စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ

စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်တင်ဘာလ ၂၉ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၃)တွင် အမှာစကား ပြောကြားရာ၌ “မိမိတို့နိုင်ငံ၌ အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ်ရန်နှင့် အလုပ်လုပ် နိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် လိုအပ်ချက်များရှိနေသည်ကို တွေ့ရှိရကြောင်း၊ အလုပ်လုပ်ရန် မည်သို့ပင်တိုက်တွန်းနေစေကာမူ အလုပ်လုပ်နိုင်ရန်ဖန်တီးပေးမှု၊ အားပေးကူညီပေးမှု မရှိပါက စွမ်းအားပြည့် အလုပ်လုပ်နိုင်မည်မဟုတ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အားပေးကူညီမှုများကို ဖော်ဆောင်ပေးနိုင်မှသာလျှင် အလုပ်ကို အင်ပြည့်အားပြည့်လုပ်နိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည့်အတွက် စီမံခန့်ခွဲသည့်သူများက စနစ်တကျဖြင့် စီမံခန့်ခွဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းတာဝန်ယူ ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း အစိုးရအဖွဲ့လုပ်ငန်းများ အောင်မြင်ရန် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အောင်မြင်မှုများ၊ တိုးတက်မှုများ အများအပြားရှိခဲ့သည်။ အောင်မြင်မှု ဆိုသည်မှာ လုပ်ဆောင်နိုင်စွမ်းအားအပေါ်တွင်သာ မူတည်သည်။ မြန်မာနိုင်ငံတွင် ပိုင်ဆိုင်ထားရှိပြီး ဖြစ်သည့် မြေပေါ်မြေအောက်သယံဇာတများ၊ သဘာဝအရင်းအမြစ်များ၊ လူသားအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲပြီး အကျိုးရှိစွာ အသုံးချနိုင်မည်ဆိုပါက အမှန်တကယ်အကျိုးရှိနိုင်မည်ဖြစ်သည်။

ကမ္ဘာတွင်ဖွံ့ဖြိုးမှု နောက်ကျသည့်နိုင်ငံ (LDC)နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကူညီထောက်ပံ့မှုများ ရရှိမည့် အခွင့်အရေးများရှိသော်လည်း မြန်မာနိုင်ငံအပေါ်တွင် နိုင်ငံရေးအကြောင်းပြချက်များဖြင့် ထောက်ပံ့ကူညီမှုများ ဖြတ်တောက်ခံရသည့် အခြေအနေဖြစ်သည်။ ထိုအခြေအနေ၌ ကိုယ့်အားကိုယ် ကိုး ရပ်တည်၍အောင်မြင်မှုရှိအောင် ဆောင်ရွက်ခဲ့ရသည်။ အိမ်နီးချင်းနိုင်ငံများ၏ ထောက်ပံ့ကူညီမှုကို သာရရှိခဲ့ပြီး ၎င်းအတွက် ကျေးဇူးတင်ရှိပါကြောင်း နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် မိမိတို့ခြေထောက်ပေါ်တွင် ရပ်တည်နိုင်ရေး အဓိကကြိုးစား အားထုတ်ရမည် ဖြစ်သည့်အတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုစွမ်းအားများကို မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်ရမည် ဖြစ်သည်။

လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဝန်ကြီးချုပ် များ၊ ဝန်ကြီးဌာနအလိုက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများကို တာဝန်များ ခွဲဝေခန့်အပ် ခဲ့ရာတွင် လုပ်ငန်းခွင်အလိုက် အတွေ့အကြုံရှိသူများ၊ လုပ်ငန်းကျွမ်းကျင်သူများ၊ တာဝန်ကို ကျေပွန် အောင်ထမ်းဆောင်နိုင်မည့်သူများကို စိစစ်ရွေးချယ်၍ တာဝန်ပေးထားခြင်းဖြစ်သည်။ ပိတ်ဆို့ နှောင့်ယှက်မှုမျိုးစုံကြားမှ တာဝန်ထမ်းဆောင်ရာတွင် ကာလတိုအတွင်း အောင်မြင်မှုများ၊ တိုးတက်မှု များရှိခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်ချမှတ်ထားရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့်စား၊ ရေ၊ ရိက္ခာဖူလုံရေးကို ချမှတ်ဆောင်ရွက်ထားရှိပြီး တိုင်းပြည်အတွင်းရှိ ပြည်သူပြည်သားအားလုံး မပူမပင်မကြောင့်မကြဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရမည်ဖြစ်သည်။ ၎င်းအချက် ၂ ချက်သည် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရမည့် နိုင်ငံတော်၏ မျှော်မှန်းချက်ဖြစ်သည်။ အဆိုပါမျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရေး ရှေ့လုပ်ငန်း စဉ်(၅)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး နောက်ဆုံးရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယခုအခါ မိုးစပါးနှင့်မိုးသီးနှံများ စိုက်ပျိုးပြီးဖြစ်သည်။ စိုက်ပျိုးခဲ့သည့် စပါးအပါအဝင် အခြားမိုးသီးနှံများအားလုံး ဖြစ်ထွန်းရှင်သန်အောင် ဆောင်ရွက်ရမည့်အပြင် ပန်းတိုင် ရည်မှန်းချက်များ ပြည့်မီစွာထွက်ရှိရေးကိုလည်း ကြိုးပမ်းကြရမည်ဖြစ်သည်။ ထို့အတူ မွေးမြူရေး လုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များကို MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေး အဓိကထားဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျေးလက်လူဦးရေ ၇၂ ရာခိုင်နှုန်းအနက် ၄၅ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေးကို တိုက်ရိုက် ဆောင်ရွက်နေကြသူများ ဖြစ်သည်။ အခြားကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးကို အခြေခံသည့် အခြားစီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်ကြသူများဖြစ်သည်။ ကမ္ဘာပေါ်တွင် Food Security အတွက် လိုအပ်ချက်များ ရှိနေသည်။ အဆိုပါစားနပ်ရိက္ခာလိုအပ်ချက်ကို စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံများကသာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် စွမ်းအားပြည့် စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်သည်။ ထို့အတူ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မွေးမြူမည်ဆိုပါက ပြည်တွင်း၌ အသား၊ ငါးနှင့်ဥများကိုဖူလုံစွာဖြင့် စားသုံးနိုင်မည်ဖြစ်သည်။ အနှစ်ချုပ် ဆိုရသော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

၃၀-၉-၂၀၂၃ မြဝတီသတင်းစာ