ငြိမ်းချမ်းမှုရရှိရေး၏ ခြေလှမ်းသစ်

ငြိမ်းချမ်းမှုရရှိရေး၏ ခြေလှမ်းသစ်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့ စက်တင်ဘာလ ၃၀ ရက်က လာရောက်တွေ့ဆုံ နှုတ်ဆက်သည်။ ထိုသတင်းသည် ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းမှုရရှိရေး၏ ခြေလှမ်းသစ်တစ်ခုကို စတင်ခြင်းဖြစ်သည်။ လူသားတိုင်းသည် မိမိတို့၏နေ့စဉ်လူမှုစီးပွား ဘဝများဖြတ်သန်းရာတွင် ငြိမ်းချမ်းသာယာစွာ ကိုးကွယ်ရာ ဘာသာဓလေ့ ထုံးစံများနှင့်အညီ နေထိုင်လိုကြသည်။

မြန်မာ့နိုင်ငံရေးတွင်နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပေါ်လာရခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကြောင့်  ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်ကို ထိန်းသိမ်းကာကွယ် ခဲ့ရခြင်းဖြစ်သည်။တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်၍ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနိုင်ရေးကို အမြဲဖိတ်ခေါ် လမ်းဖွင့်ထားပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “ကရင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များ၊ ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားပေးပါရန်” ဖိတ်ခေါ်ပါကြောင်း ဦးစွာပြောကြားခဲ့သည်။        

ကရင်ပြည်နယ်ရှိဒေသခံပြည်သူများ အနေဖြင့်လည်း အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင် စားသောက်လိုသည်ဟု သိရှိရသည်။ ဒေသတွင်းတည်ငြိမ် အေးချမ်းမှုရှိပါက  ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်မည် ဖြစ်ပြီး ဒေသတစ်ခုချင်းအလိုက် တည်ငြိမ်အေးချမ်းမှု ရှိခြင်းမှသည် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းလာပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။  NCA  လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုးအနေဖြင့် ကရင်ပြည်နယ်ရှိ ပြည်သူ၊ ပြည်သားများ၏ ငြိမ်းချမ်းရေးအတွက် တာဝန်ရှိနေဆဲပင်ဖြစ်သည်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များက “မိမိအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးစဉ်ကတည်းကပင် ယခုအချိန် အထိ ငြိမ်းချမ်းရေးရရှိရေးကိုသာ ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU)ကို ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ မှန်မှန်ကန်ကန် ရောက်ရှိလာစေရေး စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းပေးနေမှုအပေါ်တွင်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ NCA စာချုပ်ချုပ်ဆိုချိန်တွင်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ သံတမန်များ၊ပြည်တွင်းအသိသက်သေများ ရှေ့မှောက်၌  လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့် ခိုင်မာသည့်တရားဝင် စာချုပ်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ  တည်ငြိမ်မှုရှိစေရေး အတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်လျက်ရှိပေရာ တိုင်းရင်းသား လက်နက်ကိုင်အားလုံးက ပူးပေါင်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။