ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက်မွေးနေ့

ရှင်မဟာရဋ္ဌသာရ၏ ၅၅၅ နှစ်မြောက်မွေးနေ့

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်)

ဆရာတော်ရှင်မဟာရဋ္ဌသာရ၏  ၅၅၅  နှစ်မြောက်  မွေးနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို “အနာဂတ် မျိုးဆက်သစ်လူငယ်များအနေဖြင့်  မြန်မာစာကိုချစ်ခင်မြတ်နိုးတန်ဖိုး ထားတတ်လာစေရန်၊ မြန်မာစာပေ သမိုင်းကြောင်းတွင် အင်းဝခေတ်စာပေ ပညာရှင်များကို ဖော်ထုတ်ဂုဏ်ပြုရာ၌ ဂုဏ်ကျေးဇူးကြီးမားလှသော ဆရာတော်ရှင်မဟာရဋ္ဌသာရ၏ဂုဏ်ကျေးဇူးကို သိရှိစေရန်” ဟူသောရည်ရွယ်ချက်များဖြင့် စက်တင်ဘာ ၂၃  ရက်(ယနေ့)တွင်  မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ခမ်းနားစွာကျင်းပသည်။

ရှင်မဟာရဋ္ဌသာရသည် အင်းဝခေတ်စာဆို အကျော်အမော်ဖြစ်သည်။  ဖခင်ဓမ္မပါလအမတ်ထံမှ စာပေ အမွေဆက်ခံရသည့်အတွက် အသက် ၁၀ နှစ်အရွယ်ကပင် သူ၏ထူးချွန်ထက်မြက်မှုကို တွေ့ရသည်။ ငယ်မည်မှာ မောင်မောက်ဖြစ်သည်။ ဖခင်၏အမှုလုပ်ငန်းထမ်းဆောင်ရာတွင် အရည်အသွေးပြည့်ဝမှု၊ တာဝန်ကျေမှု၊ မဟာမျိုးမဟာနွယ်ဖြစ်မှုနှင့် မောင်မောက်၏သားနားမွန်ရည်၍ လိမ္မာရေးခြားရှိမှုတို့ ကြောင့် ဘုရင်မင်းမြတ်ကိုယ်တော်တိုင် မျက်စိကျတော်မူခဲ့သည်။ အလေးပေး၍ အလိုလိုက် တော်မူခဲ့ သည်။ မောင်မောက်၏ အစွမ်းသတ္တိနှင့် ထက်မြက်ဟန်ရှိသည့် ပညာဉာဏ်ကိုလည်း  ဘုရင်မင်းမြတ်က လေ့လာ စူးစမ်းဟန်ရှိသည်။ ထို့ကြောင့် အခွင့်သာသောတစ်နေ့တွင် သမီး(၃)ပါးအကြောင်းကို ကဗျာ စပ်ပါဘိဟု မိန့်ဆိုတော်မူခဲ့သည်။

မောင်မောက်ကလည်း မဆိုင်းမတွ အလျင်အမြန်ပင် “အိုဘဲ့ဘယ်-အိုဘဲ့ သမီးတော်၊ နတ်သော်ပုံမယွင်း။ အိုဘဲ့ဘယ်-အိုဘဲ့သမီးတော်၊ ရွှေလှော်သွင်းပုံဆင်း။ အိုဘဲ့ဘယ်-အိုဘဲ့ သမီးတော်၊ စန္ဒော်လနှယ်ဝင်း” ဟူ၍ အဲရိုးအဲချင်းကဗျာကို လက်တန်းရွတ်ဆိုခဲ့သည်။ ထိုမှစ၍ ကဗျာဉာဏ်ကွန့်မြူးပါတော့သည်။ စာဆိုဖွဲ့ဆိုခဲ့သော  စာစုစာရင်းကိုချုပ်လိုက်လျှင် ပျို့ငါးစောင်၊ မော်ကွန်းသုံးစောင်၊ တောလား တစ်စောင်၊ ရတု ၂၃ ပုဒ်၊ ဆုံးမစာတစ်ပိုဒ်နှင့်   အဲချင်းတစ်ပုဒ်ရှိသည်။ ထို့ပြင်  ကြွင်းကျန်သည့် စာများလည်း ရှိနိုင်သည်။ စာဆိုသည် ငယ်စဉ်က နန်းတွင်းတွင် ဝင်ထွက်ကြီးပြင်းခဲ့သူဖြစ်သောကြောင့် ရာဇကိုနိုင် ပါသည်။ အသက် ၁၆ နှစ်တွင် သာသနာ့ဘောင်သို့ဝင်ခဲ့ပြီး နောင်တော်ရှင်ဝရစက္ကပါလမထေရ်နှင့် သီဟိုဠ်ပြန်ဆရာတော်ကြီးများထံ၌ စာပေပညာဆည်းပူးခဲ့သဖြင့် ဓမ္မကိုလည်း ပိုင်ပါသည်။ ထို့ကြောင့် စာဆို ရှင်မဟာရဋ္ဌသာရ၏စာများတွင် ရာဇ၊ ဓမ္မ၊ လောကအကြောင်းများကို လှိုင်လှိုင်ကြီးတွေ့ရှိရသည်။

