ရာသီဥတုကို စဉ်ဆက်မပြတ်လေ့လာ

ရာသီဥတုကို စဉ်ဆက်မပြတ်လေ့လာ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်နိုင်ငံ ဖြစ်သည်။ စိုက်ပျိုးရေးအတွက် အဓိကလိုအပ်ချက်သည်  ရေဖြစ်သည်။ စိုက်ပျိုးရေရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများ အပြင်ဆည်တာတမံများ များစွာတည်ဆောက်ပေးထားပြီးဖြစ်သော်လည်း အဆိုပါ စီမံကိန်းများနှင့် အလှမ်းကွာသည့်နေရာများတွင် မိုးရေကိုသာမျှော်ကိုးနေကြရသည်။  မုတ်သုံလေသည် စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများသည့်လေစီးကြောင်း ဖြစ်သည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ မုတ်သုံလေဝင်ရောက်မှုနောက်ကျလာနေသလို ပြန်လည်ထွက်ခွာမှုမှာ လျင်မြန်လွန်းနေသည်။

အနောက်တောင်မုတ်သုံလေသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ  ၁၇ ရက်နေ့တွင်  မြန်မာနိုင်ငံမြောက်ပိုင်းမှ စတင်ဆုတ်ခွာသွားပြီဖြစ်သည်။ ထို့ပြင် အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှစတင် ဆုတ်ခွာသွားနိုင်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့တွင် မြစ်ဝကျွန်းပေါ်ဒေသများမှဆုတ်ခွာသွားနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားပါသည်။

မုတ်သုံလေနောက်ကျဝင်ခြင်း၊ စောစီးစွာထွက်ခွာသွားခြင်းတို့ကြောင့် မုတ်သုံရာသီမှာ တိုတောင်းလာနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ပုံမှန်ရာသီဥတုဖြစ်စဉ်တွင် မုတ်သုံလေသည် မေလ ၁၅ ရက်နေ့တွင် စတင်ဝင်ရောက်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့ရောက်မှသာ ထွက်ခွာလေ့ရှိသည်။ ယခုအခါ မေလကုန်တွင် မုတ်သုံဝင်ရောက်လာပြီး အောက်တိုဘာ ၁ ရက်နေ့တွင်အပြီးတိုင် ပြန်လည် ထွက်ခွာမည်ဖြစ်ရာ မုတ်သုံကာလ နည်းပါးနေပြီဖြစ်သည်။ မုတ်သုံလေသည် ကုန်းမြေနှင့် ပင်လယ်သမုဒ္ဒရာတို့ရှိ အပူချိန်မတူညီမှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် လေကြောင်းပြောင်းလဲမှု ဖြစ်စဉ်တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် အများပြည်သူတို့က မုတ်သုံဝင်လာလျှင် မိုးရွာသွန်းပြီး  မုတ်သုံထွက်သွားလျှင် မိုးကုန်ပြီဟု သိထားကြသည်။ မြန်မာနိုင်ငံမှ မုတ်သုံပြန်လည်ဆုတ်ခွာရာတွင် အပိုင်းလိုက်ဆုတ်ခွာခြင်းဖြစ်သည့်အတွက် အောက်တိုဘာလဆန်းအထိ မြန်မာနိုင်ငံအောက်ပိုင်းတွင် မိုးရွာသွန်းနေမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်  ယခုနှစ်မုတ်သုံရာသီတွင် ပုံမှန်မိုးရွာသွန်းမှုရက် ၄၀ ခန့်လျော့နည်းသွားသော်လည်း မိုးရေချိန် လက်မပြည့်အောင် ရရှိခဲ့ကြောင်း သိရှိရသည်။

မုတ်သုံကာလများတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်း ရပ်ဝန်းများမှတစ်ဆင့် မုန်တိုင်းဖြစ်ပေါ်လာတတ်သည်။ ရာသီဥတုပြောင်းလဲမှုသည် တောင်သူလယ်သမား ဦးကြီးများအတွက် အကျိုးသက်ရောက်မှုဖြစ်စေသကဲ့သို့ ဆိုးကျိုးများကိုဖြစ်စေနိုင်သည်။ မိုးလေဝသသတင်းများကို အစဉ်တစိုက်နားထောင်ကာ မိမိတို့လုပ်ငန်းအတွက်ကြိုတင်ကာကွယ်ခြင်း၊ ရွှေ့ပြောင်းခြင်းစသည်တို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။

