မြန်မာတိုင်း၏အမျိုးသားရေးတာဝန်

မြန်မာတိုင်း၏အမျိုးသားရေးတာဝန်

ယဉ်ကျေးမှုဆိုသည်မှာ သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသောလူမှု အဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်းဟူ၍ မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပါသည်။ အမှန်အားဖြင့် မြန်မာ့ယဉ်ကျေးမှုဆိုသည် ဗုဒ္ဓယဉ်ကျေးမှုဟူ၍ပင်  ခေါ်ဆိုထိုက်ပါသည်။ ယဉ်ကျေးမှု၏ အနက်အဓိပ္ပာယ်သည်  နယ်ပယ်ကျယ်လှသည်။ တန်ဖိုးထားမှုများ၊ ယုံကြည်မှုများ၊ ဆင်ယင် ထုံးဖွဲ့မှုများ၊ ထုံးဓလေ့များ၊ အနုပညာရပ်များဟူ၍လည်း ဖွင့်ဆိုနိုင်ပါသည်။

ယဉ်ကျေးမှုအစစ်သည် လူ့အနှစ် အမြုတေရတနာဖြစ်သည်။ ကောင်းမွန်သောအမျိုးသားယဉ်ကျေးမှုဟူသည်  အမျိုးသားစိတ်အခြေခံရှိရပေမည်။  အမျိုးသားသဘောတရား သက်ဝင်ကိန်းအောင်းနေရမည်။

အမျိုးသားစိတ်၊  အမျိုးသားသဘောတရား  ကင်းကွာဆိတ်သုဉ်းခဲ့လျှင်ဖြစ်စေ၊   ခေါင်းပါးခဲ့လျှင်ဖြစ်စေ၊ ဆန့်ကျင်ခဲ့လျှင်ဖြစ်စေ၊ မဆီလျော်ခဲ့သည်ဖြစ်စေ ဤယဉ်ကျေးမှုမျိုးသည် အမျိုးသားယဉ်ကျေးမှုအစစ်အမှန် ဟု မဆိုနိုင်တော့ပေ။ မြန်မာတို့သည် ရှေးနှစ်ပေါင်းများစွာကပင် မြန်မာ့ယဉ်ကျေးမှုစစ်စစ်ကို  ခိုင်ခိုင်မာမာ ထိန်းသိမ်းလာခဲ့သည်မှာယနေ့တိုင်ဖြစ်သည်။

          မြန်မာ့ရိုးရာယဉ်ကျေးမှုနယ်ပယ်တွင် အဆို၊ အက၊ အရေး၊ အတီးပညာရပ်များသည် လွန်စွာခက်ခဲ နက်နဲလှသောပညာရပ်များ ဖြစ်သည့်အတွက် သင်တိုင်းမတတ်သော ပညာရပ်အဖြစ် မှတ်တမ်းပြုထားကြသည်။  ခက်ခဲနက်နဲလှသော ပညာရပ်ဖြစ်သည့်အတွက် လက်ဆင့်ကမ်း အမွေဆက်ခံသူ နည်းပါးလှသည်။  တော်သင့်ရုံဝါသနာပါရုံမျှဖြင့်လည်း   သင်ယူ၍မတတ်မြောက်နိုင်လှပေ။   နိုင်ငံတော် အဆင့်မှ အားပေးချီးမြှောက်မှသာ ဤပညာရပ်များပြန့်ပွားထွန်းကားမည်ဖြစ်သည်။ ထို့ကြောင့်  နိုင်ငံတော် အစိုးရအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကျင်းပပြီး ရွက်ပုန်းသီးဝါသနာရှင်များ၊  ပညာရှင်များကို ဖော်ထုတ်ပေးလျက်ရှိသည်။

          ယခုအခါ(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို အဆင့်ဆင့်ကျင်းပလာခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်များ ပြီးမြောက်ခဲ့ပြီး ထူးချွန်သူများအနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ တက်ရောက်ကြရတော့မည်ဖြစ်သည်။ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ဦးတည်ချက်များအဖြစ်(၁)အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊   (၂)တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာ အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု  စရိုက်လက္ခဏာများမပျောက်ပျက်စေရန် ဖော်ထုတ်၊ထိန်းသိမ်း၊မြှင့်တင်ရေး၊ (၃) မျိုးဆက်သစ်လူငယ်များ အကြားတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊   (၄) နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်းရေး တို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အားပူးပေါင်းပါဝင်ဆောင်ရွက်ရေး ဟူ၍ ဦးတည်ချက် (၄)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။