ဆရာတော်ရှင်မဟာရဋ္ဌသာရသည် စိတ်ကိုတည်ငြိမ်လေးနက်စွာထား၍ သတိတမံ ဉာဏ်မြေ ကတုတ် ချွန်းနှယ်အုပ်ကာ ပရိယတ္တိ၊ ပဋိပတ္တိလုပ်ငန်းကို ကြိုးပမ်းအားထုတ်ခဲ့သည်။ အားထုတ်ရာတွင် သာသနာတော်ထမ်း ရဟန်းသံဃာများကို စာပေပို့ချခြင်းဖြင့်လည်းကောင်း၊ ပြည်သူပြည်သားအများကို ဘူရိဒတ်လင်္ကာ၊ ဟတ္ထိပါလကဲ့သို့သော ပျို့လင်္ကာတို့ဖြင့်လည်းကောင်းပညာပေးခဲ့သည်။ ဆရာတော်၏ ပျို့တို့သည် လေးနက်သိမ်မွေ့လှသည့် ဓမ္မအကြောင်းများကို အခြေခံစပ်ဖွဲ့ထားသော်လည်း တစ်ချီ တစ်ချီ တွင် လောကီရနံ့သည် သင်းသင်းလာတတ်သည်။ ထို့ကြောင့် ရှင်မဟာရဋ္ဌသာရ၏ စာကို “ထန်းတက်သမား၏ ရင်ဘတ်နှင့်တူသည်” ဟု ရှေးသူဟောင်းတို့က ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။ ထန်းတက်သမား၏ ရင်ဘတ်သည် ထန်းပင်ထိတုံ၊ ထန်းပင်မှခွာတုံဖြစ်သကဲ့သို့ ရှင်မဟာရဋ္ဌသာရ၏ ပျို့လင်္ကာတို့သည် လောကုတ္တရာ နှင့်ယှဉ်တုံ၊ လောကုတ္တရာမှခွာတုံဖြစ်၏ ဟုဆိုလိုခြင်းဖြစ်သည်။

ရှင်မဟာရဋ္ဌသာရသည် အကြောင်းအရာစုံရေးဖွဲ့ခဲ့သည်။ ပေါင်းသင်းဆက်ဆံရေး၊ ပညာသင်ကြားရေး၊ မင်းမှုထမ်း၊ မင်းမှုစိုးမှုရေးရာဆုံးမစာ၊ တောင်သူလုပ်ငန်းဆောင်တာစသည်တို့အပြင် သူ၏ကိုယ်ရေး ကိုယ်တာ မေတ္တာရေးရာပါမကျန် ကာရန်လှလှရေးဖွဲ့ခဲ့သည်။ ရသစုံထုံမွမ်းခဲ့သည်။ အကြောင်းအရာတွင် သာမက ရေးဖွဲ့မှုပုံသဏ္ဌာန်မှာ တီထွင်ဖန်တီးနိုင်မှုကို တွေ့ရသည်။ ထိုခေတ်အခါက စာဆိုများမှာ လင်္ကာရေးထုံး နှင့်အညီရေးဖွဲ့သီကုံးကြသော်လည်း ရှင်မဟာရဋ္ဌသာရကမူ ဆန်းသစ်စွာရေးဖွဲ့ စပ်ဆိုခဲ့ သည်။ တောင့်တဲ တွန့်၊ ပုလဲတစ်ကန့် သန္တာတစ်ကန့်၊ မုတ္တာရွဲသီ၊ ပဒုမ္မာကြာ၊ နဝဘာ စသည့် ပုံသဏ္ဌာန်အမျိုးမျိုးကို တီထွင်စပ်ဆိုခဲ့သည်။

ရှင်မဟာရဋ္ဌသာရသည် မြန်မာစာပေနယ်တွင် နေတစ်ဆူ၊လတစ်ဆူ ထွန်းတောက်ခဲ့သည့်စာဆိုရှင် ဆရာတော်ဖြစ်သည်။ ထိုစာဆိုရှင်ပြုစုခဲ့သည့်စာများတွင် ဘူရိဒတ်လင်္ကာကြီး၊ စတုဓမ္မသာရကိုးခန်းပျို့၊  သံဝရပျို့တို့မှာကျော်ကြားလှသည်။ စာဆိုတော် ရှင်မဟာရဋ္ဌသာရ ရေးသားခဲ့သည့်  ကဗျာလင်္ကာများ အနက် မြန်မာနိုင်ငံစာပေသင်ကြားမှုသမိုင်းတွင် အထင်ကရရှိခဲ့သည့် သင်ကြားမှုနည်းစနစ်တစ်ခုမှာ “သု၊ စိ၊ ပု၊ ဘာ၊ဝိ၊ လိ၊ သိ၊ ဓာ” “အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်းသွင် နေ့တိုင်းဆင်လော့” ဟူသည့် ဆုံးမစာလင်္ကာသွားပင်ဖြစ်ပြီး ယနေ့အထိလည်း ခေတ်မီနေဆဲပင်ဖြစ်သည်။ ဆရာတော်ကြီး၏ ခိုင်မြဲတည်ကြည်သည့် စာပေကျေးဇူးသည် မြန်မာစာပေသမိုင်းအတွက် တုနှိုင်း၍မရနိုင်ဘဲ အလင်္ကာ ပန်းရနံ့ပမာ ယနေ့ထက်တိုင် သင်းပျံ့နေဆဲဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါသည်။  ။