ဂုဏ်သိက္ခာရှိစွာ သွားလာလုပ်ကိုင်ရေး

ဂုဏ်သိက္ခာရှိစွာ သွားလာလုပ်ကိုင်ရေး

နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၏ လူ့စွမ်းအားကို စနစ်တကျအကျိုးရှိစွာ အသုံးချနိုင်ရန် ပြည်ပအလုပ်အကိုင် ရှာဖွေသူများအနေဖြင့် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး ပြည်ပသို့စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရန်၊ အလုပ်သမားများ၏ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန်နှင့် ရသင့်ရထိုက်သည့်အခွင့်အရေးများရရှိခံစားနိုင်စေရန်၊ ပြည်ပအလုပ်အကိုင် အမျိုးအစားအလိုက် ရရှိခဲ့သော အတွေ့အကြုံနှင့် အသိပညာများ၊ အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျ ပြန်လည်အသုံးချဆောင်ရွက်ခွင့်ရရှိနိုင်ရန် ရည်ရွယ်၍ ၁၉၉၉ ခုနှစ်တွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ ဥပဒေအရ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီမှတစ်ဆင့် လုပ်သားစေလွှတ်ရမည် ဖြစ်သည်။ အဆိုပါ အကျိုးဆောင်လိုင်စင်ရအေဂျင်စီများကို ကြီးကြပ်ကွပ်ကဲနိုင်ရန်နှင့် ပြည်ပရောက် မြန်မာအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ၂၀၁၃ ခုနှစ်တွင် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (Myanmar Overseas Employment Agencies Fedration-MOEAF) ကို ဖွဲ့စည်းပေးထားသည်။ အဆိုပါ ြဥနင်္ဗ ၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ကျင်းပခဲ့သည်။ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီ များအနေဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်ကြရန်နှင့် ပြည်ပသို့ အလုပ်သမားများ တရားဝင်စေလွှတ်နိုင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ အစည်းအဝေးကိုကျင်းပခြင်းဖြစ်သည်။

ပြည်ပသို့အလုပ်သမားများ တရားဝင်စေလွှတ်ရေးအတွက် ၂၀၂၃ ခုနှစ် သြဂုတ်လအထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၄၆၇ ခုရှိကြောင်း သိရသည်။ (ထိုင်း)လိုင်စင်ရအေဂျင်စီ ၁၅၀ ခုရှိသည်။ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီနှင့် အလုပ်သမားတို့အကြား ချုပ်ဆိုမည့်စံစာချုပ်ကို စက်တင်ဘာ ၁ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအားလုံးကို အကြောင်းကြားထားပြီး ဖြစ်သည်။ ထိုစာချုပ်အရ မိသားစုလွှဲပို့ငွေများမှ လစဉ်အခြေခံလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းဖြင့် လွှဲပြောင်းပေးပို့ရမည်ဖြစ်သည်။ အလုပ်သမားများအနေဖြင့် ပြည်ပမှတရားဝင် လွှဲပေးနိုင်သည့် နည်းလမ်းများနှင့်အကျိုးကျေးဇူးများကို ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရာတို့တွင် အလုပ်သမားများအား ရှင်းလင်းပြောကြားထားရမည် ဖြစ်သည်။

ပြည်ပရောက် အလုပ်သမားများအနေဖြင့် တရားဝင်လမ်းကြောင်းမှလွှဲပို့သည့်အတွက် လုံခြုံစိတ်ချမှု ရှိသည့်အပြင် မိမိနိုင်ငံ၏ ဝင်ငွေတစ်ခုအဖြစ် ပြန်လည်ဝင်ရောက်လာမည်ဖြစ်သည်။ အဆိုပါ အလုပ်သမားများ၏ မိသားစု လူမှုစီးပွားကောင်းမွန်တိုးတက်လာမည်ဖြစ်သည်။ ထိုင်းနိုင်ငံသို့ သြ့ စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်းကို ယခင်က အလုပ်သမားများနေထိုင်ရာ  သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တို့တွင် ချုပ်ဆိုခွင့်ပြုထားခဲ့သည်။ ယခုအခါ အချိန်ကုန်သက်သာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း တစ်ခုတည်း တွင်သာ စာချုပ်ချုပ်ဆိုခြင်းကို စက်တင်ဘာ ၁၁ ရက်က စတင်ခွင့်ပြုပေးထားပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ပရောက်မိမိနိုင်ငံသားများအရေးနှင့် ပတ်သက်လာလျှင် အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကျရောက်မှုကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲများနှင့် ကြုံနေရသည့် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြန်လည်ခေါ်ဆောင်ပေးခဲ့သည်။ ထို့အတူ အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင် ရောက်ရှိနေသည့် ရေလုပ်သား ၇၀ ဦးကို စစ်ရေယာဉ်(တပင်ရွှေထီး)ဖြင့် ၂၀၂၁ ခုနှစ် မတ်လအတွင်းက ပြန်လည်ခေါ်ဆောင်ပေးခဲ့သည်။ ထိုသို့ခေါ်ဆောင်ပေးခဲ့ရာတွင် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အဝတ်အစားအသုံးအဆောင်များ ပံ့ပိုးပေးခြင်းနှင့် လမ်းခရီးတစ်လျှောက် စားသောက်နေထိုင် ရေးများကိုလည်း ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြည်ပနိုင်ငံများရှိ မြန်မာအလုပ်သမားရေးရာကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးရန်နှင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များကို ဆောင်ရွက်ပေးနိုင်ရန် မြန်မာအလုပ်သမားများ အများဆုံး သွားရောက်လုပ်ကိုင်သည့်နိုင်ငံများတွင်  အလုပ်သမားသံအရာရှိများ ခန့်အပ်တာဝန် ပေးလျက်ရှိသည်။

ထို့ကြောင့် ပြည်ပတွင် အခက်အခဲနှင့်ကြုံနေရသည့် အလုပ်သမားကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ခြင်း ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အလုပ်သမားတို့၏ အခန်းကဏ္ဍမှာလည်း အရေးပါလှသည်ဖြစ်ရာ ပြည်ပသို့ သွားရောက်မည့် မည်သူမဆို တရားဝင်လမ်းကြောင်းဖြင့် ဂုဏ်သိက္ခာရှိစွာ သွားလာကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။