ပြည်သူ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့

ပြည်သူ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ 

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်)

မြန်မာနိုင်ငံသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသော နိုင်ငံဖြစ် သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာတည်တံ့ရေးအတွက် ထိန်းသိမ်းဆောင်ရွက် လျက်ရှိသည်။ နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဒီမိုကရေစီစနစ် ခိုင်မာတည်တံ့ရေးတွင် ပါဝင်ဆောင်ရွက် နေရသည်။ ဒီမိုကရေစီခေတ်ရဲတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ကြရာ၌ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းအတွက် လူ့အခွင့်အရေးနှင့် နိုင်ငံသားအားလုံးဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေး ကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် တိုးတက်ပြောင်းလဲနေသည့် မျက်မှောက်ခေတ်ကာလတွင် ပြည်သူများ ဘဝအေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြစ်မှုကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားသော ပြစ်မှုများကို စုံစမ်းစစ်ဆေး ဖော်ထုတ်တရားစွဲဆိုရေး၊ စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး ဟူသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုပ်ငန်းတာဝန်ကြီး(၆)ရပ်ကို အလေးထားအောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ရဲတပ်ဖွဲ့ဝင်များသည် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူနှင့်အတူလက်တွဲပြီး ထိရောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်နေကြ ရခြင်းဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိနေရမည် ဖြစ်သည်။

လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့် အစဉ်အလာကောင်း(၁၂)ရပ်တွင်ပါရှိသည့်  “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော် တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်းလက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အချက်နှင့်အညီ တပ်မတော်နှင့်အတူလက်တွဲ၍ လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း အချိန်နှင့်တစ်ပြေးညီ ကူညီကယ် ဆယ်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်ပြည်သူ့အကျိုး ပြုလုပ်ငန်းများ ကိုလည်း စိတ်အားထက်သန်စွာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် တိုင်းပြည်အတွက် တစ်နည်းဆိုသော် ပြည်သူ့အတွက် ပြည်သူအတွင်းမှ မွေးဖွားလာသော သားသမီးများဖြင့် ဖွဲ့စည်းထားသောအဖွဲ့ဖြစ်သည်။ ပြည်သူ့အကျိုးသယ်ပိုးဆောင်ရွက်မည့် တပ်ဖွဲ့ဖြစ် ပေရာ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အသွင်သဏ္ဌာန်နှင့် အနှစ်သာရများ ပြောင်းလဲတိုးတက် လာပြီဖြစ်သည်။ ခေတ်မီနည်းပညာများတိုးတက်မှုနှင့်အတူ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်ကို လည်း မြင့်မားစေရန် လေ့ကျင့်ပြုစုပျိုး ထောင်ပေးလျက်ရှိသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာ စံနှုန်းနှင့်ကိုက်ညီသည့် အဖွဲ့အစည်းအဖြစ်သို့ အဆင့်မြှင့်တင်ပေးနေခြင်းမှာ ပြည်သူလူထု၏ လူမှုစီးပွားဘ၀ ပိုမိုတိုးတက်မြင့်မား အေးချမ်းရေးအတွက်ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ၂၁ ရာစုကာလတွင် အဓိကခြိမ်းခြောက်လာသည့် မူးယစ်ဆေးဝါး တရားမဝင် ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ အကြမ်းဖက်လူသတ်ဓားပြတိုက်မှုများ၊ လူကုန်ကူးမှုများ၊ သက်ငယ်မုဒိမ်းမှုများ၊ ယာဉ်မတော်တဆမှုများ၊ တရားမဝင်ကုန်သွယ်မှုများ အစရှိသည်တို့အား တားဆီး ကာကွယ်ဖော်ထုတ်လျက်ရှိသည်။ မှုခင်းများစွာမှာ နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်သည့်အတွက် ၂၀၀၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကုလသမဂ္ဂနိုင်ငံ ဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းနှင့် နောက်ဆက်တွဲ စာချုပ်များလက်မှတ်ရေးထိုးကာ အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင် ရောက်ထားသည့်အတိုင်း နိုင်ငံတကာနှင့် အနီးကပ်ချိတ်ဆက် ပူးပေါင်းဖော်ထုတ်လျက်ရှိသည်။

ဒီမိုကရေစီခေတ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းတိုက် ဖျက်သူများအဖြစ်သာမက လူ့အခွင့်အရေးကိုပါ ကာကွယ်စောင့်ရှောက်ပေးသူများ၊ နိုင်ငံသားများ အားလုံး ဘေးကင်းလုံခြုံငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် နေ့/ညမပြတ်စောင့်ရှောက်ပေးရသူများ၊  “ကူညီပါရစေ” ဆောင်ပုဒ်အတိုင်း ပြည်သူကိုကူညီရန် အမြဲအသင့်ဖြစ်နေကြသူများ ဖြစ်ကြသည်။ ဒီမိုကရေစီ ထွန်းကားရေးအတွက်ဆိုလျှင် တရားဥပဒေစိုးမိုးရေးသည် မရှိမဖြစ်လိုအပ်နေပြီ ဖြစ်သည်။

နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုတည်းကသာ ဆောင်ရွက် အောင်မြင်နိုင်မည့် ကိစ္စရပ်မဟုတ်ပေ။ ပြည်သူတစ်ရပ်လုံးကလည်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့ပတ်ဝန်းကျင်တွင် အကြမ်းဖက်အဖျက်သမားများရှိနေပါက မိမိတို့ ဘဝသည် လုံခြုံအေးချမ်းမည်မဟုတ်ပေ။ ထိုအခါ တစ်နည်းနည်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ သတင်းပေး ပို့ကြရမည်ဖြစ်သည်။ ပြည်သူမပါလျှင် တရားဥပဒေစိုးမိုးရေးကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူကိုကာကွယ်ရေး၊ ပြည်သူကိုကူညီရေး၊ ပြည်သူကိုစောင့်ရှောက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်ကို ဂုဏ်ပြုပါ ကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။  ။