ငြိမ်းချမ်းရေးသည် တိုင်းရင်းသား ပြည်သူတို့၏ အရေး

ငြိမ်းချမ်းရေးသည် တိုင်းရင်းသား ပြည်သူတို့၏ အရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၄ ရက်)

    မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်ရှိသည်။ ထိုတိုင်းရင်းသား လူမျိုးများသည် လူမျိုးစုအလိုက် သီးသန့်နေထိုင်ကြခြင်းမျိုး မဟုတ်ဘဲ သင့်လျော်သည့် နေရာဒေသတွင် နေထိုင်ကြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား တိုင်းရင်းသား လူမျိုးအချို့၏ အမည်များပေးထားသော်လည်း ထိုဒေသများတွင် အဆိုပါတိုင်းရင်းသား လူမျိုးတစ်မျိုးတည်း   နေထိုင်သည်မျိုးမဟုတ်ပေ။

တိုင်းရင်းသားအားလုံး ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ ချစ်ချစ်ခင်ခင်ရောနှောနေထိုင်ကြခြင်းဖြစ်သည်။ ကိုယ့်မင်းကိုယ့်ချင်းနှင့် စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြသော မြန်မာနိုင်ငံသည် လွတ်လပ်ရေး ဆုံးရှုံးသွားသည့်အခါတွင်လည်း တိုင်းရင်းသားအားလုံးက ရရာလက်နက်စွဲကိုင်ကာ နယ်ချဲ့တို့ကို တိုက်ထုတ်ခဲ့ကြသည်မှာ သမိုင်းအထင်အရှား ရှိပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် မပျက်ယွင်းစေရေးအတွက် နိုင်ငံတော်၏ တာဝန်ကိုထိန်းသိမ်း စောင့်ရှောက်ခဲ့ရသည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့်   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်လျက်ရှိသည်။ ဖက်ဒရယ်စနစ် ကျင့်သုံးခြင်းနှင့် ပတ်သက်၍ လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ  ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို  ဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတကာတွင်လည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးလျက်ရှိသည့်နိုင်ငံများရှိသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျင့်သုံးမှုချင်းတူညီမှုမရှိပေ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၈ ရက်က ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အစည်းအဝေး(၄/၂၀၂၃) တွင် အမှာစကားပြောကြားရာ၌ “မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ၏အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အသက်ပေါင်းများစွာ ပေးဆပ်ပြီးမှသာ လွတ်လပ်ရေး ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်၏ ပကတိအခြေအနေကို တိုင်းရင်းသားပြည်သူများအားလုံး မှန်မှန်ကန်ကန် သိရှိရန်လိုပြီး ဒေသတစ်ခုချင်း၊ လူမျိုးတစ်မျိုးချင်းအကျိုးထက်  တိုင်းပြည်၏ အကျိုးကိုရှေးရှု၍ ဆောင်ရွက်ကြစေလိုကြောင်း၊ စစ်မှန်သည့်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်သွားကြရန် လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ NCA လက်မှတ်ရေးထိုးသည့် (၈)နှစ်မြောက်နေ့ဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပရန်ပြင်ဆင်ထားပြီးဖြစ်သည်။ တိုင်းရင်းသားခေါင်းဆောင် အားလုံးကို လက်လှမ်းမီသမျှ အကုန်ဖိတ်ကြားထားသည်။ ထို့ပြင် ပြည်ပနိုင်ငံများကိုလည်း နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် Personal စာတွေရေးပြီး ဖိတ်ကြားသည်။ တချို့ကလည်း တယ်လီဖုန်းဖြင့်၊ တချို့ကလည်း စာဖြင့်ရေးပြီး ဖိတ်ကြားထားသည်။ ပြည်ပနိုင်ငံတွေအနေဖြင့် တချို့ကလာနိုင်သည်။  တချို့ကတော့ အဓိကကျသည့် ကိုယ်စားလှယ်များ စေလွှတ်ပေးမည်ဟု ပြောထားသည်များရှိသည်။ ပြည်ပနိုင်ငံများအနေဖြင့်  ဤကဲ့သို့ သဘောထားရှိလျှင် တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် ပိုပြီးလိုလားသည့် စိတ်ရှိရမည်ဖြစ်သည်။

အထူးသဖြင့် NCA တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များအားလုံး တက်ကြရန် လိုအပ်ပေသည်။ လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း ငြိမ်းချမ်းရေးကို လိုချင်သည် ဆိုပါက အဆိုပါအခမ်းအနားသို့ တက်ရောက်ခြင်းဖြင့် ငြိမ်းချမ်းရေး လမ်းကြောင်းတွင် လျှောက်လှမ်းရန် လမ်းခင်းနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်နေသည့်  ငြိမ်းချမ်းရေး ဆောင်ရွက်နေမှုများကို ထဲထဲဝင်ဝင် သိနိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အားလုံးအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်သင့်သည်။

နိုင်ငံတော်အကြီးအကဲက အထက်ပါအစည်းအဝေး နိဂုံးချုပ် အမှာစကားတွင်  “အမုန်းတရားတွေ ဖြစ်နေပြီးတော့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိတယ်။ ကျွန်တော်တို့ကတော့ Moving forward ပဲ၊ ရှေ့ကိုသွားမှာပဲ၊ ရသလောက် ကျွန်တော်လုပ်သွားမှာပဲ။ ရအောင်လုပ်သွားမယ်။ အဲ့ဒီတော့ ဒီအပေါ်မှာ ကျွန်တော်တို့အားလုံး သံသယရှင်းရှင်း၊ အာဃာတကင်းကင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့  ကျွန်တော်တို့ မျှော်မှန်းချက်လမ်းကြောင်းကတော့ ရှောရှောရှူရှူ ရောက်မယ်ဆိုတာကို တွေ့ပါတယ်။ ဒါလေးတွေ ဝိုင်းဝန်း ဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုက်တွန်းလိုပါတယ်”ဟူ၍ ပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းညီအစ်ကိုများ အားလုံး ပြန်လည်သင့်မြတ်ရေး အတွက် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့ရာတွင် တန်းတူအခွင့်အရေးပေးပြီး အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ စာနာ ထောက်ထားမှုများနှင့် နိုင်ငံတော်၏အကျိုးကို သယ်ပိုးထမ်းဆောင်လိုစိတ်ဖြင့် စိတ်ရှည်သည်းခံစွာ ဆွေးနွေး ညှိနှိုင်းခဲ့သည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြခြင်းဖြစ်သည်။ အနှစ်ချုပ် ဆိုရသော် ငြိမ်းချမ်းရေးသည် တိုင်းရင်းသားပြည်သူတို့၏ အရေးဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။