ဂီတသည်ကိုယ်ပိုင်အနုပညာဖြစ်သည်။ ကိုယ်ပိုင်ဟုဆိုရာတွင် မိမိကိုယ်တိုင် အားထုတ်ဖန်တီးမှုဖြင့် မွေးဖွားရသည့် အနုလက်ရာပစ္စည်းဖြစ်သောကြောင့် ပုဂ္ဂလသဘောအရ ကိုယ်ပိုင်ဖြစ်သည်ဟုဆိုလိုသည် သာမက မိမိတိုင်းပြည်၏အနုပညာပစ္စည်းလည်းဖြစ်သည်ဟူသောသဘောကို ရည်ညွှန်းပေသည်။ သို့ဖြစ်၍ ဂီတသည် အမျိုးသားအနုပညာ၊ အမျိုးသားယဉ်ကျေးမှုဖြစ်သည်။ အနုပညာရှင်တို့သည် အမျိုးသား ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်။ နည်းပညာတိုးတက်ထွန်းကားလာသောကမ္ဘာကြီးတွင် တိုးတက်ထွန်းကားမှုလျင်မြန်လာနေသလို  လူတို့၏အတွေးအခေါ်၊ အယူအဆနှင့်လူ့လောကအဆောက် အအုံပုံသဏ္ဌာန်သည်လည်းလျင်မြန်စွာပြောင်းလဲလျက်ရှိသည်။ ထိုသို့ပြောင်းလဲလာသည်နှင့်အမျှ အမျိုးသား

ယဉ်ကျေးမှုတွင်လည်း အပြောင်းအလဲများရှိလာပေလိမ့်မည်။ ခေတ်နှင့်အညီလိုက်ပါပြောင်းလဲမှုရှိသော်လည်း

အမျိုးသားရေးစိတ်ဓာတ်ကင်းမဲ့သောပြောင်းလဲခြင်းကိုမူ လက်ခံ၍ရနိုင်မည်မဟုတ်ပေ။

          မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အတီးပညာရပ်များမှာ ပျူခေတ်ကပင်ထွန်းကားနေသော ပညာရပ်များဖြစ်သည်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဟူသည့် တူရိယာငါးပါးသည် မြန်မာတို့၏ ကိုယ်ပိုင်တူရိယာများဖြစ်သည်။ မြန်မာတို့သည် မြန်မာ့ဂီတကိုလွန်စွာမြတ်နိုးတန်ဖိုးထားကြသည့်အတွက်  ဘာသာရေး၊ လူမှုရေးပွဲလမ်းသဘင်များ၊ မင်းခမ်းမင်းနားများတွင် ဂီတအနုပညာကို  မပါမဖြစ်မင်္ဂလာယူ ထည့်သွင်းအသုံးပြုခဲ့ကြသည်။ အရေးဘာသာရပ်ဖြစ်သောစာပေ၊ သီချင်းရေးသားမှုများမှာလည်း ကိုယ်ပိုင် စာပေအရေးအသား၊ ကိုယ်ပိုင်သံစဉ်များဖြင့်ရေးသားခဲ့ကြောင်းကို မဟာဂီတသီချင်းကြီးများတွင် ထင်ရှားစွာ တွေ့မြင်ရသည်။

          ထိုမဟာဂီတများသည်  ယနေ့လူငယ်တို့သုံး၍မကုန်နိုင်သော ပညာအမွေများဖြစ်သည်။   မြန်မာ့ရိုးရာ

ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးကို  နိုင်ငံတော်က  ဦးဆောင်ကြိုးပမ်းနေသည်မှာ နိုင်ငံနှင့်လူမျိုး အတွက်များစွာ ဂုဏ်ယူဖွယ်ဖြစ်သည်။ ထိုယဉ်ကျေးမှုအမွေအနှစ်များ၊ ပညာရပ်များမတိမ်ကော မပျောက် ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေး တာဝန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။