စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု

စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု

အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့်အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု  ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၇ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင်  ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတို့ကို ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့်စွာဖွံ့ဖြိုးလာစေရေးမြှင့်တင်ခြင်းနှင့် ကြီးထွားမှုဗဟိုချက်အသစ်ကိုပြုစုပျိုးထောင်ပေးခြင်းတို့ဖြင့် အတူမျှဝေခံစားသည့်အနာဂတ်နှင့် ဟန်ချက်ညီမျှသည့် နေရာတစ်ခုဖြစ်လာစေရေးအတွက် အတူတကွကြိုးပမ်းဆောင်ရွက်ကြပါစို့ ဟူသောရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။

တရုတ်-အာဆီယံ  ကုန်စည်ပြပွဲများနှင့် စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများကို ၂၀၀၄ ခုနှစ်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  နန်နင်းမြို့တွင် ကျင်းပလာခဲ့သည်မှာ အကြိမ်(၂၀)မြောက်ရှိပြီဖြစ်သည်။ တရုတ်-အာဆီယံလွတ်လပ်သော ကုန်သွယ်မှုနယ်မြေ ပေါ်ပေါက်လာခြင်းနှင့်အတူ နှစ်စဉ်ကျင်းပနိုင်ခဲ့သည့် စီးပွားရေးအခင်းအကျင်းများက ကမ္ဘာ့စီးပွားအကျပ်အတည်းများကို မြန်မာနိုင်ငံပါဝင်သည့် တရုတ်နှင့်အာဆီယံနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားသွားနိုင်မည်ဖြစ်ပြီး   တရုတ်-အာဆီယံချိတ်ဆက်မှုများမှသည် ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ကြက်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းများနှင့်ကြုံတွေ့နေရချိန်တွင် တရုတ် -အာဆီယံလွတ်လပ်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားသွားနိုင်ပြီး ကမ္ဘာပေါ်တွင်  အင်အားတောင့်တင်းသည့် စီးပွားရေးနယ်မြေဖြစ်လာမည်ဖြစ်သည်။

ထို့အတူ(၇)ကြိမ်မြောက် အာဆီယံ-တရုတ် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၈ ရက် ကဖွင့်လှစ်ခဲ့သည်။ အဆိုပါဖိုရမ်သည်   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး နောက်ပိုင်း ကြုံတွေ့ရသောစိန်ခေါ်မှုများနှင့်အခွင့်အလမ်းများအပေါ်မူတည်၍ အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့အကြား လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို အဓိကဆွေးနွေးခဲ့ကြသည်။ ကိုဗစ်ကြောင့်ဖြစ်ပေါ်နိုင်သည့်   ဆိုးကျိုးများကို ကျော်လွှားနိုင်ရေးအတွက် အာဆီယံဒေသပြန်လည်ထူထောင်နိုင်ရေးအတွက် ပြီးပြည့်စုံသော လုပ်ငန်းစဉ်များ ပါဝင်သည့် မူဘောင်တစ်ခု ရေးဆွဲပြီး (၃၇)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှ လက်ခံအတည်ပြုခဲ့ပြီးဖြစ်သည်။

အဆိုပါ မူဘောင်တွင် ပါဝင်ရေးဆွဲထားသော မဟာဗျူဟာ(၅)ရပ်အနက် အာဆီယံနိုင်ငံများအကြား ဈေးကွက်နှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို  တိုးမြှင့်ဆောင်ရွက်ရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာအသွင် ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်ဟူသည့်  မဟာဗျူဟာ(၂)ချက်ကို အထူးအရေးပေး ဆောင်ရွက်မည်ဖြစ်သည်။  တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အာဆီယံနိုင်ငံများ၏ အရေးကြီးသော ကုန်သွယ်မှု မိတ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွက်လည်း အရေးပါသည့်ကုန်သွယ်မှု မိတ်ဖက်နိုင်ငံဖြစ်သည်။ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအရ ဒေသတွင်းစားရေရိက္ခာ တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက် စေမည့်လုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများအကြား နီးကပ်စွာဆောင်ရွက်သွားရန် အရေးကြီးသည်။

(၇)ကြိမ်မြောက်   အာဆီယံ-တရုတ် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ်ဖွင့်ပွဲအပြီးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံလယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကော်မတီအစည်းအဝေး၌ နှစ်နိုင်ငံလယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ မျိုးစေ့နှင့်ဗီဇအရင်းအမြစ်များ အပြန်အလှန်ဖလှယ်နိုင်ရေး၊ စိုက်ပျိုးရေးသိပ္ပံဆိုင်ရာ သုတေသနစီမံကိန်းများ ပူးတွဲအကောင်အထည် ဖော်ဆောင်ရွက်ရေး၊ အပူပိုင်းဒေသသီးနှံဆိုင်ရာစံပြစိုက်ခင်းများထူထောင်ရေးတို့ကို အသေးစိတ်ဆွေးနွေး နိုင်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံဘက်မှ ဓာတ်ခွဲခန်းဆိုင်ရာကျွမ်းကျင်သူများအတွက် မွမ်းမံသင်တန်းများ၊ မြစ်ဝကျွန်းပေါ်ဒေသရှိ  ရေငန်တားတာနှင့် ရေထိန်းတံခါးများတည်ဆောက်ရေးအတွက် စူးစမ်းလေ့လာမှု လုပ်ငန်းများ၊ လယ်ယာသုံးစက်ကိရိယာပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်းများ၊ ရေငန်နှင့်ရေချိုငါးမျိုးစိတ်များ

မျိုးဗီဇမြှင့်မွေးမြူခြင်းဆိုင်ရာ နည်းပညာအထောက်အပံ့များရရှိရေး၊ ခေတ်သစ်ငါးမွေးမြူရေးဇုန် တည်ဆောက်ရေး၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများထိန်းချုပ်ခြင်းကို   South-South Cooperation (SSC)  အစီအစဉ်ဖြင့် တိုးမြှင့်ဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၌ပြောင်းချဉ်ဖတ်ကို  အမြောက်အမြား တိုးချဲ့ထုတ်လုပ်နိုင်ရေးအတွက် တရုတ်ကုမ္ပဏီများလာရောက်ရင်းနှီးမြှုပ်နှံရေးတို့ကို  အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ အကြိမ်(၂၀)မြောက် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနား၊  (၇)ကြိမ်မြောက်  အာဆီယံ-တရုတ်စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဖိုရမ်ဖွင့်ပွဲ အခမ်းအနားတို့မှတစ်ဆင့်  မြန်မာ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် နိုင်ငံများစွာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။    ။