ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိရန် အလေးထား လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် အခြားနိုင်ငံများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ဒုတိယအကြိမ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ(၂၀၂၃) (Lianyungang  ဖိုရမ်)ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိကျင်းပခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ စက်တင်ဘာ ၂၀ ရက်တွင် ညီလာခံဖွင့်ပွဲ အခမ်းအနားကျင်းပသည်။ ညီလာခံအားအပိုင်း ၄ ပိုင်းခွဲ၍ ကမ္ဘာ့လုံခြုံရေးအပေါ် ကြိုတင်ခန့်မှန်းခြင်း၊ ပြည်သူ့လုံခြုံရေးအတွက်ဘက်စုံထောင့်စုံမှ စုပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အစီအစဉ်များ တိုးမြှင့်ပြုလုပ်ခြင်း၊ လုံခြုံမှုရှိခြင်းကြောင့် ရရှိလာသည့်  ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများကို မျှဝေခံစားခြင်း စသည့်ခေါင်းစဉ် ၄ ရပ်ဖြင့်ကျင်းပခဲ့သည်။

အဆိုပါဒုတိယအကြိမ်  ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ (၂၀၂၃)( Lianyungang ဖိုရမ်)သို့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဗြိတိန်၊ ဆော်ဒီအာရေဗျ၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျီစတန်၊ တာဂျီကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ တူကီယဲ၊ ဘီလာရုစ်၊ အီရန်၊ မွန်ဂိုလီးယား၊ တောင်ကိုရီးယား၊ ဂျာမနီ၊ ပြင်သစ်၊ နီကာရာဂွာ၊ အာဂျင်တီးနား၊ ပနားမား၊ အီသီယိုးပီးယား၊ တောင်အာဖရိကနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ လန်ချန်း- မဲခေါင်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အပါအဝင်  ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းစုစုပေါင်း  ၅၀  ကျော်မှ တရားဥပဒေစိုးမိုးရေးဆိုင်ရာအရာရှိကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ(GSI)ပါ ကတိကဝတ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် အစဉ်တစိုက်လိုက်နာ ကျင့်သုံးခဲ့သော အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာရေးနှင့် ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက်မစွက်ဖက်ရေးတို့ပါဝင်သည့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့် လိုက်လျောညီထွေရှိသဖြင့် အဆိုပါကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို မြန်မာနိုင်ငံကထောက်ခံကြိုဆိုပါသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း  များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် Precursor Chemical များသည် မြန်မာနိုင်ငံတွင် ထုတ်လုပ်ထွက်ရှိခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံပြင်ပမှဝင်ရောက် လာကြခြင်း ဖြစ်သဖြင့် နိုင်ငံပေါင်းစုံမှ ပူးပေါင်းတားဆီးကြရန်လိုအပ်သည်။ မူးယစ်ဆေးဝါးထုတ်လုပ်သူများ၊ ပြည်တွင်း/ပြည်ပဂိုဏ်းအဖွဲ့များနှင့် ပူးပေါင်းကျူးလွန်သူများကို ဖမ်းဆီးနိုင်မှသာ မူးယစ်ဆေးဝါး အန္တရာယ်အမြစ်ပြတ်သည်အထိ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများအကြား၊ ဒေသတွင်း နိုင်ငံများအကြား သတ်မှတ်ဆက်သွယ်ရေးလမ်းကြောင်း များမှတစ်ဆင့် သတင်းအချက်အလက်များကို အချိန် နှင့်တစ်ပြေးညီဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ သို့မှသာ မူးယစ်ဆေးဝါးသည် ထုတ်လုပ်မှု၊ သုံးစွဲမှုလျော့နည်းပပျောက်မည်ဖြစ်သည်။

ဉာဏ်ရည်တုနည်းပညာနှင့် Chat GTP ကဲ့သို့ ဘာသာစကားဆိုင်ရာ နည်းပညာအသစ်များကို Online Scam Centre များတွင်အသုံးချနေကြသည်။ Online Scam နှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီများအကြား လေးလေးနက်နက်ပူးပေါင်း ဆောင်ရွက်ရန်နှင့် သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် မျှဝေဖလှယ်ရန် လိုအပ်သည်။ လူကုန်ကူးသည့်လမ်းကြောင်းများ၊ ငွေကြေးလွှဲပြောင်း လက်ခံမှုများ သို့မဟုတ် ပြစ်မှုကျူးလွန်ပုံကျူးလွန်နည်းများစသည့် သတင်းအချက်အလက်များ ဖလှယ်ခြင်းဖြင့် လူတစ်ဦးချင်းစီကို ခေါင်းပုံဖြတ်ခံရခြင်းမှ အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။

စီးပွားရေးနှင့်ငြိမ်းချမ်းရေးတက္ကသိုလ် (IEP)မှ ထုတ်ဝေသော ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှု ညွှန်းကိန်း အစီရင်ခံစာ(၂၀၂၃)အရ အကြမ်းဖက်အုပ်စုများသည်မောင်းသူမဲ့ယာဉ်များ(Drones)ကိုအသုံးပြု လာကြသည်ဟု ဖော်ပြပါရှိသည်။ အကြမ်းဖက်သမားများက Drone များ အသုံးပြုလာမှုသည် အနာဂတ်တွင်  စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။ ဒုစရိုက်သမားများနှင့် ဒုစရိုက်ဂိုဏ်းများ၏လက်တွင်းသို့ ီမသညန အပါအဝင် စွမ်းအားမြှင့်လက်နက်များ မရောက်ရှိစေရေးအတွက် ကမ္ဘာလုံးဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရမည်ဖြစ်သည်။ ယင်းသို့တိုးမြှင့်မှုကို နယ်စပ်ဒေသထိန်းချုပ်ရေး အစီအမံများ ခိုင်မာအားကောင်းစေခြင်းမှတစ်ဆင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။