လူသားကောင်းကျိုး သယ်ပိုးမြတ်ဆရာ

လူသားကောင်းကျိုး သယ်ပိုးမြတ်ဆရာ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်)

    ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်သည် ကမ္ဘာ့ဆရာများနေ့ဖြစ်သည်။ ဆရာဆိုသည်မှာ ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမ နည်းလမ်းပြသူဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ဆရာသည် စရိယဟူသော အကျင့်သီလ၊ သိက္ခာတို့၌ တပည့်များ၏ ရှေ့ဆောင်လမ်းပြဖြစ်သည်။ ဆရာသည် အတွေ့အကြုံ အတွေးအမြင်၊ နည်းနာနိဿယတို့ကို နှောင်းလူများအား  လက်ဆင့်ကမ်းပေးရမည်ဖြစ်သည်။ လူသားများ၏ ပညာရည် အဆင့်အတန်းမြင့်မားရေး၊ ငြိမ်းချမ်းစွာအတူ နေထိုင်ရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သော လမ်းညွှန်မှုပေးရာတွင် ဆရာသည် မရှိမဖြစ် လိုအပ်လာသည်။

ကန်တော်မင်းကျောင်းဆရာတော်၏ လောကသာရပျို့တွင် ဆရာ့ကျေးဇူးနှင့် ပတ်သက်၍” ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လလျက်၊ တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊  ခြိမ်းမောင်းသည်းခံ၊ဆရာထံ၌၊ သင်အံကျက်လေ့၊ တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသန့်ရှင်း ကြွယ်စေမင်း}} ဟူ၍ ရေးသားထားပါသည်။ အမျိုးမျိုးသော ထုံးဟောင်းနည်းနာတို့၌ ပညာရှိကိုမှီးလျက် ငယ်ရွယ်စဉ်အခါ  ကြိုးစားအားထုတ်လုံ့လပြု၍  ဆရာကောင်းထံ ကိုယ်ကိုနှိမ့်ချပုဆစ် တုပ်လျက် ကြောက်ချစ်ရိုသေစွာ လုပ်ကျွေးပြုစုစာပေ တတ်စေခြင်းအလို့ငှာ ချောင်းမြောင်းမှတ်သားရမည်။

ဆရာက ခြိမ်းမောင်းဆဲရေးသော်လည်း   သည်းညည်းခံလျက် ဆရာ့ထံသင်အံ လေ့ကျက်တစ်နေ့တခြားမှတ်သား၍ ဆရာ၏ကျေးဇူးဂုဏ်အထူးကို များစွာသိကြစေရန် ညွှန်းဆိုရေးသား ဆုံးမခြင်းဖြစ်သည်။

ဆရာကိုသုံးမျိုးခွဲခြားသိမြင်နိုင်သည်။ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးသော သင်ဆရာ(မုတာစရိယ)၊ လုပ်ကိုင်နေသည်ကိုမြင်တွေ့ရုံဖြင့် တတ်မြောက်ခြင်း ဖြစ်စေသော မြင်ဆရာ(ဒိဋ္ဌာစရိယ)၊ ပြောဆိုရွတ်ဖတ်နေသည်ကို ကြားရသဖြင့် တတ်မြောက်ခြင်းရှိစေသော ကြားဆရာ(သုတာစရိယ)တို့ပင်ဖြစ်သည်။ မည်သည့်ဆရာမဆို မိမိအားတစ်စုံတစ်ခုသော အတတ်ပညာ၊ အသိပညာကိုပေးခဲ့သော် မိမိ၏ကျေးဇူးရှင်သာဖြစ်သည်။

ထိုဆရာသုံးမျိုးအနက် သင်ဆရာသည် တပည့်တို့အား အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်အသိအလိမ္မာနှင့် စိတ်ဓာတ်ရေးရာ မြင့်မားအောင် သင်ကြားညွှန်ပြပေးသည့်အတွက် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ပင်ဖြစ်သည်။