ယခုနှစ်မိုးရာသီ၌ မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုဆိုးဆိုးရွားရွား ဖြစ်ပေါ်ခြင်း မရှိခဲ့သော်လည်း ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေကြရသည်။  မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာ ၈ ရက်က ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် စက်တင်ဘာ ၁၃ ရက်အထိ သေဆုံးသူ ၂၉၀၀ ကျော်ရှိပြီး ဒဏ်ရာရသူ ၅၅၀၀ ကျော်ရှိကြောင်းသိရှိရသည်။  ကလေးငယ် တစ်သိန်းကျော်မှာလည်း ထိခိုက်ခံစားနေရကြောင်း သိရသည်။

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းတွင် စက်တင်ဘာ ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ ဒါနာမြို့ အရှေ့ပိုင်းနှင့် အခြားနေရာများတွင် လူနေအိမ်များ ရေစီးနှင့်အတူ မျောပါသွားခဲ့သည်။ ဒါနာမြို့တစ်ခုတည်း၌ပင် ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၅၀၀၀ ကျော်သေဆုံးခဲ့သည်။

မိုးရွာသွန်းမှုကြောင့် ဒါနာမြို့ရှိ ရေကာတာနှစ်ခုပြိုကျခဲ့ပြီး မြို့နှင့်အနီးတစ်ဝိုက်ဒေသများတွင် ရေနစ်မြုပ်ခဲ့ကြောင်းနှင့် ရေကြီးရေလျှံမှုများကြောင့် ပြည်သူ ၁၀၀၀၀ နီးပါးပျောက်ဆုံးလျက် ရှိကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း  ရီယိုဂရန်ဒီဒိုဆူးလ်တွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၄၇ ဦးရှိလာကြောင်း သိရှိရသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒေသ ၉၈ ခုထိခိုက်မှုရှိခဲ့ပြီး စက်တင်ဘာ ၄ ရက်မှစတင်ကာလူပေါင်း ၂၅၀၀၀ ကျော်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ အဆိုပါမုန်တိုင်းဒဏ်ကြောင့် စက်တင်ဘာ ၁၂ ရက်အထိကာလအတွင်း  အနည်းဆုံး ၉၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် လူရှစ်ဦးပျောက်ဆုံးလျက်ရှိကြောင်းလည်းသိရှိရသည်။ အင်ဒိုနီးရှားနိုင်ငံ တစ်ဝန်း၌ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့်အပူလှိုင်းဖြတ်သန်းမှုသည် မိုးခေါင် ရေရှားမှုကို ဖြစ်စေပြီး နိုင်ငံ၏စားနပ်ရိက္ခာဖြစ်သည့် ဆန်စပါးပြတ်လပ်မှုအပေါ် ပြည်သူများ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။

ကမ္ဘာပေါ်ရှိနိုင်ငံအချို့တွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို  ဆိုးဆိုးရွားရွားခံစားနေရကြောင်း  အထက်ပါသတင်းများက ဖော်ပြလျက်ရှိသည်။  မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူလှိုင်း/အအေးလှိုင်းဖြတ်ခြင်း များကြုံတွေ့နေကြရသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ပြောင်းလဲဖြစ်ပေါ်နေသော ရာသီဥတုဖြစ်စဉ်ကို စဉ်ဆက်မပြတ်လေ့လာကာ မျိုး၊ မြေ၊ ရေ၊ နည်းပညာနှင့် စိုက်ပျိုးစရိတ်ဖြည့်ဆည်း ပေးမှုများကို ရယူလျက် ရာသီဥတုနှင့်ကိုက်ညီသည့် သီးနှံများဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်ဖြစ်ပါကြောင်း။   ။