရည်အသွေးပြည့်မီသည့် ကော်ဖီနှင့်လက်ဖက် ထုတ်ကုန်ထုတ်လုပ်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက်   ကျွမ်းကျင် လုပ်သားလူသား အရင်းအမြစ်များ ရှိနေရန် လိုအပ်ပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကျွမ်းကျင်လုပ်သားလူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေးအတွက်  ဆောင်ရွက်ပေးနေပြီဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်း များကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ထိုမှတစ်ဆင့်သက်ဆိုင်ရာ ဘာသာရပ်အလိုက် ထူးချွန်သူများကို တက္ကသိုလ်၊ ကောလိပ်များ၌ ဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်သည်။    ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက်   လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ပေးနေခြင်း ဖြစ်သည်။

နိုင်ငံ့စီးပွားမြင့်မား တိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာတွင် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME   လုပ်ငန်းများကို အားပေးနေခြင်း ဖြစ်သည်။ အဆိုပါ လုပ်ငန်းများမှ ပို့ကုန်ကဏ္ဍမြှင့်တင်ပြီး  ပြည်ပမှတင်သွင်းမှုများကို လျှော့ချရန်ဖြစ်သည်။ တိုင်းပြည်သာယာဝပြောရေး နှင့်စားရေရိက္ခာ ဖူလုံရေးတို့အတွက်  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေး နှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကို လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူသော   စီးပွားရေး ဦးတည်ချက်ကို နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည်။

စီးပွားရေးဦးတည်ချက်များကို   အောင်မြင်အောင် လုပ်ဆောင်နိုင်ရေးမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များတွင် ပါဝင်သူများအားလုံးက ကြိုးပမ်းဆောင်ရွက်ရမည့် အချက်ဖြစ်သည်။ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့မှုသည်လည်း ပါဝင်ပေရာ   နိုင်ငံတော်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း   ပို့ဆောင်ဆက်သွယ်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် ကားလမ်း၊ ရထားလမ်းများနှင့်လေယာဉ်ပြေးလမ်းများကို  အဆင့်မြှင့်တင် ပေးလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် ဒေသတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့်  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။