ဆရာမပြနည်းမကျ၊ ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသော စကားရပ်များမှာ ဆရာ၏အရေးပါမှုကို ညွှန်းဆိုခြင်းဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုတွင် ဆရာတို့၏ အခန်းကဏ္ဍသည် လွန်စွာမြင့်မားစွာ တည်ရှိသည်။ ဆရာတို့ကို တင်စားဖွဲ့ဆိုရာတွင် ဆီမီးတိုင်နှင့်လည်းကောင်း၊ ဥယျာဉ်မှူးနှင့်လည်းကောင်း၊ ဓားသွေးကျောက်နှင့် လည်းကောင်းနှိုင်းဖွဲ့ကြသည်။ ဆီမီးတိုင်သည် လူသားအားလုံးကို မိမိကိုယ်တိုင် လောင်ကျွမ်းမှုခံကာ အလင်းရောင်ပေးသည်။ မိမိထံမှ မည်မျှပင် အလင်းရောင်ကူးယူပါစေ  မငြိုငြင်တတ်ပါ။ ထွန်းလင်းတောက်ပစေပါသည်။ မီးစာကုန်ဆီခန်းသည်အထိ အလင်းရောင်ပေးပါသည်။

ဥယျာဉ်မှူးသည်လည်း မိမိထွန်ယက် စိုက်ပျိုးပြုစုသော ပန်းဥယျာဉ်မှ ရောင်စုံဖြာ၍ ဖူးပွင့်ကြသောပန်းမျိုးစုံတို့၏ အလှအပကိုကြည်နူးနှစ်ခြိုက်စွာ ခံစားပါသည်။ ဝမ်းမြောက်ဝမ်းသာ ပီတိဖြာတတ်ကြသည်။

စိုက်ပျိုးသောပန်းတိုင်း ဖူးပွင့်စေချင်သည်။   ပွင့်သောပန်းတိုင်း   လှပမွှေးပျံ့သော ရနံ့များနှင့်ပြည့်စုံစေချင်သည်။ ထို့အတူ မိမိမွေးထုတ် သင်ကြားလိုက်သော တပည့်များ ကြီးပွားချမ်းသာသည်ကို ကြားသိမြင်တွေ့ရလျှင် ဆရာတို့မှာ ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ရသည်။ ဆရာတို့ကို ဓားသွေးကျောက်နှင့်ပမာ နှိုင်းဆိုသည်မှာလည်း ဆရာတို့၏အနစ်နာခံတတ်မှုကို ဖော်ညွှန်းလိုက်ခြင်းဖြစ်သည်။

မြတ်ဆရာဆိုသည်မှာ တပည့်များအပေါ် အသိပညာသက်သက်ကိုသာ ပေးသည်မဟုတ်ပေ။ အတတ်ပညာနှင့် အလိမ္မာတို့ကိုလည်း ပေးပါသည်။ အသက်မွေးဝမ်းကျောင်း ပညာရပ်တွင်လည်း သင့်လျော်မည့် အလုပ်ခွင်သို့ရောက်သည်အထိ သင်ကြားပြသပေးကြသည်။ ဆရာဟူသည် စေတနာ၊ ဝါသနာ၊ အနစ်နာဆိုသည့် နာသုံးနာနှင့်ပြည့်စုံညီညွတ်သည်သာမက တပည့်များအပေါ် ချစ်ခင်နှစ်သက် ကောင်းစားစေလိုသောမေတ္တာ၊ သနားကြင်နာတတ်သော ကရုဏာ၊ ဝမ်းမြောက်ဖွယ်ရာရှိက ဂုဏ်ယူဝမ်းမြောက်တတ်သော မုဒိတာနှင့်   အကျိုးရှိစေတတ်သော ဥပေက္ခာတို့နှင့်လည်း ပြည့်စုံညီညွတ်သည်။ ဆရာဆိုသည်မှာ ပညာရေးနယ်ပယ် တစ်ခုတည်းတွင်သာ ရှိနေသည်မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံတွင် ဆရာရှိနေစမြဲဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ပညာရေးကဏ္ဍကို အထူးအလေးထား လုပ်ဆောင်ပေးလျက်ရှိသည်။ ကမ္ဘာတွင် ၁၉၉၄ ခုနှစ်မှစတင်ကာ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားများကို ကျင်းပခဲ့ပြီးမြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ပညာရေးဝန်ကြီးဌာနက ကြီးမှူး၍ ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် ရန်ကုန်တက္ကသိုလ်  စိန်ရတုခန်းမ၌ နိုင်ငံတော်အဆင့် စတင်ကျင်းပခဲ့ရာ ယခုအခါတွင် ၂၂ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။   ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ကို “ပညာရေးကိုမြှင့်တင်ဖို့ ဆရာအင်အားဖြည့်ဆည်းစို့”    ဟုသတ်မှတ်ထားပါသည်။   အနှစ်ချုပ်ဆိုရသော်    နိုင်ငံအတွက်  ဆရာကောင်းများစွာ ပေါ်ထွန်းပြီး နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။