ကိုယ်စီတာဝန်ရှိသည်ဟူသောအသိဖြင့်

ကိုယ်စီတာဝန်ရှိသည်ဟူသောအသိဖြင့်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်)

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒကို ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုများလျှော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ်  လျှော့ချနိုင်ရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ သုတေသနလုပ်ငန်းများတိုးမြှင့်ရေး၊ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရေးဟူသော ကဏ္ဍ(၅)ရပ်ချမှတ်ကာ အကောင် အထည်ဖော်လျက်ရှိသည်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကိုလည်း စနစ်တကျ စီမံချက်ချမှတ်၍ စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိသည်။

ဘိန်းစိုက်ပျိုးမှု ပပျောက်စေရေးအတွက် ဘိန်းစိုက်ပျိုးသည့်နေရာများတွင် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်း များကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ယခင်က ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုသည် အဓိက ပြဿနာရပ် တစ်ရပ်ဖြစ်ခဲ့သော်လည်း ယခုအခါ လူလုပ်မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုသည် ပိုမိုကြီးထွားကျယ်ပြန့်လာခဲ့သည်။ Happy Water အမည်ရှိ စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ရောစပ်သုံးစွဲမှု အခြေအနေများရှိနေကြောင်းကိုလည်း ဖမ်းဆီးရမိမှုဖြစ်စဉ်များအရ တွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို မည်သည့်နိုင်ငံ၊ အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိနေသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် နှစ်(၃၀)ပြည့်အခမ်းအနားနှင့် (၁၄)ကြိမ်မြောက်  မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည်။  အဆိုပါအစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး ဦးဆောင်သောမြန်မာကိုယ်စား လှယ်အဖွဲ့တက်ရောက်ခဲ့သည်။

တရုတ်-မြန်မာနှစ်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်း အချက်အလက်ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်နေမှု ပိုမိုမြှင့်တင်ရေး၊ ပရီကာဆာဓာတုပစ္စည်းများ နယ်စပ်ဒေသများမှ တရားမဝင် လမ်းလွဲဝင်ရောက်မှုမရှိစေရေး ပူးပေါင်းထိန်းချုပ်ရေး၊ အွန်လိုင်းအသုံးပြု လိမ်လည်သည့်မှုခင်းများ တိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နေမှုတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံကြီးငယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကမ္ဘာ့လူသားထုတစ်ရပ်လုံး နှင့်နိုင်ငံအသီးသီးကို ခြိမ်းခြောက်နေသည့် ပြဿနာဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၆၁ ခုနှစ် မူးယစ် ဆေးဝါးဆိုင်ရာကွန်ဗင်းရှင်း၊  ၁၉၇၁ ခုနှစ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ကွန်ဗင်းရှင်း၊ ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးဆိုင်ရာကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုး လိုက်နာဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့်အညီ နည်းဥပဒေများကိုလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။

ဘိန်းစိုက်ပျိုးသည့်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုဘဝ မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမြေ ဖော်ထုတ်ရေး၊ ရေနှင့်စွမ်းအင်ရရှိရေး၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက် ပေးခြင်းနှင့် သာသနာရေး အဆောက်အအုံများ တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးထားပြီး ဖြစ်သည်။ အလားတူ ဒေသနှင့်ကိုက်ညီသည့် တစ်နိုင်တစ်ပိုင် သားငါးမွေးမြူရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစားထိုးသီးနှံများစိုက်ပျိုးနိုင်စေရန် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေး ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

မူးယစ်ဆေးဝါး ပပျောက်ရေးဆောင်ရွက်ရာတွင် ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးကော်မတီ ကိုဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် ဓာတုပစ္စည်းများအပေါ် သိုလှောင်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှု၊ ဖြန့်ဖြူးမှုတို့ကို နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လမ်းလွဲသို့မရောက်အောင် ဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းစေရေးမှသည် လုံးဝပပျောက်ရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်းများကိုလည်း ရုပ်မြင်သံကြားတွင် သတင်း၊ တေးသီချင်းနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းများကို ဘာသာစကားမျိုးစုံဖြင့် ထုတ်လွှင့်ပေးလျက်ရှိသည်။ ထို့အတူ နေ့စဉ်ထုတ် သတင်းစာများတွင် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများဖြင့် ပညာပေးဖော်ပြလျက်ရှိသည်။ မူးယစ်ဆေးဝါးပြဿနာမှာ ကမ္ဘာ့လူသားအားလုံးနှင့် သက်ဆိုင်သည့် ပြဿနာဖြစ်သည့်အတွက် နိုင်ငံ အချင်းချင်းပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နေသကဲ့သို့ နိုင်ငံအတွင်းမူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်မှု၊ ထုတ်လုပ်မှုများပပျောက်ရေးကို လူတစ်ဦးတစ်ယောက်ချင်းစီက ကိုယ်စီတာဝန်ရှိသည် ဟူသောအသိဖြင့် ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။